ဖမေးနစ်နိုင်ငံရေး

အလွယ်အရှင်းဆုံးဆိုရင် ဖမေးနစ်ဇင်ဆိုတာ လိင်အခြေပြုခွဲခြားမှု လိင်အခြေပြု အမြတ်ထုတ်မှုနဲ့ ဖိနှိပ်မှုတွေကို အဆုံးသတ်မယ့်လှုပ်ရှားမှုပါပဲ။ ဒါဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က ကျွန်မရေးခဲ့တဲ့ “ဖမေးနစ်သီအိုရီ အစွန်အဖျားမှဗဟိုသို့” မှာ ပါခဲ့တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ပါပဲ။ အဲဒီတုန်းက ဒါကို လူတိုင်းအသုံးပြုမယ့် အဓိပ္ပါယ် ဖွင့်ဆိုချက်ဖြစ်လာဖို့ ကျွန်မမျော်လင့် ခဲ့ပါတယ်။

ဒီအဓိပ္ပါယ်ဖွင့်ဆိုချက်ကို ကျွန်မကြိုက်ပါတယ် ဘာလို့လဲဆိုတော့ ယောက်ျားတွေဟာ ရန်သူတွေလို့ ကောက်ယူ စရာဘာမှမပါလို့ပါ။ လိင်အခြေပြုခွဲခြားမှုကို ပြသနာလို့သတ်မှတ်ဖော်ထုတ်လိုက်တဲ့အတွက် အကြောင်းအရာရဲ့ ဗဟိုချက်ဆီကို တန်းရောက်သွားပါတယ်။ လက်တွေ့ကျ ကျပြောရရင် ဒီဖွင့်ဆိုချက်အရ လိင်ခွဲခြားတဲ့့ အတွေးတွေကစလို့ လုပ်ရပ်အားလုံးဟာ ပြသနာလို့ အဓိပ္ပါယ်ပေါက်ပါတယ်။ ဒီလို အတွေး လုပ်ရပ်တွေ ခိုင်မာဖို့အတွက် ဘယ်သူပဲလုပ်လုပ် ခွဲခြားနေစရာမရှိပါဘူး။ ဒါတွေကို လုပ်နေတာ ယောက်ျား သာမက မိန်းမတွေ လည်းဖြစ်နိုင်ပါတယ်။ ဒီဖွင့်ဆိုချက်ဟာ စနစ်တကျအခိုင်အမာပုံသွင်းထားတဲ့ လိင်အခြေပြု ခွဲခြားမှုကို နားလည်နိုင်စေလောက်အောင်လည်း ကျယ်ပြန့်ပါတယ်။ အဓိပ္ပါယ်ဖွင့်ဆိုချက်တခု အနေနဲ့ ဒါက ပွင့်လင်း ပါတယ်။ ဖမေးနစ်ဇင်ကို နားလည်ဖို့ဆိုရင် လိင်အခြေပြုခွဲခြားမှုကို နားလည်ဖို့ လိုအပ်ပါမယ်။ ဖမေးနစ် နိုင်ငံရေး ဘက်တော်သားတွေအားလုံးသိထားသလိုပါပဲ လူအတော်များများဟာ လိင်အခြေပြုခွဲခြားမှုဆိုတာကို ကောင်းကောင်းနားမလည်ပါဘူး။ နားလည်တဲ့သူအများစုဟာလည်း ဒါကို ပြသနာတခုလို့မမြင်ကြပါဘူး။ လူအများစုက ဖမေးနစ်ဇင်ဆိုတာ ယောက်ျားတွေနဲ့ တန်းတူဖြစ်ဖို့အမြဲ အားထုတ် ကြိုးပမ်းနေတဲ့ မိန်းမတွေရဲ့ အကြောင်းလို့ ထင်ကြပါတယ်။ ပြီးတောသူတို့ထဲကအများစုက ဖမေးနစ်ဇင်ဆိုတာ ယောက်ျားဆန့်ကျင်ရေး လို့ယူဆကြပါတယ်။ သူတို့ဖမေးနစ်ဇင်အပေါ်နားလည်မှုလွဲတာက ကျားပဓာနဝါဒအားကောင်းတဲ့ အများကြည့် မီဒီယာတွေကနေတဆင့် ကြားသိရတာတွေကြောင့်ဖြစ်ပါတယ်။ သူတို့ကြားသိရတဲ့ဖမေးနစ်ဇင်ဆိုတာက အဓိက အနေနဲ့ ဂျန်ဒါညီမျှရေးနှင့် လုပ်အားခတူညီရေးနောက်ပြီး ယောက်ျားတွေ အိမ်မှုကိစ္စမျှဝေလုပ်ပေးရေး စတာတွေ ကို အလေးထားတဲ့ အမျိုးသမီးတွေပုံဖော် ပြောပြတဲ့ အတိုင်းပဲ ဖြစ်ပါတယ်။ ဒီအမျိုးသမီးတွေဟာ လူဖြူ တွေဖြစ်ပြီး မိခင်အခွင့်အရေးလည်း အပြည့်အဝရရှိထားသူတွေဖြစ်ပါတယ်။ ဒီအမျိုးသမီးတွေရဲ့ လွပ်မြောက်မှု ဆိုတာ ကိုယ်ဝန်ဖျက်ချခွင့်၊ လက်စဘီယံဖြစ်ခွင့်၊ မုဒိမ်းမှုနဲ့ အိမ်တွင်း အကြမ်းဖက်မှုဆန့်ကျင်ရေး စတာတွေကိုပဲ အာရုံစိုက်ကြတာပါ။ ဒါတွေကိုပဲ အများကြည့် မီဒီယာတွေကနေ တဆင့် ဖေါ်ပြကြတာပါ။ ဒီပြသနာတွေထဲမှာ လုပ်ငန်းခွင်ကျားမညီမျှရေးနဲ့ လုပ်ခတန်းတူရရေးတွေကို လူထုအများစုကလက်ခံ သဘောတူပါတယ်။ အရင် လိုပါပဲ ကျွန်မတိုရဲ့ လူ့အဖွဲ့အစည်းဟာ အခြေခံအားဖြင့် ခရစ်ယာန်ယဉ်ကျေးမှု အဖြစ်ဆက်ရှိနေတုန်းပါပဲ။ လူထု အများစုဟာ အိမ်မှုကိစ္စတွေလုပ်ဖို့နဲ့ ယောက်ျားတွေ အောက်တဆင့်နိမ့်တဲ့ နေရာမှရှိဖို့ မိန်းမတွေကို ဘုရား သခင်က ဖန်တီးတယ်လို့ယုံကြည်ကြပါတယ်။ အောက်ခြေလူတန်းစား အများစုဟာ လုပ်ငန်းခွင်ရောက်နေတာ တောင်မှ၊ မိသားစုတွေမှာမိန်းမတွေကဦးဆောင်ရှာကြွေးနေတာကို မြင်နေရတာတောင်မှ တစ်နိုင်ငံလုံးကိုလွှမ်းမိုး ထားတာက အိမ်တွင်းမှုလုပ်ရမယ့်ဘဝဆိုတဲ့အမြင်ပါပဲ။ ဒီအမြင်ကြောင့်ပဲအိမ်တအိမ်မှာ ယောက်ျားရှိရှိ၊ မရှိရှိ ယောက်ျားကြီးစိုးရေးအတွေးအခေါ်တွေဟာ အသက်ဝင်နေတုန်းဖြစ်နေတာပါ။

ဖမေးနစ်လှုပ်ရှားမှုဟာ ကျားဆန့်ကျင်ရေးသက်သက်ဆိုတဲ့ မှားယွင်းတဲ့အမြင်အရ မိန်းမတွေပဲသီးသန့်ရှိတဲ့ နေရာဒေသမှပဲ ကျားပဓာနအယူအဆနဲ့ လိင်ခွဲခြားမှုတွေမရှိဖို့ဖြစ်နိုင်မယ်လို့အဓိပ္ပါယ်ပေါက်ပါလိမ့်မယ်။ ဖမေနးစ်နိုင်ငံရေးလှုပ်ရှားမှုထဲမှာ လက်ရှိပါဝင်နေတဲ့ အမျိုးသမီးပေါင်းများစွာကိုယ်တိုင်က ဒီလိုပဲယုံကြည် နေတတ်ကြပါတယ်။ယောကျ်ားကြီးစိုးမှုကိုဒေါသတကြီး တုန့်ပြန်ဖို့ ကြိုးစားနေတဲ့ ဖမေးနစ်လှုပ်ရှား သူတွေ ကြားထဲမှာ ယောက်ျားဆန့်ကျင်ရေးခံစားချက်တွေကြီးကြီးမားမားကိုရှိနေပါတယ်။ မတရားမှုအပေါ်ကြောင့် ထွက်ပေါ်ခဲ့တဲ့ ဒေါသဖြစ်ပြီး ဒီဒေါသကပဲ အမျိုးသမီးလွတ်မြောက်ရေးလှုပ်ရှားမှုတွေကို အစပျိုး မွေးထုတ် ပေးခဲ့တာလို့ဆိုရပါမယ်။ အစောပိုင်းဖမေးနစ်လှုပ်ရှားသူအများစုဟာ လူဖြူအမျိုးသမီးတွေဖြစ်ပြီး သူတို့ရဲ့ အသိအမြင်တွေဟာ လူမျိုးရေးခွဲခြားတတ်တဲ့ ယောက်ျားတွေနဲ့ အလုပ်တူတူလုပ်ရင်း မြင့်တက်နိုးကြား လာတာပါ။ ဒီယောက်ျားမျိုးတွေကပဲ တလောကလုံးကို လွတ်လပ်မှုအရေးပါကြောင်းပြောပေမယ့် လုပ်ငန်းရာထူး ကိစ္စမှာတော့ အမျိုးသမီးတွေကို ဖိနှိပ်ထားတတ်ပါတယ်။ ဆိုရှယ်လစ်ဝါဒ အတွက် တိုက်ပွဲဝင်တဲ့ လူဖြူ အမျိုးသမီး ဖြစ်ဖြစ်၊ လူမှုအခွင့်အရေးတိုက်ပွဲဝင်တဲ့ လူမည်းအမျိိုးသမီးဖြစ်ဖြစ် ဒါမှမဟုတ် မျိုးနွယ်စု အခွင့်အရေး အတွက် တိုက်ပွဲဝင်နေတဲ့ ဌာနေအမေရိကန်အမျိုးသမီးဖြစ်ဖြစ် အားလုံးသေချာနားလည်နေတာ ယောက်ျားဆိုတာ ဦးဆောင်ချင်သူတွေ ဖြစ်ပြီးမိန်းမတွေကို နောက်ကလိုက်စေချင်ကြတာပဲ။ ဒီလိုပြင်းထန်တဲ့ လွပ်မြောက်ရေး တိုက်ပွဲတွေမှာ ပါဝင်ဆင်နွဲဖူးတဲ့ အမျိုးသမီးတွေအတွက် အမျိုးသမီးတိုးတက်ရေး တိုက်ပွဲဝင်ဖို့ တော်လှန်ရေး ဝိဉာဉ် တွေနိုးထလာပြီး လက်ရှိအမျိုးသမီးလွပ်မြောက်ရေးဆီကို ဦးတည်လာကြတယ်။ လက်ရှိ ဖမေးနစ်ဇင် တိုးတက်လာတာနဲ့အမျှ၊ လိင်ခွဲခြားတဲ့အတွေးတွေအပြုအမူတွေကို ထောက်ပံ့နေတာ အမျိုးသမီး တွေချည်းပဲ မဟုတ်ဘူးဆိုတာကိုနားလည်လာတာနဲ့အမျှ၊ ဖမေးနစ်လှုပ်ရှားမှုရဲ့စိတ်ဝိဉာဉ်ကို အဓိကပုံဖော်နေတာ ယောက်ျားဆန့်ကျင်ရေး ခံစားချက်တွေမဟုတ်ဘူးဆိုတာကို အမျိုးသမီးတွေ ကောင်းကောင်း သိမြင်လာကြပါပြီ။ ဂျန်ဒါမျှတမှု ဖန်တီးရေးဟာအဓိက အာရုံစိုက်စရာဖြစ်လာပါတယ်။

ဒါပေမယ့် အချို့အမျိုးသမီးတွေအတွက်သူတို့ရဲ့လိင်ခွဲခြားတဲ့ အတွေးအခေါ်တွေကို ရင်ဆိုင်ဖြေရှင်းမှုမလုပ်ပဲ ဖမေးနစ်ဇင် နဲ့ ရှေ့ဆက်လက်တွဲလို့မရနိုင်ပါဘူး။ အမျိုးသမီးတွေ အချင်းချင်း ပြိုင်ဆိုင်တိုက်ခိုက်နေကြသရွေ့ ညီအမတွေလိုပေါင်းစည်းမှုဟာ အင်အားမကောင်းနိုင်ပါဘူး။ ညီအမပေါင်းစည်းမှုဆိုတဲ့ စိတ်ကူးစိတ်သန်းဟာ ယောက်ျားလွှမ်းမိုးမှုကြောင့် အမျိုးသမီးတိုင်းနစ်နာခံစားရတယ်ဆိုတဲ့ အမှန်တရားပေါ်မှာ အဓိကတည်မှီ နေပါတယ်။ လူတန်းစားနဲ့ လူမျိုးရေးဆွေးနွေးပြောဆိုမှုတွေ အပေါ်မှာလည်း အများကြီးမူတည်ပါတယ်။ လူတန်းစားခြားနားမှု ဆိုင်ရာဆွေးနွေးပြောဆိုမှုတွေဟာလက်ရှိဖမေးနစ်ဇင်အစောပိုင်းကာလမှာ ပေါ်ပေါက် ခဲ့ပါတယ်။ နောက်ကလိုက်လာတာ လူမျိုးရေးဆွေးနွေးမှုတွေပါ။ ဒိုင်ယာနာစာအုပ်တိုက်က လူတန်းစားကွဲပြားမှု နှင့်အမျိုးသမီးများ စတာနဲ့ပတ်သက်လို့ “တော်လှန်ရေးအသိပညာ” ဆိုပြီး လူတန်းစားနဲ့ ဖမေးနစ်ဇင်ဆိုင်ရာ အက်ဆေးစုဆည်းမှုတွေကို ၁၉ရဝကျော်နှစ်တွေမှာ ထုတ်ဝေခဲ့ပါတယ်။ ဒီဆွေးနွေးမှုတွေဟာလည်း “ညီအမပေါင်းစည်းမှုဟာ အင်အားကြီးတယ်” ဆိုတဲ့ ဖမေးနစ်အယူအဆကို အသေးစိတ်မပေါ်လွင်စေခဲ့ပါဘူး။ သူတို့ အာရုံစိုက်တာက လိင်ခွဲခြားမှု လူတန်းစားလူမျိုးရေးစတာတွေကို ရင်ဆိုင် တိုက်ပွဲဝင်ရုံးကန်နေစဉ်မှာပဲ ညီအမဆိုတာဖြစ်လာနိုင်ပြီးဒီအထဲမှာ အခြားအမျိုးသမီးတွေကို လွမ်းမိုးချုပ်ကိုင် အနိုင်ကျင့်တာတွေရှိနေပါမယ် ဆိုတာပါပဲ။ ဒါကြောင့် ဒီကွဲပြားမှုတွေကို ကိုင်တွယ်နိုင်ဖို့ နိုင်ငံရေးနယ်ပယ်တခု ဖန်တီးရမယ်ဆိုပါတယ်။

လက်ရှိဖမေးနစ်လှုပ်ရှားမှုတွေထဲမှာ ပါဝင်တဲ့ များပြားတဲ့လူမည်းအမျိုးသမီး တဦးချင်းစီတိုင်းဟာ ဒီလှုပ်ရှားမှု သန္ဒေတည်ကတည်းက နိုးကြားလှုပ်ရှားခဲ့ကြသူတွေပါ။ ဒါပေမယ့် သူတို့တွေဟာ ဒီလှုပ်ရှားမှုမှာ အများကြည့် မိီဒီယာတွေကို စွဲဆောင်နိုင်ခဲ့တဲ့ ကြယ်ပွင့်တွေ မဖြစ်ခဲ့ကြပါဘူး။ မကြာခဏဆိုသလို တက်တက်ကြွကြွ ပါဝင်ခဲ့တဲ့ လူမည်းအမျိုးမီးတွေဟာ လူဖြူလက်စဘီယံတွေလို ဖီမနစ်တော်လှန်ရေးသမား တွေပါပဲ။ သူတို့တွေဟာ လက်ရှိ ကျင့်သုံးတဲ့စနစ်ထဲမှာ ယောက်ျာနည်းတူ အခွင့်အရေးအညီအမျှရရှိရေးအမြင်တခုတည်းကို အသားပေးတဲ့ ပြုပြင်ပြောင်းလဲရေးဖီမနစ်တွေနဲ့ သဘောထားမတိုက်ဆိုင်ကြပါဘူး။ ဖမေးနစ်အသိုင်းအဝိုင်းထဲမှာ လူမျိုးရေး အကြောင်းတွေမပြောခင်ကတည်းက လူမည်းအမျိုးသမီးတွေနဲ့ သူတို့ရဲ့မဟာမိတ်တွေအတွက် ရှင်းရှင်း လင်းလင်း သိနေပြီးသားဖြစ်နေတာက လက်ရှိ လူဖြူကြီးစိုးတဲ့ အရှင်းရှင် ကျားပဓာနဝါဒအသိုင်းအဝိုင်းထဲမှာ သူတို့အတွက် ညီမျှမှုဆိုတာ ဘယ်တော့မှဖြစ်မလာနိုင်တာပါပဲ။

ဖမေးနစ်လှုပ်ရှားမှုတွေ တော်လှန်ရေးပုံစံဖြစ်လာဖို့ အစပြုချိန်ကတည်းက၊ ပြုပြင်ရေးသမားတွေကဂျန်ဒါ ညီမျှရေးကို အသားပေးဖို့ရွေးခြယ်ကြပါတယ်။ ပြုပြင်ပြောင်းလဲရေးပုံစံတော်လှန်ရေးသမားတွေဟာ အမျိုးသမီး တွေ အခွင့်အရေးပိုရဖို့ အတွက်လက်ရှိစနစ်တခုလုံးကို အစားထိုးပြောင်းလိုက်ဖို့ဆန္ဒမရှိကြပါဘူး။ ကျွန်မတို့ ကတော့ လက်ရှိစနစ်ကြီးကို အမြစ်ကနေလှန်ပြောင်းလဲလိုက်ချင်တာပါ။ ဒါမှကျားပဓာနဝါဒနဲ့ လိင်အခြေပြု ခွဲခြားမှုတွေ အဆုံးသတ်သွားမှာပါ။ ဒီလို အရာရာကိုအမြစ်ကစပြီးပြောင်းလဲမယ့်အမြင်ကို စိတ်မဝင်စားတဲ့ အများကြည့်ကျားပဓာနဝါဒီ မီဒီယာတွေကြောင့် ဒီကိစ္စတွေဟာလည်း ပင်မသတင်းလမ်းကြောင်း တွေပေါ်ကို ရောက်မလာခဲ့ပါဘူး။ လူထုရဲ့ စိတ်ကူးစိတ်သန်းကို ဖမ်းစားခဲ့ပြီး အခုထိဖမ်းစားဆဲဖြစ်တဲ့ အမျိုးသမီး လွတ်မြောက်ရေးအမြင်က “ယောကျာ်းတွေရနေတာကို မိန်းမတွေကလိုချင်လို့” ဆိုတဲ့ အယူအဆကိုပဲ ကိုယ်စား ပြုပါတယ်။ ဒါက အစောပိုင်းမှာသိမြင်ခဲ့ကြတဲ့အမြင်လည်းဖြစ်ပါတယ်။ နိုင်ငံရဲ့ စီးပွားရေးပြောင်းလဲမှု၊ စီးပွားရေး ကပ်ဆိုက်မှု၊ အလုပ်အကိုင်ဆုံးရှုံးမှုစတာတွေကြောင့် လုပ်ငန်းခွင်ဂျန်ဒါညီမျှရေးအမြင်ကို နိုင်ငံသားတွေလက်ခံ လာမယ့် အခြေအနေပေါ်ပေါက်လာပါတယ်။ လူမျိုးရေးခွဲခြားမှုဆိုင်ရာအမှန်တရားတွေဘယ်လိုပဲရှိနေနေ၊ လူဖြူ အမျိုးသားတွေကသာ အမျိုးသမီးအခွင့်အရေး ကိစ္စတွေကို ပိုပြီးထည့်တွေးကြတယ် ဆိုတာကပဲ အဓိပ္ပါယ် ရှိတဲ့ ပုံပေါက်နေပါတယ်။ ဒါပေမယ့် တကယ်တော့ ဒီအမျိုးသမီး အခွင့်အရေးတွေကို ပေးအပ် လိုက်ခြင်းက လူဖြူ ကြီးစိုးမှုကို ပိုတည်တန့်စေပြီး အကျိုးလည်းများစေနိုင်ပါတယ်။ ကျွန်မတို့ဘယ်တော့မှ မမေ့ နိုင်တာက လူမျိုးရေး ခွဲခြားမှုတွေအဆုံးသတ်ပြီး လူမည်းအမျိုးသားတွေဟာ လူဖြူအမျိုးသားတွေနဲ့ လုပ်ငန်းခွင်မှာ အခွင့်အရေး အညီအမျှရလာချိန်မှာပဲ လူဖြူအမျိုးသမီးတွေဟာ သူတို့ရဲ့ လွပ်လပ်မှု လိုအပ်ချက်တွေကို အခိုင်အမာ တင်သွင်းပြောဆိုလာတာပါပဲ။

ပြုပြင်ရေးဖမေးနစ် (reformist feminist) အတွေးအခေါ်တွေဟာ လုပ်ငန်းခွင်မှာ ယောက်ျားတွေနည်းတူ အခွင့်အရေးရဖို့ပါပဲ။ ဒီအယူအဆက လိင်ခွဲခြားမှုကင်းစင်ဖို့ လူ့အဖွဲ့အစည်းတခုလုံးကို အခြေကစပြီး ပြောင်းလဲ ဖွဲ့စည်းချင်တဲ့ လက်ရှိဖီမနစ် အယူအဆကြီးတစ်ခုလုံးအပေါ်မှာ အကြီးအကျယ် အရိပ်လွမ်းမိုးဖုံးအုပ်ထားပါတယ်။ အမျိုးသမီးအများစု အထူးသဖြင့် အခွင့်ထူးခံလူဖြူအမျိုးသမီးများစွာဟာ ဒီလိုဖမေးနစ်တော်လှန်ရေးအမြင်ကို လုံးဝမေ့ထားလိုက်ပါတယ်။ လက်ရှိ လူမှုဖွဲ့စည်းပုံထဲမှာ စီးပွားရေးအရစွမ်းအင်တွေရရှိလာတော့ ဒါတွေကို သူတို့ ဆက်မတွေးတော့ပါဘူး။ ဟာသဖြစ်နေတာက ဒီလို ဖီမနစ်တော်လှန်ရေးအမြင်ကို ပညာရပ်ဆိုင်ရာ အသိုင်း အဝိုင်းထဲမှာလက်ခံကြပြီး အမြတ်တနိုးသဘောထားကြတာပါပဲ။ ဒီလို ပညာရှင်အသိုင်းအဝိုင်းထဲမှာ ဖမေးနစ် တော်လှန်ရေးအမြင်တွေကို ဆက်လက်ရှင်သန်နေပါတယ်။ ဒါပေမယ့် ဒီသဘောတရားတွေဟာ အများပြည်သူ ဆီကိုမရောက်တာများပါတယ်။ အဆင့်မြင့်ပညာတတ်၊ စာတတ်ပေတတ်တွေကြားမှာပဲ လည်ပတ်နေတဲ့ ဘာသာရပ်တခုအဖြစ်ပဲ ဆက်လက်တည်ရှိနေပါတယ်။ ကျွန်မရဲ့ “ ဖမေးနစ်သဘောတရား-အစွန်အဖျား မှဗဟိုသို့” လို ဖမေးနစ်လွပ်လပ်မှုအမြင်အားကောင်းတဲ့စာအုပ်မျိုးဟာ ဘယ်တုန်းကမှ ပင်မအာရုံစူးစိုက်မှုကိုမရ ခဲ့ဖူးပါဘူး။ အောက်ခြေလူတန်းစားအများစုဟာ ဒီစာအုပ်ကို မကြားဖူးကြပါဘူး။ အရေးကြီးတဲ့ သတင်း အချက်အလက်တွေကို အောက်ခြေလူထုကငြင်းဆန်တာမဟုတ်ပါဘူး။ သူတို့သိကိုမသိကြတာပါ။ ကျားဆန့်ကျင် ရေးမဟုတ်ပဲ အမြင်ကျယ်တဲ့ ဖမေးနစ်အတွေးအခေါ်တွေကို ဖိနှိပ်ခြင်းလိုက်တဲ့အတွက် လူဖြူ ကြီးစိုးရေးဝါဒီ ၊ အရင်းရှင်ကျားပဓာနဝါဒီတွေအကျိုးရှိနေချိန်မှာ ပြုပြင်ရေး ဖမေးနစ်တွေဟာ ဒါတွေအတွက် နှုတ်ဆိတ်နေဖို့ပဲ အားသန်နေကြတာပါ။ ပြုပြင်ရေးဖမေးနစ်တွေရဲ့ လမ်းကြောင်းဟာ လူတန်းစား ဝင်ဆန့်ရေးဖြစ်ပါတယ်။ လုပ်ငန်းခွင်က ကျားစိုးမိုးမှုကို သူတို့ဖောက်ထွက်နိုင်ပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရေးလူနေမှုပုံစံကို ရရှိထား ပါတယ်။ ဒီအချိန်မှာ တကယ်တော့လိင်အခြေပြုခွဲခြားမှုတွေပျောက်ကွယ်သွားတာမဟုတ်ပါဘူး။ ဒါပေမယ့် လက်ရှိစနစ်ထဲမှာ သူတို့ရဲ့လွပ်လပ်ခွင့်တွေကိုအကြီးမားဆုံးဖြစ်အောင် သူတို့လုပ်နိုင်ခဲ့ကြပါတယ်။ သူတို့မလုပ်ချင် လို့ငြင်းဆန်ကြတဲ့ မသန့်စင်တဲ့အလုပ်တွေကိုလုပ်ဖို့အတွက် အောက်ခြေအနှိမ်ခံလူတန်းစား အမျိုးသမီး တွေကို အားကိုးနိုင်ပါတယ်။ ဆင်းရဲတဲ့ အလုပ်သမားလူတန်းစားအမျိုးသမီးတွေကို လက်ခံပေးကြပါတယ်။ ဒါပေမယ့် တပြိုင်နက်မှာလည်း လျို့ဝှက်ဖိနှိပ်မှုမှာ ပါဝင်နေခြင်းနဲ့ သူတို့ဟာ ကျားပဓာနဝါဒ၊ လိင်ခွဲခြားမှုတွေနဲ့ မဟာမိတ်ဖွဲ့ ထားပြီးသားဖြစ်နေပါတယ်။ သူတို့ဟာ မျက်နှာနှစ်ဖက်နဲ့ ဘဝမှာ အသက်ရှင်တဲ့အတွက် လုပ်ငန်းခွင်မှာဖြစ်ဖြစ် အိမ်မှာဖြစ်ဖြစ် လိုရင်လိုသလို ယောက်ျားတွေနဲ့ တန်းတူအခွင့်အရေးရကြပါတယ်။ အကယ်၍သူတို့ လက်စဘီယံ ဘဝကိုရွေးတယ်ဆိုရင်လည်း ယောက်ျားတွေနည်းတူအခွင့်အရေးရကြပါတယ်။ လူတန်းစားပါ၀ါကို သုံးပြီး သူတို့ရဲ့ အိမ်တွင်းနေထိုင်မှုဘဝပုံစံကိုလည်း ဖန်တီးနိုင်ပါတယ်။ ဒီဘဝနေထိုင်မှုပုံစံမှာ ယောက်ျား အနည်းငယ် သို့မဟုတ် တဦးယောက်နဲ့မှ မပတ်သက်ပဲနေဖို့ရွေးခြယ်ခွင့် သူတို့မှာရှိပါတယ်။

ဘဝနေထိုင်မှုပုံစံအခြေပြုဖမေးနစ်ဇင် (Lifestyle feminism) က မိန်းမတွေအရေအတွက်များသလို ဖ မေးနစ်ဇင်အရေအတွက်လည်းများနိုင်တယ်ဆိုတဲ့အယူအဆကို ကြိုဆိုနေရာချထားပေးပါတယ်။ ရုတ်ခြည်း ဆိုသလို ဒီနိုင်ငံရေးအယူအဆက ဖမေးနစ်ဇင်က သွေဖည်သွားပါတော့တယ်။ မိန်းမတယောက်အတွက် ဘယ်လို နိုင်ငံရေးအယူဝါဒကို ယုံကြည်သည်ဖြစ်ဖြစ်-ရှေးရိုးစွဲဖြစ်စေ လစ်ဘရယ်ဖြစ်စေဘာမှပြသနာမရှိဘူး။ အဲဒီ အယူဝါဒတွေနဲ့ မပတ်သက်ပဲ ဖမေးနစ်ဇင်ကို လက်ရှိဘဝနေထိုင်ပုံထဲကို အံဝင်အောင်ထည့်နိုင်တယ်ဆိုတဲ့ အယူအဆ ပြန့်နှံသွားပါတယ်။ ဒီလိုအယူအဆက ဖမေးနစ်ဇင်ကိုပိုပြီး လက်ခံအောင်ပံ့ပိုးပေးနိုင်တယ်ဆိုတာ အရှင်းကြီးပါ။ ဘာကြောင့်လဲဆိုတော့ အဓိကအယူအဆအရ အမျိုးသမီးတယောက်ဟာ ဖီမနစ် တယောက် ဖြစ်လာဖို့ သူ့နေထိုင်ပုံနဲ့ ယဉ်ကျေးမှုဓလေ့တွေဘာကိုမှပြောင်းလဲစရာမလိုဘူးလို့ ဖြစ်နေလို့ပါ။ ဥပမာ ဆိုကြပါစို့ ကိုယ်ဝန်ဖျက်ချတဲ့ကိစ္စပေါ့။ အကယ်၍ ဖမေးနစ်ဇင်ဆိုတာက လိင်ခွဲခြားဖိနှိပ်မှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှု ဖြစ်တယ်။ နောက်ပြီး မိန်းမတွေရဲ့ သားဖွားမှုဆိုင်ရာအခွင့်အရေးတွေဆုံးရှုံးရတာ လိင်ခွဲခြားဖိနှိပ်မှုပုံစံတမျိုးပါပဲ။ ဒီလိုယူူဆတယ်ဆိုရင် ကိုယ်ဝန်ဖျက်ချခွင့်ကို ဆန့်ကျင်သူဟာ ဖမေးနစ်တယောက်မဖြစ်နိုင်တော့ဘူး။ တကယ် တော့ မိန်းမတယောက်ဟာ ဘယ်တော့မှ ကိုယ်ဝန်ဖျက်ချတဲ့အလုပ်ကို မလုပ်ဖူးလို့ အခိုင်အမာဆိုလာပြီး အမျိုးသမီးတွေရဲ့ အခွင့်အရေးကိုလည်း ထောက်ခံတယ်ဆိုရင် သူဟာ ဖမေးနစ်နိုင်ငံရေး ထောက်ခံသူ တဦးဖြစ်နိုင်တယ်။ ဒါပေမယ့် သူဟာ ကိုယ်ဝန်ဖျက်ချခွင့်ကို ဆန့်ကျင့်ပြီး ဖမေးနစ်ဇင်ကို ထောက်ခံဖို့မဖြစ်နိုင်ဘူး။ လက်တလောမှာ ပါ၀ါဖမေးနစ်ဇင်ဆိုတာမျိုးမရှိနိုင်သေးဘူး တကယ်လို့ ပါ၀ါဆိုတာက အခြားသူတွေကို ကုတ်သွေးစုပ်ဖိနှိပ်ချုပ်ခြယ်တဲ့ အရာမျိုးဆိုရင်ပေါ့။ ဖမေးနစ်နိုင်ငံရေး အရှိန်ကျလာတာဟာ ရှင်းလင်းတဲ့ အဓိပ္ပါယ်ဖွင့်ဆိ်ုချက်ပျောက်ဆုံးလာတာကြောင့်ပဲ ။ ကျွန်မတို့မှာ လိုအပ်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှုတွေရှိပါတယ်။ ဒါတွေကို ပြန်လည်ဖော်ထုတ်ယူကြရအောင်။ ဒါတွေကို မျှဝေကြရအောင်။ ပြန်စကြည့်ကြရအောင်။ စတစ်ကာ တွေ ပို့စကဒ်တွေ ဟစ်ဟော့သီချင်းတွေ တီဗီနဲ့ ရေဒီယိုကြေငြာတွေ နေရာတိုင်းက ဆိုင်းဘုတ်တွေနဲ့ ပုံနှိပ် ထုတ်ဝေမှုတွေကနေ ဖမေးနစ်ဇင်နဲ့ဆိုင်တာတွေလောကကြီးကိုပြောပြကြရအောင်။ ရိုးရှင်းပေမယ့် အင်အား ကြီးတဲ့ “ဖမေးနစ်ဇင်ဆိုတာ လိင်ခွဲခြားမှုနဲ့ဖီနှိပ်ချုပ်ခြယ်မှုတွေကို အဆုံးသတ်ဖို့ လှုပ်ရှားမှုပဲ” ဆိုတဲ့စကားကို မျှဝေပေးကြရအောင်။ ဒီလှုပ်ရှားမှုကြီးကို တဖန်ပြန်စကြရအောင်။

bell hooks ၏ Feminism is for everybody စာအုပ်ပါ အခန်း (၁) Feminist Politics ကို ဉာဏ်ဝါပြန်ဆိုသည်။ RAINFALL Myanmar Feminist Magazine အတွဲ (၂)၊ အမှတ် (၂) တွင်ဖော်ပြခဲ့ပြီး ဖြစ်သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s