ရဲဘော် မိဆူးပွင့်

” မြန်မာနိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည် ဆောက်နိုင်မှ ပြည်တွင်းစစ် ရပ်နိုင်မယ်။ ဒီမိုကရေစီတည်ဆောက်နိုင်မယ်။ ဖွံ့ဖြိုးတိုးတက်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ပဲ WLB အတွင်းမှာ စည်းလုံးညီညွတ်မှုရရှိအောင်နဲ့ အမျိုးသမီးတွေရဲ့အသံကို နိုင်ငံ ရေးမှာ ပိုပြီးဖော်ထုတ်နိုင်ဖို့ဆိုတဲ့ကဏ္ဍတွေကို ထဲထဲဝင်ဝင်ကြိုးစားခဲ့ပါတယ်။ ပြီးတော့ နိုင်ငံရေးအဖွဲ့ အစည်းတွေမှာ လူငယ်တွေကို နေရာပေးမှုတွေ အားနည်းတာ၊ ဒီခေါင်းဆောင်ကြီးတွေ အသက် အရွယ် ဘယ်လောက်ကြီးကြီး သူတို့နေရာမှာ လူစားထိုးဖို့ နောက်ထပ်ခေါင်းဆောင်သစ်တွေ၊ မျိုး ဆက်သစ်တွေ ရှိမနေတာကို သတိထားမိပြီး ကိုယ်လုပ်လို့ရတဲ့အဖွဲ့အစည်းတွေမှာ လူငယ်တွေကို နေရာပေးနိုင်တဲ့ မူဝါဒတွေ၊ အစီအစဉ်တွေ လုပ်လို့ရသလောက် လုပ်ဆောင်ခဲ့ပါတယ်။ အဓိက အာရုံစိုက်ထားတာကတော့ တိုင်းရင်းသားအရေး ပြီးတော့ အမျိုးသမီး/ လူငယ်အရေးတွေပေါ့။ တိုင်း ရင်းသားတွေအနေနဲ့ သမိုင်းကြောင်းအရ မကျေလည်ခဲ့တဲ့ အရင်းခံအကြောင်းရင်းတွေကို နားလည် လက်ခံပြီး ငြိမ်းချမ်းရေးနဲ့ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာမှာ တတ်နိုင်သရွေ့ ဆက်လက်ပါဝင်သွားချင်တာကတော့ ကျမဆန္ဒပါ။ ” – ရဲဘော်မိဆူးပွင့် – ABSDF ဗဟိုဦးဆောင်ကော်မတီဝင်

၁) ဆရာမရဲ့ကိုယ်ရေးအကျဉ်းချုပ်လေးကို ပြောပြပေးပါ

ကျမက ကယားပြည်နယ် (ကရင်နီပြည်) လွိုင်ကော်မြို့မှာမွေးတယ်။ အဲဒီမှာ အထက်တန်းအထိ ကျောင်းတက်တယ်။ ၁၉၈၅ မှာတော့ ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ)မှာ ရုက္ခဗေဒဘာသာရပ်နဲ့ တက္ကသိုလ်စတက်တာပေါ့။ ၁၉၈၈ အရေးတော်ပုံကြီးဖြစ်တော့ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ကျောင်း သူတစ်ဦးအနေနဲ့ ပါဝင်ခဲ့ပြီး ကျောင်းတွေပိတ်ပြီး ကျောင်းသားတွေအတင်းပြန်ပို့လိုက်တော့ ကယား ပြည်နယ်မှာ ၈ လေးလုံးအရေး တော်ပုံကြီးဖြစ်လာဖို့ ပါဝင်ဦးဆောင်ခဲ့သူတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ ၁၉၈၈ စက်တင်ဘာ(၁၈)ရက် စစ်တပ်အာဏာသိမ်းလိုက်ပြီးနောက်ပိုင်းမှာ ထိုင်းမြန်မာ နယ်စပ်ကို လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ ထွက်ခွာသွားခဲ့ပါတယ်။

၂)ဘယ်လိုဖြစ်ပြီးတော့ABSDF- မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ကို ဝင်ရောက်ဖြစ်ခဲ့တာလဲ။ ABSDF မှာ ဘယ်လိုလှုပ်ရှားမှု မျိုးတွေမှာ ပါဝင်ဖြစ်ခဲ့လဲ။

