အသိအမြင်နိုးထလာခြင်းမှသည် ဖမေးနစ်လှုပ်ရှားမှုများဆီသို့

လှုပ်ရှားမှုဆိုတာဘာလဲ
Movement ကိုလှုပ်ရှားမှုလို့မြန်မာလို ဘာသာပြန်ကြမယ် ထင်ပါတယ်။ ဒီနေရာမှာ ပြောချင်တဲ့ လှုပ်ရှားမှုဆိုတာ နိုင်ငံရေး၊ လူမှုရေးစတဲ့လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လူသားချင်း တန်းတူသော လွတ်လပ်မှု၊ မတရားဖိနှိပ်မှုတွေကို ရပ်တန့်ဖို့ ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာဖို့စတဲ့ အပြောင်းအလဲတွေဖြစ်ဖြစ် ရှိရင်းစွဲအခြေအနေကို ထိန်းချင်လို့ပဲဖြစ်ဖြစ် ( ဥပမာ – ရေကာတာ ဆောက်တာကို ကန့်ကွက်တာမျိုး) စတဲ့ ရည်ရွယ်ချက်တူတဲ့လူတွေ စုပေါင်းပြီး ကန်ပိန်း လုပ်တာဖြစ်ဖြစ်၊ လမ်းပေါ်ထွက်ပြီး တောင်းဆိုတာပဲဖြစ်ဖြစ်၊ လူထုလက်မှတ်တွေ ရယူတာပဲ ဖြစ်ဖြစ် အချိန်တစ်ခုအတွင်းမှာ မိမိတို့ရည်ရွယ်ချက်ရောက်အောင် လုပ်ဆောင်ကြတာဖြစ် တယ်လို့ ဆိုလိုပါတယ်။ ဥပမာ အလုပ်ခွင်မှာ သန့်ရှင်းတဲ့ အခမဲ့သောက်ရေသန့်လို အခြေခံ လိုအပ်ချက်တွေကို စက်ရုံတွင်းလုပ်သားတွေ စုပေါင်းတောင်းဆိုတာကနေ တစ်နိုင်ငံလုံးက အလုပ်သမားတွေမှာ လုပ်ခလစာကို လူနဲ့တူအောင်ရရှိရေးအတွက် အစိုးရအပါအဝင် အလုပ်ရှင်တွေကို တောင်းဆိုတာမျိုးတွေကတော့ အုပ်စုတစ်စုရဲ့ ရှင်းလင်းတဲ့ပန်းတိုင်ရှိတဲ့ လှုပ်ရှားမှုပါ။ လှုပ်ရှားမှုမှာ နိုင်ငံရေးအသွင်ဆောင်လာရင် ဆောင်လာနိုင်သလိုမျိုး လမ်းပေါ် ထွက်တာကနေ လူထုလက်မှတ်ထိုးတာ၊ လူမှုမီဒီယာ အသုံးပြုတာကနေ အစိုးရနဲ့ တိုက်ရိုက် ညှိနှုင်းဆွေးနွေးတာအထိ စည်းရုံးလှုံ့ဆော်မှု စံအမျိုးမျိုးကို အသုံးပြုကြလေ့ရှိသည်။
အကြမ်းဖျင်းပြောရရင် လူထုလှုပ်ရှားမှုပုံစံတွေကို ရှိပြီးသားဘောင်ထဲမှာပဲ တိုးတက်မှု ရှိလာအောင် သို့မဟုတ် ရှိပြီးသားကတိကဝတ်တွေကို အကောင်အထည်ဖော်လာအောင် လှုပ်ရှားတဲ့ပြုပြင်ရေးကို ဦးတည်တဲ့ (reform movement) ရှိပြီးသားစံတွေ၊ တန်ဖိုးတွေ၊ အယူအဆတွေကို လုံးဝတော်လှန်ပြီး အသစ်နဲ့ အစားထိုးတည်ဆောက်ဖို့ ဦးတည်တဲ့ (revolutionary movement) ဆိုပြီး အမျိုးအစား ခွဲထားကြတာလည်းရှိပါတယ်။ ယေဘုယျ အားဖြင့်တော့ လူတစ်ယောက်ကနေစပြီး လူအများကြီးပါဝင်လှုပ်ရှား လာတာမျိုးလည်း ဖြစ်နိုင် သလို လူအများကြီး ပါဝင်လာဖို့ စနစ်တကျပြင်ဆင်ပြီးမှဖြစ်ပေါ်လာတာ မျိုးလည်း ရှိပါတယ်။ လူထုအားလုံးမပါဝင်ဘဲ လူတစုက ပြုပြင်ပြောင်းလဲချင်တာ၊ အလုံးစုံပြောင်းလဲပစ်ချင်တာမျိုးကို စုပေါင်းလှုပ်ရှားကြတာမျိုးလည်းရှိပါတယ်။ ဥပမာ လူတစ်ယောက်ကိုမတရားစီရင်ချက်ချတာကို သူနဲ့သက်ဆိုင်တဲ့လူတွေက ကန့်ကွက်တာမျိုးပါ။ ရှိရင်းစွဲတန်ဖိုးတွေ၊ ဓလေ့တွေကို ထိန်းသိမ်း ချင်တဲ့အခါမှာလည်း လှုပ်ရှားမှုတွေ ပြုလုပ်ပါတယ်။ (movement) ခေါ်လှုပ်ရှားမှုတွေကို သီအိုရီအမျိုးမျိုးနဲ့ ရှင်းပြထားတာတွေ အများကြီးရှိပါတယ်၊ လှုပ်ရှားမှုတိုင်းမှာ ရည်ရွယ်ချက် အမျိုးမျိုး၊ ပန်းတိုင်အမျိုးမျိုးရှိပြီး လူထုတစ်ရပ်လုံး ပါဝင်ထောက်ခံလာဖို့ဆိုရင် အချိန်ယူ စည်းရုံးဖို့လိုသလို လူများစုပါဝင်လာမှသာ အောင်မြင်တဲ့လှုပ်ရှားမှုဖြစ်လာဖို့ အလားအလာရှိ ပါတယ်။ တခါတလေ လူထုလှုပ်ရှားမှုကို သက်ဆိုင်ရာအစိုးရတွေက လျစ်လျူရှုထားတဲ့အခါ နိုင်ငံတကာ ထောက်ခံမှုတွေရယူပြီး အစိုးရနဲ့တိုက်ရိုက်ဆွေးနွေးတာမျိုးကိုလည်း နည်းဗျူဟာ ပြောင်းလဲရတာတွေ ရှိပါတယ်။ လေ့လာကြည့်ပါ။ ဒီဆောင်းပါးမှာ အဓိကဆွေးနွေးချင်တာက တော့ မဖေးနစ်တွေရဲ့ နိုင်ငံရေးနဲ့လူမှုရေးလှုပ်ရှားမှုတွေအကြောင်းဖြစ်ပါတယ်။ ဖမေးနစ် တွေရဲ့ လှုပ်ရှားမှုတွေမှာ လက်နက်ကိုင်ပြီးတိုက်ခဲ့တဲ့လှုပ်ရှားမှုဆိုတာ အင်မတန်ရှားပါတယ်။ အကြမ်းမဖက်တဲ့ ပုံစံမျိုးတွေနဲ့လှုပ်ရှားမှုတွေ ပြုလုပ်ကြတာများတယ်။
လူထုလှုပ်ရှားမှုတွေကို မိမိတို့ရဲ့ ရည်ရွယ်ချက်ကို ဖြန့်ဝေဖို့အတွက် လှုပ်ရှားမှုဖြစ်ပေါ် လာဖို့ စုစည်းတာမျိုး ပြုလုပ်နိုင်တယ်။ လှုပ်ရှားမှု ဖြစ်ပေါ်လာဖို့ လုပ်ဆောင်ခြင်းဆိုတာက လူထုအတွက် တွန်းအားပေးနိုင်တဲ့ ခေါင်းဆောင်တွေကနေပြီး လူထုတွေပါဝင်လာပြီး လှုပ်ရှား မှုတွေမှာ ပါဝင်ပူးပေါင်းလှုပ်ရှားဖို့ စည်းရုံးခြင်းလည်း ဖြစ်ပါတယ်။ ရေရည်လှုပ်ရှားမှု အတွက် ပါဝင်ပူးပေါင်းမယ့် လူထုကိုယ်တိုင်ကလှုပ်ရှားမှုဘာကြောင့် လုပ်ရတယ်။ ပန်းတိုင်က ဘာလဲ ဆိုတာကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်ပြီး ပန်းတိုင်ဆီရောက်ဖို့ ထိရောက်တဲ့ လုပ်ဆောင်မှုတွေအတွက် လိုအပ်တာတွေ ဖြည့်ဆည်းသင်ယူဆွေးနွေးကြတဲ့ ဖြစ်စဉ်ဟာလည်း လူထု လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာဖို့ လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ ဒီနေရာ မှာတော့ ကျမတို့ RF က ပြောပြောနေတဲ့ ဖမေးနစ် လှုပ်ရှားမှုတစ်ခုအကြောင်း ဆွေးနွေးမှာဖြစ်လို့ သမိုင်းထဲက မိန်းမကနေ စဆွေးနွေးပါမယ်။