ABSDF ကို ၀င်ရောက်ခဲ့တယ်ဆိုတာထက် ABSDF ကို ကျမတို့ပါဝင်ပြီးဖွဲ့စည်းခဲ့တာလို့ ပြောလို့ ရပါတယ်။ နယ်စပ်ဒေသအသီးသီးကို ထွက်ခွာခဲ့ကြတဲ့ လက်နက်ကိုင်တော်လှန်ရေး လုပ်မယ်ဆိုတဲ့ အလွှာအသီးသီးက လူငယ်/လူကြီးတွေ စုစည်းပြီး ၁၉၈၈ နိုဝင်ဘာလမှာ ABSDF ကိုဖွဲ့စည်းခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက ကျမဟာ တပ်ဖွဲ့ဝင်တစ်ဦးအဖြစ် ရှိနေခဲ့တာပါ။ အစကတည်းက ABSDF ဟွေ စေတီစခန်း အမှတ်(၃၀၃)တပ်ရင်းမှာ စခန်းကော်မတီဝင်တဦးဖြစ်ပါတယ်။ KNPP လို့ခေါ်တဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ အခြေပြုရာစခန်းမှာ မဟာမိတ်ဆက်ဆံရေး- ပညာရေးအပိုင်းတွေကို တာဝန်ယူခဲ့ပါတယ်။ KNPP ရဲ့ပထမဦးဆုံးအထက်တန်းကျောင်းမှာ ကျောင်းအုပ်အဖြစ် တာဝန်ယူ ခဲ့ပါ တယ်။ နောက်ပိုင်းမှာတော့ ABSDF ဗဟိုကတာဝန်ပေးမှုနဲ့ ABSDF ကထုတ်ဝေတဲ့ ဒေါင်းအိုးဝေ စာစောင်အယ်ဒီတာအဖြစ် တာဝန်ယူခဲ့ပြီး နောက်တော့ ဗဟိုကော်မတီဝင်(ပြန်ကြားရေး) ဗဟိုဦး ဆောင်ကော်မတီဝင် (မဟာမိတ်ဆက်ဆံရေး) အဲဒီလိုတာဝန်အဆင့်ဆင့်ယူခဲ့ပါတယ်။ ၂၀၀၅ ခုနှစ် ကနေ ၂၀၀၇ အထိ ထိုင်းမြန်မာနယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ NCGUB, NLD-LA, MPU, DPNS စတဲ့ ဒီမိုကရေစီအင်အားစုများပါဝင်တဲ့ NCUB (ပြည်ထောင်စုမြန်မာ နိုင်ငံ အမျိုးသားကောင်စီ) တပ်ပါင်းစုမှာ အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ်ရွေးချယ်တင်မြောက်ခံခဲ့ရပြီး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၃) WLB မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ် ကို ဖွဲ့စည်းဖြစ်ခဲ့ပုံ( BWU က စတင်ဖြစ်ခဲ့တယ်လို့လည်းသိပါတယ် ။ အဲ့ဒီအကြောင်းကို လည်း အနည်းငယ်ရှင်းပြပေးပါ)

WLB ဖြစ်လာတာကိုပြောရင် BWU အကြောင်းနည်းနည်းတော့ ပြောပြဖို့လိုတယ်။ ကျမတို့ ABSDF က အမျိုးသမီးရဲဘော်တွေစုပြီး ၁၉၉၅ မှာ BWU ကို စဖွဲ့တယ်။ Burmese Women’s Union (မြန်မာ့အမျိုးသမီးသမဂ္ဂ) ပေါ့။ ရည်ရွယ်ချက်ကတော့ အမျိုးသမီးတွေ နိုင်ငံရေးပါဝင်မှု ဦးဆောင်မှု တွေ နည်းနေလို့ မရှိသလောက်ဖြစ်နေလို့ နိုင်ငံရေးစွမ်းရည်မြှင့်တင်ဖို့ပဲ။ ABSDF အနေနဲ့ ကျမတို့ စည်းရုံးရေးကော်မတီဆိုပြီး (၇)ဦးဖွဲ့ပေးလိုက်တာ။ နောက်ပိုင်းမှာတော့ ABSDF