သမိုင်းထဲက မိန်းမ
လူတွေ အစုအဖွဲ့နဲ့နေလာကြပြီး မြို့နိုင်ငံတွေစတည်ခဲ့တဲ့အနှစ် ၃၅၀၀ ဘီစီကနေ ဘီစီ၅၀၀- မက်ဆိုပိုတေးမီးယန်း၊ ဘီစီ ၂၅၀၀ ကနေ ၁၅၀၀ ဘီစီ အထိ (အိန္ဒိယ-) indus အင်ဒု၊ ဘီစီ ၂၀၀၀ ကနေ ၅၀၀ – ရှေးဟောင်းတရုတ်ပြည်၊ ဘီစီ ၇၅၃ ကနေ ဘီစီ ၂၇၊ နောက် အေဒီ ၆၄ ကနေ အေဒီ ၁၄၅၃ ရောမအင်ပိုင်ယာ စတဲ့ ခေတ်အဆက်ဆက်မှာ လူ့ယဉ်ကျေးမှု အဆင့်ဆင့်ပြောင်းလဲလာတယ်ဆိုပေမယ့် မိန်းမတွေနဲ့ကျွန်လို့သူတို့ သတ်မှတ်တဲ့လူတွေ အပေါ်ထားတဲ့ စနစ်ကတော့ ဖိနှိပ်တဲ့စနစ် ရှိနေပါသေးတယ်။ သူ့ခေတ် သူ့အခါကို မှားတယ်၊ မှန်တယ် မှတ်ချက်ပေးဖို့ထက် တို့တွေက လူသားချင်းတူတူဆိုတဲ့ ကိုယ်ကျင့်ယဉ်ကျေးမှု မထွန်းကားသေးဘူးလို့ပြောလို့တော့ရမယ်လို့ထင်ပါတယ်။ အဲဒီထဲက ဖြစ်ရပ်တစ်ခုကို ထောက်ပြရင် ဟိုင်ပေးရှားဆိုတဲ့ သချာၤနက္ခတ္တဗေဒနဲ့အတွေးအခေါ်ရှင် အမျိုးသမီးရဲ့ ဖြစ်ရပ် ကိုပြောချင်ပါတယ်။ သူဟာ ရောမခေတ် ဘီစီ ၃၅၀ နဲ့ ၃၇၀ ကြားလို့ ခန့်မှန်းရတဲ့ အချိန်မှာ မွေးဖွားပြီးအေဒီ ၄၁၅ မှာ ဘာသာရေးအစွန်းရောက်တွေက ဟိုင်ပေးရှာကို အပြစ်ပေးတဲ့ အနေနဲ့ သေဒဏ်စီရင်ခဲ့ကြတယ်၊ အဲဒီခေတ်က ဘာသာရေး အစွန်းရောက်တွေက မိန်းမတွေကို ပညာသင်ခွင့်မပေးပါဘူး။

ရနေးဆန့်ခေတ် (၁၃၃၀-၁၅၅၀)
အသိအမြင်သစ်တွေ ပေါ်ထွက်ထွန်းကားတဲ့ ခေတ်မှာတောင် အမျိုးသမီးတော်တော် များများ နိုင်ငံရေးအခွင့်အရေးတွေမရပါဘူး။ အမျိုးသားပိုင်ပစ္စည်းတွေဖြစ်နေတယ်။ အဲဒီခေတ် က ကမ္ဘာတလွှားမှာလက်ဆောင်ပဏ္ဍာ ဆက်သတာ၊ မင်းဘဏ္ဍာအဖြစ် မိန်းမတွေကို သိမ်းတာ၊ ဘုရင်က သူ့မိဖုရားငယ်ကို လက်အောက်ငယ်သားကို စွန့်ကြဲတာ၊ မိန်းမတွေကို အရာဝတ္ထု အဖြစ် ဆက်သခဲ့ကြတာတွေရှိတယ်။ အမွေဆက်ခံခွင့်မရဘူူး။ အိမ်ထဲမှာပဲ နေရတယ်၊ ကျောင်းတက်ခွင့် ပညာသင်ကြားခွင့် မရဘူး။ ခင်ပွန်းရဲ့ လုပ်ငန်းတွေမှာတော့ ကူရတယ်။

စက်မှုတော်လှန်ရေး
စက်မှုတော်လှန်ရေးခေတ်မှာ အမျိုးသားနိုင်ငံတွေ စတင်ပေါ်ပေါက်လာတယ်၊ ပြင်သစ်
တော်လှန်ရေး စတင်ပေါ်ပေါက်လာပြီး ကိုလိုနီပြုခြင်းတွေ စတင်လာပြီး မိမိတို့နိုင်ငံက သိမ်းထားတဲ့တိုင်းပြည်တွေကို စနစ်တကျ လက်အောက်ခံပြုတတ်လာတယ်။ မော်ဒန်ခေတ် ရောက်လာပြီး သိပ္ပံပညာထွန်းကားလာတာနဲ့အတူ ကမ္ဘာစစ်တွေ ဖြစ်လာတယ်။ စစ်ထွက် နေတဲ့ ယောက်ျားတွေရဲ့နေရာတွေမှာ မိန်းမတွေ တာဝန်ယူလာရတဲ့အခါ အသိအမြင်တွေပွင့် လာတယ်။ သူတို့ကို ထားတဲ့နေရာကို မြင်လာတယ်။ အမျိုးသမီးတွေရဲ့ အခွင့်အရေး လှုပ်ရှားမှုတွေဟာ အလုပ်သမားလူတန်းစား အမျိုးသမီးတွေဆီက ပေါက်ဖွားလာတယ်။
အရင်ကတော့ စီးပွားရေးကောင်းတဲ့ စက်မှုနိုင်ငံကလူတွေက စက်မှုမဖွံ့ဖြိုးတဲ့ လူတွေကို မယဉ်ကျေးဘူးလို့ သတ်မှတ်တာ။ ဒါပေမဲ့ လူ့အဖွဲ့အစည်းရယ်လို့ ပေါ်ပေါက်လာတဲ့ သမိုင်းတလျှောက် အမျိုးသမီးနဲ့အမျိုးသားဆိုပြီး အုပ်စုနှစ်စု ခွဲခြားတာတော့ရှိနေသေးတယ်။
ကာချာသော်လည်းကောင်းစီဗယ်လိုက်ဇေးရှင်း(civilization) သော်လည်းကောင်းဟာ သက်ဆိုင်ရာအဖြစ်အပျက်၊ အတွေ့အကြုံတွေကိုအရင်းခံပြီး ဖြစ်လာတယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ ဒါတွေကို မှတ်တမ်းတင်ထားတဲ့ အတွေ့အကြုံတွေ သမိုင်းတွေထဲမှာ မိန်းမမပါပါဘူး။ ငယ်ငယ်တုန်းက ကျောင်းသင်ခန်းစာ စာအုပ်ထဲမှာသင်ရတဲ့ သမိုင်းတွေဟာ ပြုစုသူတွေ ရွေးချယ်ထားတဲ့ သမိုင်းဖြစ်ပြီး အမျိုးသမီးတစ်ယောက်စ၊ နှစ်ယောက်စသာ ပါဝင်တယ်။ ဘယ်စီဗယ်လိုက်ဇ်ဇေးရှင်းနဲ့ ကာချာတွေက ဘယ်လိုပဲပြောင်းလဲလဲ ကျား၊ မ အုပ်စုမပြောင်း ဘူး။ စံနှုန်းတွေကလည်း နှစ်မျိုးဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ ယောက်ျားနဲ့ မိန်းမ သဘာဝမတူဘူးဆိုတဲ့ အယူအဆကြောင့်ပဲ။ အဲဒီအယူအဆက အဓိကရိုးရာ ယုံကြည်မှု (ဝါ) ကာချာကနေလာတယ်။ မတူတာက ခွဲခြားဆက်ဆံတဲ့ လုပ်ရပ်မလာသေးဘူး။ သားအိမ်ပါ တယ်၊ ကလေးမွေးရမယ်ဆိုပြီး ယောက်ျားကအားကြီးတယ်၊ မိန်းမက အားနည်း တယ်ဆိုတာကို အခြေပြုပြီး မိန်းမက အားနည်းတဲ့သတ္တဝါလို့သတ်မှတ်ပြီး စံတစ်ရပ်ပြုပြီး မိန်းမတွေ ဖယ်ထုတ်လိုက်တယ်။ ဒီအယူအဆက ဖခင် ကြီးစိုးတဲ့စနစ်၊ အထက်အောက် အခြေပြုစနစ်ကနေလာတယ်။ ဒါကို ပေထရီအာခီစနစ်လို့ခေါ်တယ်။ စောစောကပြောခဲ့တဲ့ စီဗယ်လိုက်ဇ်စေးရှင်းကာချာတစ်ခုလုံးကိုက ပေထရီအာခီဖြစ်နေတယ်။ ဒီဗူးဗွားတို့ ခေတ်ကနေ ဘဲဟွပ်ခ်တို့ခေတ်မှာ ဆန်းစစ်ဝေဖန် လာကြတယ်။ ဒါကိုလဲ အပိုင်း(၃)မှာ ပြန်ဆွေးနွေးမယ်။ အနှစ်ချုပ်ရရင် စီဗယ်လိုက်ဇ် ဇေးရှင်းကြီး တစ်ခုလုံးက ဘက်ညီမနေဘူး။

ဘာတွေဖြစ်လာလဲ
ထက်အောက်သွားနေတဲ့စနစ်တွေကနေ မမျှတတဲ့ လူမှုဆက်ဆံရေးနဲ့ ပါဝါခွဲဝေမှုတွေ ဖြစ်လာစေတယ်။ စစ်ပွဲတွေ၊ လိင်ခွဲခြားမှု လူတန်းစားခွဲခြားမှုနဲ့ လူမျိုးရေးခွဲခြားမှုတွေကလည်း ဒီစနစ်ကနေ မွေးဖွားလာတယ်။ ခွဲခြားဆက်ဆံမှုတွေဟာ ကျား၊ မဆိုတဲ့ လိင်နှစ်ခုပေါ်ခွဲခြား ပစ်လိုက်တယ်။ ယုံကြည်မှုစနစ်ကို တည်ဆောက်ပစ်တယ်။ ယုံကြည်မှုစနစ်ဆိုတာ ဥပမာ- ယောက်ျားက မွေးရာပါ မြင့်မြတ်တယ်။ မိန်းမက ယုတ်ညံ့တယ်ဆိုတာ (disciplinary power) ကို မိသားစုကနေ နိုင်ငံတော်အထိ ဥပဒေပြုပြီး (legalized/institutionalized) လုပ်ပြီး အမျိုးသမီးတွေကို ထိန်းချုပ်ထားတယ်။ ဥပမာ- အမျိုးသမီးများအတွက် မသင့်တော်တဲ့အလုပ် အကိုင်များတွင် အမျိုးသားများသာ ခန့်ထားရန်တို့၊ ကလေးကို မွေးစာရင်းလုပ်ရင် ဖခင်နာမည် ပဲ ပေးရတာတို့ စတာတွေပါ။ ကာချာကနေ ဆုပေးဒဏ်ပေးစနစ်ကျင့်သုံးပြီး တဆင့်လိုက်နာ စေတယ်။ လိုက်နာတဲ့လူဟာ မိန်းမကောင်းမိန်းမမြတ်အဖြစ် စံပြုခံရပြီး သတ်မှတ်ထားတဲ့ စံတွေကနေ သွေဖီတဲ့မိန်းမတွေကတော့ မိန်းမယုတ်သို့မဟုတ် မိန်းမပျက်သာသာ ပုံဖော် ဒဏ်ပေးခံရတယ်။ ဒါကလဲ မိန်းမကောင်း သို့မဟုတ် မိန်းမဆိုးဆိုတဲ့ မိန်းမအတွက် သတ်မှတ်ပြီးသား လူသားမဆန်တဲ့ စံတန်ဖိုးတွေ ရှိနေလို့ပါ။

အချုပ်အခြာပါဝါနဲ့ ကာချာပြုထားတဲ့အရာတွေ
ဥပမာ အမျိုးသမီးဆိုတာ အမျိုးသားရေးအမှတ်သရုပ် (National identity) ကိုပြတဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းရမယ့် တာဝန်ရှိသူတွေအဖြစ် သတ်မှတ်လိုက်တယ်။ ဘယ်လိုဝတ်၊ ဘယ်လိုနေ၊ ဘယ်သူနဲ့ယူ ဆိုတာပါ ပြဌာန်းလိုက်တယ်။ ဥပမာ- နိုင်ငံသားဖြစ်မှု ဥပဒေ စသဖြင့် မျိုးရိုးဆက်ခံတဲ့ဓလေ့ကနေ အုပ်ထိန်းသူနေရာမှာဖခင်နာမည်တို့၊ အိမ်ထောင်စု စာရင်း မှာဖခင်တို့၊ သားကြောဖြတ်တဲ့ကိစ္စမှာ ခင်ပွန်းလက်မှတ်ပါရတာ တို့ ဖြစ်လာတယ်။ မိန်းမ တွေဟာ ဖခင် မောင်ဘွားတွေရဲ့ အပိုင်ဆိုင်ခံအဖြစ်ကနေခင်ပွန်းရဲ့အပိုင်ဆိုင်ခံဖြစ်နေတုန်းပဲ။ ဖြားယောင်းသွေးဆောင်သူကို အုပ်ထိန်းသူ ယောက်ျားက တရားစွဲနိုင်တယ် ဆိုတာမျိုး ဖြစ်နေတုန်းပဲ။ မိန်းမတွေရဲ့တန်ဖိုး ဆိုတာဟာလည်း လွတ်လပ်တဲ့လူသားအဖြစ်ထက် ယောက်ျားတွေက တန်ဖိုးထားတဲ့ မိန်းမဆိုတာမျိုးနဲ့ မိန်းမတွေဟာ ယောက်ျားပဓာနပြုထားတဲ့ စံတွေကို ဆန်းစစ်ဖို့တောင် သတိမရပဲ လိုလိုချင်ချင် လိုက်နာလာကြတယ်။ အခြေခံ ဥပဒေထဲမှာ ပါတဲ့ ပုဒ်မ (၃၅၇) အမျိုးသားများနှင့်သာ သက်ဆိုင်သော အလုပ်အကိုင်များတွင် အမျိုးသားများသာ ခန့်ထားခြင်းကို မည်သည့် ဥပဒေကမှ အတားအဆီးမပြုရဆိုတာမျိုး၊ ကိုယ်ခန္ဓာကို သူတစ်ပါးကသာ ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ အယူအဆနဲ့ မျိုးဆက်ပွားဆိုင်ရာ ကိစ္စတွေကို ထိန်းချုပ်တာ၊ မြေယာပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာ (မြေယာပိုင်ဆိုင်ခွင့်ပုံစံ(၇)ကို အိမ်ထောင်ဦးစီးနာမည်နဲ့သာ မှတ်ပုံတင်လေ့ရှိပြီး အိမ်ထောင်ဦးစီးအများစုဟာ အမျိုးသား တွေပါ၊ ဒါကို အမျိုးသမီးတွေကိုယ်တိုင်က အစဉ်အလာတစ်ခုအဖြစ် ပုံမှန်ကိစ္စတစ်ခုအဖြစ် လက်ခံကြပါတယ်) နိုင်ငံရေးစနစ်တွေကနေ ဖယ်ထုတ်တာ၊ (ဒါကိုတော့ ဥပဒေပြုထားတာ မဟုတ်ဘဲ အမျိုးသမီးတစ်ယောက်နိုင်ငံရေးထဲကို ပါဝင်ချင်တယ်ဆိုရင် မိသားစုဆိုတဲ့ အသေးဆုံး အင်စတီကျူးရှင်းကနေ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးအထိ မြင်နိုင်တာရော၊ မမြင်နိုင် တာရော အတားအဆီးတွေရှိနေပါတယ်။)

အမျိုးသမီးများအပေါ်အကြမ်းဖက်မှု
ဂျန်ဒါပေါ်အခြေပြုပြီး အကြမ်းဖက်မှုတွေဖြစ်တယ်။ ကျား၊ မ နဲ့ ယောက်ျားပီသ၊ ယောက်ျားဆန်စတာတွေ၊ မိန်းမပီသ၊ မိန်းမဆန်တဲ့ စနစ်မျိုးပဲရှိတယ်ဆိုတဲ့ လူမှုထုံးစံတွေကို သဘာဝလုပ်ပစ်တယ်။ ကျားဆန်ခြင်းကို မြှင့်လိုက်တယ်။ စံပြုလိုက်တယ်။ ကျားကျားလျားလျား စသဖြင့် ယောက်ျားတွေကိုလည်း ကြမ်းကြမ်းရမ်းရမ်းဖြစ်ရမယ်၊ နေရာတကာ ဦးဆောင်ရမယ်၊ သဘောထား မြင့်မြတ်တယ်။ ပြတ်သားတယ် စသဖြင့် သတ်မှတ်ပြီးမိန်းမဖျက်ပြည်ပျက်၊ မိန်းမဆန်ရင် သဘောထားသေး၊ အတင်းပြော၊ ယုတ်ညံ့စသဖြင့် မိန်းမဆိုတာကိုတော့ နှိမ့်ချလိုက်ပါတယ်။ ဒါတွေဟာ ဂျန်ဒါပြုခြင်း သဘောတရား အခြေခံ ဖြစ်ပါတယ်။
ဒီဂျန်ဒါပြုခြင်း သဘောတွေကို အခြေပြုပြီး ဥပမာ – မုဒိန်းတွေမှာ မိန်းမတွေကိုပဲ အပြစ် ပုံချတာ (အဝတ်အစား၊ ညဖက်အပြင်ထွက် စသဖြင့်- ဒါပေမဲ့ မုဒိန်းကျူးလွန်သူဟာ ကလေး တွေအပါအဝင် သူတို့အတွက် အားနည်းတယ်လို့ ယူဆတဲ့ သူတွေကိုသာ ကျူးလွန် တာများတယ်)။ ဒါ့အပြင် ဒီလိုအကြမ်းဖက်မှုတွေအတွက် တရားစီရင်ရေးစနစ်တွေကြားနာတဲ့ နေရာတွေမှာ မလုံခြုံတာတွေ ရှိနေသေးတဲ့အတွက် အမှုအရေအတွက် နည်းနည်းသာ တရားရုံးရောက်တယ်။ စစ်ပွဲတွေမှာ မုဒိန်းကို လက်နက်အဖြစ်သုံးတာ၊ ကာကွယ်ပေးရင်လည်း မိန်းမတွေဟာ အားနည်းလို့ဆိုတဲ့အယူအဆနဲ့ ကာကွယ်ပေးနေပါတယ်။ ပဒေသရာဇ်ခေတ် ကဆို ဘုရင်တွေ မင်းညီမင်းသားတွေက မိန်းမအများကြီးယူပြီး သူတို့စိတ်မထင်ရင် သတ်ပစ် တာ၊ ပထမပိုင်းက ပြောခဲ့သလို လက်ဆောင်အနေနဲ့ ဖလှယ်တာ စတာတွေဟာ လူလူချင်း တန်းတူဆိုတဲ့ ကိုယ်ကျင့်တရား ယဉ်ကျေးမှု နိမ့်ကျစဉ်က လုပ်ခဲ့ကြပြီး ခုလည်းပုံစံတစ်မျိုးနဲ့ ရှိနေသေးတာကို ဖမေးနစ်တွေက ဦးဆောင်ပြီး၊ တရားမျှတတာကို ချစ်မြတ်နိုးတဲ့ လူတွေက မေးခွန်းထုတ်ပြီးပြောင်းလဲဖို့၊ တတ်နိုင်တဲ့လူတွေက တရားမျှတမှုရအောင် ကြိုးစားကြတဲ့ လှုပ်ရှားမှုတွေဖြစ်လာပါတယ်။ ဒါကို သမိုင်းကြောင်းနဲ့ရှင်းပြဖို့ကြိုးစားပါမယ်။

ဖမေးနစ်ဇင်
ဖမေးနစ်ဇင်ဆိုတဲ့အသုံးက မြန်မာပြည်မှာလည်း ခေတ်စားလာတယ်။ တချို့ ကောင်မလေးတွေကိုယ်တိုင်ဘဝမှာ သောက်မယ်၊ စားမယ်၊ ကြိုက်တာ လုပ်မယ် ဒါကိုဖမေးနစ် ဆိုတာမျိုး ပြောလာကြတယ်၊ ကိုယ်ဘယ်လိုနေမယ်ဆိုတာ ကိုယ်ပိုင် ရွေးချယ်မှုပဲ။ ဖမေးနစ် ဖြစ်တာမဖြစ်တာနဲ့ သိပ်တော့မဆိုင်ပါဘူး။ ကိုယ်ပိုင်ရွေးချယ်မှုကို မိန်းမတွေလုပ်ဖို့ ကန့်သတ် တားဆီးထားတဲ့ အရာတွေကိုပဲ ဘာကြောင့်လဲဆိုတာကို ဆွေးနွေးကြ၊ မေးခွန်းထုတ်ကြရမှာ ပါပဲ။ ဒီတော့ ဖမေးနစ်ဇင်ဆိုတာဘာလဲ။
ဘဲဟွပ်ဆိုတဲ့ ဆရာမကတော့ ဖမေးနစ်ဇင်ဆိုတာ လိင်ခွဲခြားတာကို အဆုံးသတ်ဖို့၊ လိင်ပေါ်အခြေခံအမြတ်ထုတ်တာ၊ ဖိနှိပ်တာကို အဆုံးသတ်ဖို့လှုပ်ရှားမှုတစ်ခုပဲလို့ ဆိုတယ်။ ဒီတော့ အပေါ်ကပြောတဲ့အချက်တွေကို ယောက်ကျား၊ မိန်းမ၊ ဂေး၊ လက်စဘီယံ၊ ကလေး၊ လူကြီး၊ ဘယ်သူက ပြုမူနေနေ၊ တွေးခေါ်နေနေ ကျင့်ကြံ နေနေပြဿနာရှိတယ် လို့ဆိုတယ်။ ဖမေးနစ်ဇင်ဆိုတာ ဆိုရှယ်သီအိုရီတစ်ခုပဲ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တန်းတူညီအောင် လုပ်တဲ့သီအိုရီတစ်ခုလို့လည်း တချို့က အဓိပ္ပာယ်ဖွင့်တယ်။ နောက်တစ်ခုက အမျိုးသမီး တန်းတူညီဖို့ ပြောနေတဲ့ဝါဒတစ်ခု။ ဒီလိုလည်း ပြောကြတယ်။ ကျမအနေနဲ့ဆို အပေါ်က bell hooks ပြောတာကို ပိုပြီး သဘောကျတယ်။ ဒါတွေကို ဆွေးနွေးရတာကတော့ ဖမေးနစ် လှုပ်ရှားမှုတွေ ဘာကြောင့် လုပ်တာလဲဆိုတဲ့ မြစ်ဖျားခံလာတဲ့ အကြောင်းတရားတွေကို ပြောလိုခြင်းကြောင့်ပါ။

ကမ္ဘာအရပ်ရပ်မှ အမျိုးသမီးလှုပ်ရှားမှုသမိုင်း
ဆိုတော့ဖမေးနစ်လှုပ်ရှားမှုသမိုင်းကို ကြည့်ရအောင်…
အပေါ်မှာပြောခဲ့တဲ့ ပေထရီအာခီဆိုတဲ့ စနစ်ကြီးကို အမျိုးသမီးတွေ စမြင်လာတယ်။ ဒီမတိုင်ခင်မှာ ၁၈ ရာစု လောက်မှာ အင်္ဂလန်က မေရီဝုစတုံးခရပ်ဆိုတဲ့ စာရေးဆရာမ၊ နိုင်ငံရေး ဖီလော်ဆိုဖာက အမျိုးသမီးတွေကို နှိပ်ကွပ်ထားတာကို စပြီးဝေဖန်တယ်။ “The vindication of the rights of women” ဆိုတဲ့စာအုပ်က ဖမေးနစ်ဇင်ရယ်လို့ သီအိုရီတစ်ခု ပညာရပ်တစ်ခု ဖြစ်လာဖို့ အတော်အရေးကြီးတယ်။ ၁၉ ရာစုမှာအင်္ဂလန်က လစ်ဘရယ်တွေးခေါ်ရှင် ဂျွန်စတူးဝပ်မေးလ်နဲ့ သူ့အမျိုးသမီး ဟဲရီယက်တို့က “The subjection of women” ဆိုပြီး အမျိုးသမီးတွေကို ဥပဒေတွေပြဌာန်းပြီး လက်အောက်ခံပြုထားတဲ့ အချက်တွေကို ထောက်ပြ ခဲ့တယ်။ မေးလ်က အမျိုးသမီးတွေရဲ့သဘာဝကိုက ဆိုးယုတ်တယ်ဆိုတဲ့ အတွေးအခေါ်ကို တိုက်ခိုက်ခဲ့တယ်။ သူကတော့အမျိုးသမီးတွေရဲ့ အခြေအနေကိုမြင်တဲ့ အစောပိုင်း ဖမေးနစ် အမျိုးသားထဲမှာပါတယ်။
၁၉၀၀ လောက် ရောက်လာတဲ့အခါ ဒီစာအုပ်တွေကိုဖတ်လာတဲ့ အမျိုးသမီးတွေနဲ့ အမျိုးသားတချို့ဟာ အမျိုးသမီးတွေမဲပေးခွင့်ကိုစပြီး တိုက်ပွဲဝင်လာကြတယ်။ အယ်မလိုင်း ပန့်ဟပ်ခ် (Emmeline Pankhurst) နဲ့ သူ့ခင်ပွန်း ရစ်ချတ်မားစ်ဆန်ပန့်ဟပ်ခ် (Richard Marsden Pankhurst)က ထင်ရှားတယ်။ ယူကေမှာ ၁၉၁၈ မှာမဲပေးခွင့်စရပြီး ၁၉၂၈မှာ ပထမဆုံးအနေနဲ့ မဲပေးခွင့် အပြည့်ရတယ်။ ယူအက်စ်မှာတော့ ၁၉၂၀ မှာ ၁၉ ကြိမ်မြောက် အခြေခံဥပဒေပြင်ဆင်ပြီးမှရတယ်။ ဂျာနယ်လစ် မာကရက်ဖူလာတို့ဖရစ်ဒရစ် ဒေါက်ကလပ်စ် တို့ဟာမဲပေးခွင့်ရရေးတို့ကို အထောက်အကူပေးခဲ့တယ်။ လွယ်လွယ်နဲ့တော့မဟုတ်ဘူး။ အနှစ်ခုနစ်ဆယ်လောက်ကြာတယ်။ နယူးဇီလန်မှာတော့ ၁၈၉၃ ကတည်းက အမျိုးသမီးတွေ ရွေးကောက်ပွဲတွေမှာ မဲပေးခွင့်ရနေပြီဆိုတော့ သူတို့က အစောဆုံးမဲပေးခွင့်ရသူတွေလို့ ပြောရမှာပဲ။
အမျိုးသမီးတွေဟာ မဲပေးခွင့်ရဖို့ လမ်းပေါ်မှာစီတန်းလှည့်လည်ခဲ့ကြတယ်။ အလုပ် သမားအမျိုးသမီးတွေပါ ပါဝင်လာအောင် စည်းရုံးနိုင်ခဲ့တယ်။ တထိုင်တည်းနဲ့ မဲပေးခွင့်ရတာ မဟုတ်ဘဲ နှစ်ကို ဆယ်စုနှစ်နဲ့ချီပြီးကြိုးစားခဲ့ကြရတာပါ။ ဒီလိုကြိုးစားတဲ့နေရာမှာလည်း အစိုးရအဖွဲ့တွေကို အထက်တန်းလွှာအမျိုးသမီးတွေက ချဉ်းကပ်စည်းရုံးတာမျိုးက အစောပိုင်း မှာမထိရောက်လှပဲ ပညာတတ်အမျိုးသမီးတွေအပါအဝင် အလွှာပေါင်းစုံက အမျိုးသမီးတွေ ကိုယ်တိုင် လမ်းပေါ်ထွက်ထောင်ကျခံပြီး အလုံးစုံပြောင်းလဲဖို့ကြိုးစားတဲ့ (revolutionary movement) ဆန်ခဲ့ရတာပါ။ သတင်းစာတွေက ရေးသားလာကြဖို့ အင်္ဂလန်က ဖမေးနစ် တစ်ယောက်ဟာ ဂျော့ဘုရင်မြင်းစီးပွဲမှာ မြင်းအောက်ကို ထိုးဆင်းသေပွဲဝင်ပြီး ဆန္ဒပြခဲ့ရာမှာ သတင်းစာတွေက စိတ်ဝင်စားပြီး ရေးသားခဲ့ကြရာမှ ယူအက်စ်၊ ယူကေ ဖမေးနစ်တွေ ပေါင်းမိ ကြပြီး လှုပ်ရှားမှုကို အရှိန်မြှင့်ခဲ့ကြရတယ်။ နောက်ဆုံးမှာ အထက်တန်းလွှာအမျိုးသမီးတွေကပါ ပူးပေါင်းလာပြီး မဲပေးခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ ပထမလှိုင်းမှာ အမျိုးသမီးအခွင့်အရေးပြောပေမဲ့ လူဖြူလူမည်းခွဲခြားတာတွေ လူမည်းအခွင့်အရေးပြောပေမယ့် အမျိုးသမီးအခွင့် အရေးကျ ချန်ထားချင်တာတွေရှိတုန်းပဲ။ အလုပ်သမားအမျိုးသမီးတွေရဲ့လှုပ်ရှားမှုကနေ မတ်လ (၈) ရက် နေ့ နိုင်ငံတကာအမျိုးသမီးနေ့လည်း ထွက်ပေါ်လာတယ်။ သိထားရမှာက အလုပ်သမားထုရဲ့ ပူးပေါင်းမှုဟာလည်း လှုပ်ရှားမှုရဲ့ ကျောရိုးသဖွယ် ဖြစ်ခဲ့တယ်ဆိုတာပါ။ ပထမလှိုင်းဟာ ကြမ်းတမ်းပါတယ်။ ဒါ့အပြင် ယောက်ျားတွေ နိုင်ငံရေးထဲပါဝင်နေတာတောင် မမျှတတဲ့ နိုင်ငံရေးစနစ်ကို မိန်းမတွေက ဘာလို့မဲပေးချင်တာလည်းဆိုပြီး မဲပေးခွင့်ကို မထောက်ခံခဲ့တဲ့ နာမည်ကြီးတဲ့ အမ်မာဂိုးမင်းဆိုတဲ့ ဖမေးနစ်တစ်ယောက်လဲရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကန်နိုင်ငံက ရီပတ်ပလစ်ကန်ပါတီက အမျိုးသမီးတွေ မဲပေးခွင့်ကို စတင်ထောက်ခံခဲ့ပြီး ဒါဟာ နိုင်ငံရေးအတွက် အသုံးချတာလို့လည်း ပြောခဲ့ကြလို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ပထမလှိုင်း ဖမေးနစ်လှုပ်ရှားမှုဟာ သမိုင်းမှာ စနစ်ကျတဲ့ ဖမေးနစ်လှုပ်ရှားမှုတစ်ခုအဖြစ် မှတ်တမ်းတင် ရမှာပါ။
ဒုတိယလှိုင်း
ဆီမွန်ဒီဗူးဗွားဟာလဲ ဒုတိယလှိုင်းအတွက် အင်မတန်ထင်ရှားတဲ့ ပြင်သစ်က တွေးခေါ်ရှင်တစ်ယောက်ပဲ။ သူရဲ့ Second Sex ဆိုတဲ့ စာအုပ်ဟာ ခုထိ လွှမ်းမိုးမှုရှိတယ်။ သူ့ရဲ့ “ဒုတိယလိင်”စာအုပ်ဟာ မိန်းမဆိုတဲ့ဂျန်ဒါကို လူမှုထုံးပြုတဲ့ အချက်တွေကို သေချာ ဆန်းစစ်ပြထားပြီး ဒုတိယလိင်စာအုပ်ဟာ လူသားသမိုင်းမှာ ပထမဆုံးအနေနဲ့ မိန်းမတွေအမြင် နဲ့ ရင်ဆိုင်ပြထားတာလို့တောင်ပြောကြပါတယ်။ သူက အမျိုးသမီးတွေဟာ သဘာဝအားဖြင့် အားနည်းတယ်ဆိုတဲ့ အယူအဆကိုငြင်းတယ်။ သူက မိန်းမတွေဟာ သဘာဝကြောင့်မဟုတ်ဘဲ အသင်ခံရတာ လူမှုပုံသွင်းခံရတာလို့ဆိုတယ်။ second sex ထဲမှာတော့ Mistifiaction of women နဲ့မိန်းမတွေကို the othering (ဖယ်ထုတ်ထားတာလို့ဆိုတယ်)။ ခုပြောပြောနေကြတဲ့ sex နဲ့ gender မတူဘူးဆိုတာ second sex စာအုပ်ထဲက မြစ်ဖျားခံတယ်လို့တောင် ပြောလို့ရမယ်ထင်တယ်။ သူကအမျိုးသမီးတွေဟာ တကိုယ်တော်လွတ်မြောက်လို့ရပေမဲ့ တစ်ကိုယ်တော်လွတ်မြောက်တယ်ဆိုတာက လွတ်မြောက်မှုအစစ် မဟုတ်သေးဘူးလို့ ထောက်ပြတယ်။ တစ်ယောက်တည်းလွတ်မြောက်တယ်ဆိုတာက ကိုယ်နေရတဲ့စနစ်ကြီးရဲ့ ဖိနှိပ်မှုအောက်မှာ မဖြစ်နိုင်ဘူးလို့ သူကယူဆပါတယ်။ သူက သမိုင်းတလျှောက်လုံးကလာတဲ့ ပေထရီအာခီစနစ်ကြီးက အတားအဆီးပဲ။ အလုပ်သမားတွေစတဲ့ လူတန်းစားပေါင်းစုံနဲ့ တူတူလက်တွဲ အလုပ်လုပ်ရမယ်လို့ဆိုတယ်။ ဆိုလိုတာက အမျိုးသမီးအရေးသည်လည်း နိုင်ငံရေးပဲ။ နိုင်ငံရေးအရလှုပ်ရှားမှ ပေထရီအာခီဆိုတဲ့ ဖိနှိပ်ထားတဲ့စနစ်ကြီးကို အဆုံးသတ် နိုင်မှာလို့ သူကပြောတာ။ သူရဲ့အတွေးအခေါ်တွေဟာ ဒုတိယလှိုင်းလှုပ်ရှားမှုဖြစ်လာဖို့ အများကြီးလွှမ်းမိုးနိုင်တယ်။ ဒုတိယလှိုင်းကတော့ အစပိုင်းမှာပြောခဲ့သလို ကမ္ဘာစစ်တွေ ဖြစ်လာတဲ့အခါ ယောက်ျားတွေက စစ်တိုက်ကြတယ်။ အဲဒီမှာ အနောက်တိုင်းက အိမ်တွင်းမှာ နေနေရတဲ့ အမျိုးသမီးတွေက ယောက်ျားတွေလုပ်တဲ့ အလုပ်ခွင်ထဲ ဝင်လာကြရတယ်။ သင်္ဘောကျင်းတို့ လက်နက်စက်ရုံတို့မှာ အလုပ်လုပ်ကြတယ်။ တချို့တွေက စစ်သူနာပြုတွေ၊ စစ်သတင်းထောက်တွေ၊ အော်ပရေတာစသဖြင့် အမျိုးသမီးတွေ အိမ်ပြင်ထွက်လာကြတယ်။ ဒါပေမဲ့ စစ်ပြီးတဲ့အခါမှာ အမျိုးသမီးတွေ အလုပ်ပြုတ်တယ်။ ဒါပေမဲ့သမီးတွေဟာ အမြင်ကျယ် လာပြီ။ ၁၉၆၀ မှာ ယူအက်စ်ကနေစပြီး စစ်ဆန့်ကျင်ရေး၊ လူမျိုးရေး ခွဲခြားတာကို ဆန့်ကျင်ရေး နဲ့ နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှုကို အခြေခံပြီး အမျိုးသမီးလှုပ်ရှားမှု ဒုတိယလှိုင်း ပေါ်လာတယ်။ ဘက်တီဖရိုင်းဒန်တို့၊ ဂလိုရီယာစတိုင်း တို့က နာမည်ကြီးတယ်။ လုပ်ခလစာ တန်းတူရရေး၊ မျိုးဆက်ပွားကိစ္စတွေမှာ အမျိုးသမီးတွေ ထိန်းချုပ်ခံနေရတာ လွတ်မြောက်ရေး၊ အမျိုးသမီးတွေ အပြင်မှာထွက် အလုပ်လုပ်ရရေးတွေနဲ့ပတ်သက်ပြီးလှုပ်ရှားတယ်။ ဒုတိယလှိုင်း ရဲ့ထင်ရှားတဲ့ကြွေးကြော်သံကတော့ ပုဂ္ဂလိကအရေးသည် နိုင်ငံရေးဖြစ်သည် ဆိုတာပါပဲ။ ဆိုလိုတာက အမျိုးသမီးတွေ တွေ့ကြုံနေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ၊ အကြမ်း ဖက်ခံရမှု၊ အိမ်ရှင်မအလုပ်ကို လူရာမသွင်းမှုတွေဟာ တစ်ဦးချင်း ကိစ္စမဟုတ်ဘဲ နိုင်ငံရေးစနစ်တွေ ကာချာတွေကသာ ပြုလုပ်ထားတဲ့အတွက် နိုင်ငံရေးအရာသွင်းပြီး ဥပဒေပြုတဲ့၊ ဖျက်သိမ်းတဲ့၊ ပြင်ဆင်တဲ့အထိ လုပ်ပေးရမယ် ဆိုတာဖြစ်ပါတယ်။

တတိယလှိုင်း
၁၉၈၀-၉၀ ခုနှစ်မှာ တတိယလှိုင်းစတယ်။ ပိုပြီးအရောင်အသွေးစုံတဲ့ ဖမေးနစ်တွေ ပညာရပ်အဖြစ်စနစ်ကျလာတဲ့ဖမေးနစ်ဇင်ဖြစ်လာတယ်။ အရင်ရှေ့က ဖမေးနစ်လှုပ်ရှားမှုမှာ လူမည်းနဲ့အာရှအမျိုးသမီးတွေ လက်စဘီယံတွေရဲ့ ရှုထောင့်တွေမပါဘူး။ လူဖြူဖမေးနစ်တွေရဲ့ အတွေ့အကြုံအမြင်ကိုပဲ ယေဘုယျပြထားတယ်လို့မြင်လာကြတယ်။ စာပေတို့သမိုင်းတို့ စတာတွေမှာ အမျိုးသမီးတွေရဲ့ အမြင်ရှုထောင့် အတွေ့အကြုံတွေမပါနေတာကို ထောက်ပြ လာကြတယ်။ ဗာဂျီးနီးယားဝုဖ်ရဲ့ ကိုယ်ပိုင်အခန်း A room of one own ကို ပြန်လေ့လာဖတ်ရှုလာကြတယ်။ “Ain’t I a Woman” Sojourner Truth ရဲ့ ကျွန်ပြုခံရတဲ့ လူမည်းအမျိုးသမီးရဲ့မိန့်ခွန်းကို ပြန်ဖော်ထုတ်လာတယ်။ မီရှယ်ဖူကိုးရဲ့ပါဝါအယူအဆကို ဖမေးနစ်တွေယူသုံးပြီး ဆန်းစစ်သုံးသပ်လာကြတယ်။ ဂိုင်နိုခရစ်တစ်ဇင်တို့လို ဖမေးနစ်စာပေ ဝေဖန်ရေး သီအိုရီတွေ ပေါ်လာတယ်။ ဘာသာစကားမှာ ဖမေးနစ်တွေရဲ့ ဘာသာစကား ဖလော် ဆိုဖီတွေနဲ့ feminist philosophy of language တွေပေါ်လာတယ်။ ဘာသာစကား တွေရဲ့ လိင်ခွဲခြားမှုတွေ ဖြစ်နေတာရဲ့ သက်ရောက်မှုတွေကို ဆန်းစစ်လာတယ်။ ပြင်သစ်က ဆိုက်ကို အနာလက်တစ် (စိတ်ပညာလေ့လာဆန်းစစ်သူ) ယူလီယာခရစ် တီဗာတို့ဖူးကိုးကို ကျွမ်းကျင်တဲ့ ဂျူးဒစ်ဘတ်တလာတို့က ထင်ရှားတယ်။ကတ်သရင်းမာကီနွန်တို့လို မာ့စ်ဝါဒကို ကိုင်ပြီး အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာနှိပ်ကွပ်ခံနေရတာကို ဥပဒေရှုထောင့်ကပါရှင်းပြတဲ့ ဟားဗတ်က ဥပဒေပညာရှင်တွေပေါ်လာပြီး ဖမေးနစ်ဥပဒေရှုထောင့်ကနေ လက်ရှိတရားစီရင် ရေးစနစ် နိုင်ငံတကာဥပဒေတွေကို ဖမေးနစ်အမြင်နဲ့ ဆန်းစစ်ပြတယ်။
နောက် ကိုလိုနီအပြုခံရတဲ့ အိန္ဒိယလို တိုင်းပြည်တွေက စာပေသီအုရီတစ်ခု ဖြစ်တဲ့ စာကြောင်းတွေနဲ့ဆိုလိုရင်း အနက်တွေကို ပြန်လည်ခွဲထုတ်ရှင်းပြတဲ့ deconstruction the relationship between text and meaning တွေ ပေါ်ပေါက်လာတယ်။ ဒဲရီဒါ ကျွမ်းကျင်တဲ့ ပို့စ်ကိုလိုနီရယ် ဖီမေးနစ်ဇင်စပီးအက်တို့လဲ ပေါ်ပေါက်လာတယ်။ ၁၉၉၀ မှာ ဂျူးဒစ် ဘတ်တလာဟာ (gender trouble) ဆိုတဲ့စာအုပ်ထုတ်တယ်။ အဲဒီမှာ ဘတ်တလာက ဂျန်ဒါဆိုတာ ကျနော်ကျမတို့မှာရှိနေတဲ့ အရာတစ်ခုမဟုတ်ဘူး ကျနော်ကျမတို့ လုပ်နေတဲ့အရာ ပဲဖြစ်တယ်လို့ ဆင်ခြင်ပြတယ်။ ကျနော်တို့ကျမတို့ ယောက်ျား၊ မိန်းမ ဖြစ်နေတာဟာ ကျနော်တို့ကျမတို့ ဖြစ်နေတာမဟုတ်ဘူး။ ကျနော်တို့၊ ကျမတို့ လုပ်နေတဲ့အပြုအမူ၊ လုပ်ရပ် တွေလို့ဆိုပြီး ဂျန်ဒါအယူအဆကို လမ်းကြောင်းသစ်ဖွင့်ပေးပါတယ်။ နောက်လူမည်းအမျိုးသမီး ဝါဒရယ်လို့ စနစ်တကျဖြစ်လာအောင် ပက်တရီရှာ၊ ဟေးကောလင်း၊ ဘဲဟွတ်ခ်၊ အင်တာဆက်ရှင်နယ်လတီ “Intersectionality” နဲ့ နာမည်ကြီးတဲ့ ကင်ဘာလီခရမ်းရှော တို့တွေက ဂျန်ဒါတစ်ခုတည်း အာရုံစိုက်လို့မရဘဲ လူမှုအဆင့်အတန်း၊ လူမျိုးရေးနောက်ခံနဲ့ လိင်စိတ်ခံယူမှု၊ ကိုယ်ခန္ဓာသန်စွမ်းမှုတွေပေါ်မူတည်ပြီး မတူသလိုအတွေ့အကြုံတွေ ဖိနှိပ်ခံ ရတဲ့ပုံစံ ဖယ်ထုတ်ခံရတဲ့ပုံစံတွေ မတူကြဘူးလို့ ယူဆလာကြတယ်။ ယောက်ျား၊ မိန်းမ ဆိုတာထက် စနစ်ကိုထောက်ပြဖို့ အားသန်လာကြတယ်။ ဒါတတိယလှိုင်း လှုပ်ရှားမှုတွေဟာ ပညာရပ် ဘောင်အတွင်းလည်းရောက်လာတယ်။ “Black lives matter” လို လူမည်းတွေ ခွဲခြားခံရတဲ့ ကိစ္စတွေ၊ လိင်တိမ်းညွတ်မှုကွဲပြားသူတွေ ( LGBT ) တွေ အခွင့်အရေး အတွက် လှုပ်ရှားမှုတွေ၊ နောက်ပိုင်း “me too” ကန်ပိန်းလိုအမျိုးသမီးတွေ လိင်ပိုင်း ဆိုင်ရာ နှောက်ယှက်ခံရတဲ့အတွေ့အကြုံတွေကို ဖော်ထုတ်ပြီး ဥပဒေအရ အရေးယူဖို့အထိ ရည်ရွယ်တဲ့ လှုပ်ရှားမှုပုံစံတွေဟာ အစ်ရှူးကိုပဲ အဓိကထားတဲ့ ပုံစံတွေဖြစ်လာတယ်။ မဖေးနစ်တွေ ဦးဆောင်တဲ့ လိုက်ဘေးရီးယားစစ်ရပ်တန့်ရေး လှုပ်ရှားမှုမျိုးတွေ၊ ဘော့စနီးယားဟာဆီဂိုဗီးနား က ဖမေးနစ်တွေဦးဆောင်တဲ့ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုမျိုးတွေ သိပ်မတွေ့ရတော့ပါဘူး။ အာရှ၊ အာဖရိကနဲ့ တောင်အမေရိက က ဌာနေတိုင်းရင်းသူအမျိုးသမီးတွေရဲ့ အခြေခံအသက်ရှင် လုံခြုံရေးအတွက် လှုပ်ရှားမှုတွေ၊ အခြေခံအုတ်မြစ် လူတန်းစားတွေဖြစ်တဲ့ အလုပ်သမား၊ လယ်သမားတွေရဲ့ အခြေခံအခွင့်အရေးတွေ လယ်မြေသိမ်းခံရတဲ့ကိစ္စတွေဟာ ကမ္ဘာ့နိုင်ငံရေး တွေရဲ့ မျက်နှာလိုက်မှုတွေနဲ့ ဈေးကွက်စီးပွားရေးအလိုအရ အကျိုးအမြတ်မရှိတဲ့အတွက် မှိန်ဖျော့နေရပါတယ်။ ဒါကြောင့် အားလုံးပါဝင်တဲ့ လှုပ်ရှားမှုတစ်ခုဖြစ်လာဖို့ စုပေါင်းပြီး နည်းဗျူဟာရှာသင့်တဲ့အကြောင်းကို ဆက်ဆွေးနွေးပါမယ်။

အာရှဖမေးနစ်လှုပ်ရှားမှု – ကိုရီးယား
ကိုရီးယား ဖမေးနစ်လှုပ်ရှားမှုဟာလည်း အလုပ်သမားလှုပ်ရှားမှုကို အခြေပြုပါတယ်။ ၁၉၇၀ တဝိုက်မှာ ကိုရီးယားတက္ကသိုလ် ဖြစ်တဲ့အီဝါတက္ကသိုလ်မှာ ဖမေးနစ်ဘာသာရပ်တွေကို သင်ကြားနေတဲ့အထိအောင် လှုပ်ရှားမှုကို ပညာရပ်နဲ့လွတ်မသွားအောင် ချိတ်ဆက်နိုင်ခဲ့ ပါတယ်။ ကိုရီးယားဖမေးနစ်တွေဟာ လူတန်းစားမကွဲပြားဘဲ တသားတည်းရှိကြပြီး အခြေခံ အုတ်မြစ်အခွင့်အရေးတွေနဲ့ လူသားလွတ်မြောက်ရေးလှုပ်ရှားမှုတွေဟာ ဘက်ညီတာက ထူးခြားပြီး မြန်မာပြည်ကဖမေးနစ်တွေ လေ့လာဖို့သင်တဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ ပြီးတော့ ဖမေးနစ်လို့ခံယူထားရင် ပုဂ္ဂလိကကိစ္စကနေ စနစ်တွေအထိ မြင်ဖို့ဝေဖန်ဖို့ လှုပ်ရှားဖို့ တာဝန်ရှိပါတယ်။

လူထုလှုရှားမှုအဆင့်တွေ
လူထုလှုရှားမှုတစ်ခု ဖန်တီးပြီးပြီဆိုကတည်းက အချိန်နှစ်ခု သို့မဟုတ် အဆင့်နှစ်ဆင့်
ရှိတယ်ဆိုပါတယ်။ ပထမအဆင့်ကတော့ လူထုကိုယ်တိုင်ပါဝင်ဦးဆောင်လှုပ်ရှားတဲ့ လှုပ်ရှားမှု ရဲ့ပန်းတိုင်နဲ့ နောက်ကွယ်ကသဘောကို သေချာစိတ်ဝင်တစားရှိဖို့လိုပါတယ်။ ဥပမာ ဘာကြောင့် ဒီလူထုလှုပ်ရှားမှုကို လုပ်ရတာလဲ ပန်းတိုင်က ဒီလိုလူထုလှုပ်ရှားမှု လုပ်ရတာနဲ့ ဆက်စပ်မှုရှိရဲ့လား စသည်တို့ဖြစ်တယ်။ ဒုတိယက လှုပ်ရှားမှုက စတင်အောင်မြင်လာပြီး လူသိ လာတဲ့ အချိန်မှာပဲဖြစ်တယ်။ ဒီအချိန်မှာ ကိုယ်တို့လှုပ်ရှားမှုက ခေတ်စားလာပြီး လူတော်တော် များများလှုပ်ရှားမှုမှာ ဝင်လာကြမယ်။ ဒါပေမဲ့ သတိထားရမှာက လှုပ်ရှားမှုက တစုံတရာ ချွတ်ချော်ခဲ့၊ မအောင်မြင်ခဲ့သည်ရှိသော် ဒုတိယအဆင့်မှ ဝင်လာတဲ့လူတွေက လှုပ်ရှားမှုကို အရင်ဆုံး ကျောခိုင်းသွားကြလိမ့်မယ်လို့ လှုပ်ရှားမှုနဲ့ပတ်သက်တဲ့ သီအိုရီတွေကပြောကြတယ်။ လူထုလှုပ်ရှားမှု တစ်ခုလုပ်တဲ့အခါ အရေးပေါ်ရေတိုကိစ္စအတွက် အောင်မြင်အောင်လုပ်ရတဲ့ ကိစ္စတွေလည်း ရှိမှာပါ။ ဘဲဟွတ်ခ်ပြောတဲ့ ရေရှည်အသိတွေနိုးထလာပြီးမှ ကိုယ်ဘာကြောင့် ဘာကိုလုပ်ရတယ်ဆိုတာကို သေချာပိုင်ပိုင်နိုင်နိုင်သိပြီး လှုပ်ရှားတဲ့လှုပ်ရှားမှု (consciousness raising) မျိုးကတော့ ဆယ်စုနှစ်နဲ့ချီ ကြာချင်လည်းကြာနိုင်ပါတယ်။ ခုထလုပ်ပြီး နက်ဖြန်ရတဲ့ ဟာမျိုးတော့မဟုတ်ဘူး။ ဒါပေမဲ့ ရေတိုအတွက်လုပ်တဲ့ လှုပ်ရှားမှုမျိုးကနေလည်း ရေရှည် ပြောင်းလဲမှုအတွက် အစလည်းဖြစ်နိုင်ပါတယ်။ အခါအားလျော်စွာပဲ လူထုလှုပ်ရှားမှုတွေဟာ အောင်မြင်ရင်ပဲဖြစ်ဖြစ်၊ မအောင်မြင်ရင်ပဲဖြစ်ဖြစ် အကြပ်အတည်းနဲ့တွေ့တတ်တယ်။ ဖမေးနစ် လှုပ်ရှားမှု တော်တော်များများရဲ့ ထူးခြားချက်ကတော့ လှုပ်ရှားမှုတွေဟာ မဲပေးခွင့်ရပြီးချိန် မှာတင် ရပ်မသွားဘဲ နှစ်ပေါင်းတစ်ရာလောက်အတွင်းမှာ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လှုပ်ရှားမှုပုံစံမျိုးစုံနဲ့ လှုပ်ရှားခဲ့ကြတာပဲဖြစ်တယ်။ အပြည့်အဝမဟုတ်တောင် မရရှိတဲ့အခွင့် အရေးတွေဖြစ်တဲ့ မျိုးဆက်ပွားဆိုင်ရာ ကိစ္စရပ်တွေ၊ နိုင်ငံရေးထဲပါဝင်ခွင့်၊ ပညာသင်ခွင့်၊ လုပ်ခလစာ တန်းတူရရေးစတာတွေကို ဥပဒေပေါ်လစီတွေ ပြဌာန်းနိုင်ခဲ့တယ်။ ဖမေးနစ်ဇင်ဟာ ပညာရပ်တစ်ခုလို ပြောင်းလဲလာတယ်။ ဖမေးနစ်အယူအဆအမျိုးမျိုးကြောင့် အမြင်မတူတာ တွေလည်း အငြင်းအခုံအများကြီးဖြစ်ခဲ့တယ်။ ဒါပေမဲ့ လူ့အဖွဲ့အစည်းရဲ့ အခြေခံအုတ်မြစ် တွေဖြစ်တဲ့ ဌာနေတိုင်းရင်းသူတွေ၊ အလုပ်သမား၊ လယ်သမား၊ အမျိုးသမီးများရဲ့ ဘဝကတော့ သိသာအောင်ပြောင်းလဲနိုင်ခြင်းမရှိပါဘူး။ ဈေးကွက်စီးပွားရေးစနစ်မှာ ဒီအုတ်မြစ်လူထုကို ဈေးပေါပေါနဲ့ဆက်ခိုင်းနိုင်မှ ဈေးကွက်စီးပွားရေးမှာ နိုင်ငံကြီးတွေ အကျိုးအမြတ်ရှိနိုင်တဲ့ နေရာတွေမှာတော့ အမျိုးသမီးတချို့ နေရာရခဲ့ပါပြီ။ ဒါပေမဲ့ ပဓာနစနစ်ကို အခြေပြုထားတဲ့ စနစ်ထဲမှာ အံဝင်ခွင်ကျဖြစ်ဖို့ အမျိုးသမီးတွေဟာ နှစ်ဆသုံးဆ ကြိုးစားနေရပါတယ်။ ဒါကြောင့် လူသားချင်း တန်းတူဆိုတဲ့ အခြေခံကိုယ်ကျင့်တရား ရှိလာမှသာ ဖမေးနစ်တွေပြောတဲ့ ဖိနှိပ်မှု ပုံစံမျိုးစုံအားလုံး လူသားတွေရဲ့နေစဉ်ဘဝထဲမှာ ပပျောက်သွားမှာဖြစ်တယ်။ လောလောဆယ် တော့ ဒီဖိနှိပ်မှုတွေဟာ ဘယ်လိုပုံစံနဲ့တည်ရှိနေသေးလဲလေ့လာတာပါဝင်ခွင့်မရတဲ့ အသံတွေ ကိုဖော်ထုတ်ပြတာတွေကို ပထမအဆင့်အနေနဲ့လုပ်ဆောင်နေရင်း တစ်ဖက်မှာ အမျိုးသမီးတွေ အကြမ်းဖက်ခံရတဲ့ကိစ္စ၊ ပဋိပက္ခအတွင်းက အမျိုးသမီးတွေခံစားနေရတဲ့ အခြေခံစားဝတ် နေရေးကနေ မီးဖွားတဲ့ကိစ္စ အကြမ်းဖက်ခံရမှုတွေနဲ့ နေ့စဉ်ဘဝထဲက အလွှာပေါင်းစုံက အမျိုးသမီးတွေရဲ့ အခြေခံအခွင့်ရေးဥပဒေအကာအကွယ်ကို ထိထိရောက်ရောက်ရရေးတို့ ကိုလည်း ရေတိုအနေနဲ့လုပ်ဆောင်နေရမှာဖြစ်ပါတယ်။ ဥပဒေအကာအကွယ်ရဲ့ နောက်ကွယ် မှာလည်း အမျိုးသမီးတွေဟာ သဘာဝအားနည်းလို့ ကာကွယ်ပေးရတာမဟုတ်ဘဲ အားနည်း အောင်မလုံခြုံအောင်လုပ်တဲ့ အခြေအနေကနေ ကာကွယ်ပေးရခြင်းသာ ဖြစ်တယ်လို့သေချာ နေဖို့လိုပါတယ်။
ဒါကြောင့်မြန်မာပြည်အနေနဲ့ မရှိသေးတဲ့ ဖမေးနစ်လှုပ်ရှားမှု တစ်ခုပြုလုပ်ရင် ပထမဆုံးအဆင့်အနေနဲ့ မြန်မာပြည်က မိန်းမဆိုတာကို ဘယ်လိုယေဘုယျပြုထားလဲ၊ အားလုံးမှာ တူညီတဲ့အချက်တွေက ဘာတွေလဲ။ ဒေသအလိုက် နောက်ခံဘဝအလိုက် မတူညီတာတွေက ဘာတွေလဲဆိုတာလဲရှာဖွေဖို့လိုပါတယ်။ ဒါတွေကို တစ်နိုင်ငံလုံးအနံှ့ အမျိုးသမီးတွေနဲ့ တွေ့ဆုံဆွေးနွေးလေ့လာပြီး လုပ်ဆောင်ရပါမယ်။ နောက်မှတ်တမ်းတွေ ထားရှိပြီးမှ ရေရှည်ပါဝင်နိုင်မယ့်နည်းလမ်းတွေ ထွက်ပေါ်လာပြီး လှုပ်ရှားမှုရဲ့ အဆင့်တွေ အားလုံးသတ်မှတ်ဖို့ အားလုံးအတူတူ သေချာညှိနှိုင်း အဖြေရှာပြီးမှ ဖမေးနစ်လှုပ်ရှားမှုတစ်ခု စတင်လို့ရမှာဖြစ်တယ်။ လှုပ်ရှားမှုမှာ ရေရှည်ပါဝင်နိုင်မယ့်၊ တာဝန်ယူနိုင်မယ့် လူတွေကို ခေါင်းဆောင်ဖို့အတွက် သေချာရွေးချယ်ဖို့လည်းလိုတယ်။ ကန့်လန့်ကာနောက်ကွယ်ကနေ ရေရှည်လှုပ်ရှားမှုကို ဗျူဟာနဲ့လမ်ကြောင်းသတ်မှတ်ပေးမယ့်သူတွေလည်းရှိဖို့ အရေးကြီး တယ်။ လှုပ်ရှားမှုအနေနဲ့အပြင် စနစ်တကျလေ့လာသုသေသနပြုတဲ့အဖွဲ့တွေနဲ့ နိုင်ငံတကာက ဖမေးနစ်ဇင်ကို ပညာရပ်တစ်ခုလို ချဉ်းကပ်လေ့လာနေတဲ့စကော်လာတွေ အပါအဝင် အခြားသော လူမှုဗေဒနယ်ပယ်မှ စကော်လာတွေ စတာတွေနဲ့ တွဲအလုပ်လုပ်ဖို့လိုတယ်။ လှုပ်ရှားမှုမှာ ရှေ့ထွက်မယ့်ပုဂ္ဂိုလ်တွေကိုလည်း ကူညီထောက်ပံ့မှုတွေ အပြည့်အဝပေးဖို့ လိုပါတယ်။ ဒါမှသာ ရေတိုဖြစ်တဲ့ တစ်ပွဲတိုးလှုပ်ရှားမှုမဟုတ်တော့ဘဲ ရေရှည်မှာ ဖမေးနစ် တွေလိုချင်တဲ့တရားမျှတပြီး ဖိနှိပ်မှုတွေ နည်းနိုင်သလောက်နည်းတဲ့ အရေးအကြီးဆုံးဖြစ်တဲ့ အခြေခံနေ့စဉ် စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားတဲ့နေရာမှာ ခေါင်းပုံဖြတ်အမြတ် ထုတ်တဲ့ အလေ့အကျင့်တွေက ကင်းဝေးတဲ့ ကျားပဓာနပြုတာပဲဖြစ်ဖြစ်၊ မပဓာနပြုတာပဲဖြစ်ဖြစ် “လူအချင်းချင်း အုပ်စိုးတဲ့ပုံစံမျိုးနဲ့ ကျွန်ပြုခြင်းကကင်းတဲ့” လူ့အဖွဲ့အစည်း တစ်ခု ပေါ်ထွက်လာမှာပဲဖြစ်တယ်။ ဒါကတော့တစုံတယောက်က နည်းလမ်းချပြီး ရော့ဒါကိုတော့ သုံးလို့ပြောလို့ရမှာမဟုတ်ဘူး။ အားလုံးမှာ အင်မတန်ခိုင်မာတဲ့ ငြင်းလို့မရတဲ့ တူညီတဲ့အခြေခံ ကြမ်းပြင်တစ်ခုကိုရှာပြီး တူတူအလုပ်လုပ်ကြရမှာ ဖြစ်ပါတယ်။ ဘယ်သို့သော ပညာရှင်ဖြစ်ဖြစ် တိကျတဲ့ဟောကိန်းထုတ်လို့မရပါဘူး။ လူ့ဘဝကိုက လူတွေစုပေါင်းသက်ဝင်နေတဲ့ ဖြစ်စဉ် တစ်ခုသာဖြစ်လို့ ဒီနည်းလမ်းကိုပဲ တရားသေသုံးလို့မရဘူး။ လူသားချင်းဟာအတူတူပဲဆိုတဲ့ အခြေခံကိုယ်ကျင့်တရားတစ်ခုကို နေ့စဉ်ဘဝမှာ လက်ခံလာလို့ရတဲ့ လက်တွေ့အနေအထား တစ်ခု ကျရောက်ပြီးမှသာ စောစောကပြောတဲ့လူ့အဖွဲ့အစည်းတစ်ခုကိုရောက်မှာဖြစ်လို့ ဘဲဟွတ်ခ်ပြောတဲ့ အသိပညာနိုးကြားလာကြဖို့ အရင်ဆုံးလုပ်ဆောင်ကြရမှာဖြစ်တယ်။

ပျိုးလက်ဟန်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s