ရဲ့ အမျိုးသမီး ဌာန သဘောမျိုးဖွဲ့တာမဟုတ်ဘဲ သီးခြားလွတ်လပ်တဲ့ အမျိုးသမီးအဖွဲ့ဖြစ်ချင်တယ်ဆိုပြီး ပါဝင်တဲ့ အမျိုး သမီးအများစုသဘောနဲ့ လွတ်လပ်တဲ့အမျိုးသမီးအဖွဲ့ဖြစ်အောင် လုပ်ခဲ့ကြတယ်။ ကျမတို့လုပ်ချင် တာက ဘာသာမခွဲခြား လူမျိုးမခွဲခြားတဲ့ အမျိုးသမီးလှုပ်ရှားမှုပေါ်စေချင်တာ။ ကျမတို့စည်းရုံးရေး ကော်မတီမှာရော၊ အဖွဲ့ဝင်တွေရော၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံပါဝင်တယ်။ ဒါပေမယ့် နယ်စပ်ဒေသ နိုင်ငံရေးအခြေအနေက သမိုင်းကြောင်းဆိုင်ရာ ရပ်တည်ဖော်ထုတ်ရေးတွေနဲ့ တန်းတူ ရေးတောင်းဆိုမှုတွေကို မဖြစ်မနေ ထည့်သွင်းစဉ်းစားလာရတယ်။ ဆိုတော့ BWU မြန်မာအမျိးသမီးသမဂ္ဂသည် တနိုင်ငံလုံး လူမျိုးအားလုံးကို လွှမ်းခြုံနိုင်တဲ့ အမျိုးသမီးအဖွဲ့အစည်း ဖြစ်မဖြစ်၊ အဲဒီလိုဖြစ်အောင်လည်း လုပ်သင့်မသင့်ပေါ့။ အများကြီးစဉ်းစားခဲ့ရပါတယ်။ အဲဒီတုန်းက KWO(ကရင်အမျိုးသမီးအစည်းအရုံး) တို့ KNWO တို့ ကရင် အမျိုးသမီးအဖွဲ့၊ ကရင်နီအမျိုးသမီးအဖွဲ့ ဆိုတာတွေ ရှိနေပြီ။ အိန္ဒိယနယ်စပ်မှာလည်း ချင်း အမျိုးသမီးအဖွဲ့၊ WRWAB လို့ခေါ်တဲ့အဖွဲ့၊ ဒါတွေရှိနေပြီ။ ဆိုတော့ ကျမအိန္ဒိယဖက်ကိုသွားတယ်။ သူတို့တွေနဲ့ညှိနှိုင်းတယ်။ ထိုင်းမြန်မာနယ်စပ်မှာလည်း ရှိတဲ့ ၂ ဖွဲ့ ၃ ဖွဲ့ ညှိကြတယ်။ ဘင်္ဂလား ဒေ့နယ်စပ်မှာလည်း ရခိုင်အမျိုးသမီးအဖွဲ့ဆိုတာ ရှိနေပြီပေါ့။ ဒီလို ဆက်စပ်ညှိနှိုင်းတိုင်ပင်ကြရင်းနဲ့ နားလည်မှုတွေ လွဲကြတာလည်း အများကြီးရှိခဲ့တယ်။ အမျိုးသမီးဖိုရမ် လုပ်ဖို့ဆိုတာတောင် ကိုယ့် အဖွဲ့အစည်းအဝေးခေါ်ရင် သူတို့အားလုံးလာပါ့မလားစိုးရိမ်လို့ အားလုံးလာဆုံနိုင်အောင် လုပ်ပေး နိုင်မဲ့ နိုင်ငံတကာအဖွဲ့အစည်း BRC လို့ခေါ်တယ်။ တာဝန်ယူထားတဲ့သူကလည်း တိုင်းရင်းသူ အမျိုးသမီးအဖွဲ့တွေနဲ့ နီးစပ်ပြီးသား၊ ရင်းနှီးပြီးသား၊ ပြီးတော့ ဒေါက်တာစင်သီယာမောင်လို တိုင်းရင်း သူအဖွဲ့အစည်းတွေ ချစ်ခင်လေးစားမှုရှိသူတွေကို ချဉ်းကပ်ပြီး Women Forum ခေါ် ပေးဖို့ လုပ်ခဲ့ရတယ်။ နောက်ဆုံးမှာတော့ BRC အနေနဲ့ပဲ Funding ရှာပေးပြီးခေါ်ပေးခဲ့တယ်ပေါ့။ ၁၉၉၈ ခုနှစ်၊ ချင်းမိုင်မှာ ပထမအကြိမ် Women Forum လုပ်တုန်းက ရယ်(ရီ)လည်းရယ်(ရီ)ရတယ်၊ ပျော်စရာလည်းကောင်းပါတယ်။ မယ်တော်ဆေးခန်းတို့ ထိုင်းနိုင်ငံ၊ စံခရဘူရီဖက်မှာ ရှိတဲ့ Safe House (ခိုလှုံရာအိမ်)လိုမျိုး လုပ်ငန်းတွေလုပ်တဲ့ အမျိုးသမီးတွေ ပထမဆုံးအကြိမ် ဆုံကြတာပေါ့။ ဆွေးနွေးချင် တာက နိုင်ငံရေး၊ စစ်အာဏာရှင်စနစ်ပြုတ်ကျရေး။ ဒါပေမယ့် ကျန်းမာရေး အကြောင်း ပြောမဲ့သူနဲ့ Safe House လိုအပ်ကြောင်းပြောတဲ့သူနဲ့ သာရေးနာရေး ဘာသာရေး ပြောသူနဲ့ ဆိုတော့ ၁၂ မျိုးဂျင်းသုတ်ပေါ့။ နောက်ခံမတူတဲ့အမျိုးသမီးတွေ တွေ့ကြတာဆိုတော့ ကိုယ်အား သန်ရာ ကိုယ်ပြောချင်ကြတာပေါ့။ ဒါပေမယ့်လည်း ဒီဖိုရမ်က အပြန်အလှန်ရင်းနှီးမှု၊ နားလည်မှုတွေ အများကြီးရခဲ့ကြတယ်။ ဒါကြောင့် ၁၉၉၉ ခုနှစ်မှာလုပ်မယ့် ဒုတိယအကြိမ် အမျိုးသမီးဖိုရမ် မတိုင်ခင်မှာ အကြိုနှီးနှောဖလှယ်ပွဲဆိုပြီး BWU အနေနဲ့ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်မှာ ၁၉၉၉ စက်တင်ဘာလမှာ ခေါ်နိုင်ခဲ့တယ်။ အဲဒီအကြိုနှီးနှောဖလှယ်ပွဲမှာ အမျိုးသမီးအဖွဲ့ချုပ်တခုဖွဲ့မယ်ဆိုပြီး သဘောတူညီချက်ရခဲ့ကြတယ်။ ဒီလိုသဘောတူညီချက်ရထားတော့ ၁၉၉၉ ခုနှစ် ဒီဇင်ဘာမှာ ဒုတိယ အကြိမ် Women Forum လုပ်တဲ့အချိန် အဖွဲ့ချုပ်ကြီးလုပ်မယ်ဆိုတာကို သိပ်မခက်ခဲပဲ အများ သဘောတူ ဆုံးဖြတ်နိုင်ခဲ့တာပေါ့။ ဒါပေမယ့်လည်း အခြားအခက်အခဲတွေအများကြီးရှိခဲ့ပါသေးတယ်။ WLB (အမျိုးသမီးများအဖွဲ့ချုပ်- မြန်မာနိုင်ငံ) ဆိုတဲ့ နာမည်ပေးဖို့အချိန် ၁ ရက် ကျော် ငြင်းကြခုံခဲ့ကြရတာတွေ၊ မြန်မာနိုင်ငံဆိုတာကို အရှေ့မှာထားမလား၊ အနောက်မှာထားမလား၊ အချို့ကလည်း မြန်မာနိုင်ငံဆိုတာကို ထည့်စရာ မလိုဘူးပေါ့။ မွန်အမျိုးသမီးအဖွဲ့ကလည်း ဖိုရမ်ကိုလာ တက်ပေမယ့် WLB ဟာ နိုင်ငံရေးလုပ်မဲ့ အဖွဲ့ ဆိုရင် အဲဒီတုန်းက မွန်ပြည်သစ်က အပစ်အခတ်ရပ်စဲ ထားတော့ သူတို့ပါဝင်လို့မရဘူးဆိုတာတွေ၊ လူမျိုးကို အခြေခံတဲ့အမျိုးသမီးအဖွဲ့တွေနဲ့ပဲ ဖွဲ့မယ်ဆိုတာမျိုးလည်း အဆိုတင်လာကြတာပေါ့။ ဆိုတော့ အဲဒီသဘောတရားက ဘာသာလူမျိုးအစုံပါဝင်တဲ့၊ လူမျိုးတခုကို အခြေမခံတဲ့ BWU လိုအဖွဲ့ က အဖွဲ့ဝင်ဖြစ်လို့ မရတော့ဘူးပေါ့။ ဖိုရမ်ထဲမှာ ကျေကျေလည်လည်ဖြစ်အောင် အချိန်အများကြီး ယူပြီး ဆွေးနွေးခဲ့ကြပြီးမှ WLB ဆိုတာဖြစ်လာခဲ့တာပါ။ ဆိုတော့ WLB ဟာ မြန်မာ/ဗမာလူမျိုးနဲ့ အခြားတိုင်းရင်းသားတွေကြားထဲက အမြင်၊ အယူအဆ၊ စိတ်ခံစားချက် မတူကြတာတွေ၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ အမည်ခံထားတဲ့ အဖွဲ့အစည်းတွေအပေါ် တိုင်းရင်းသားတွေရဲ့ အမြင်သဘောထားတွေကို နားလည်စွာလက်ခံထားပြီးတော့ အမျိုးသမီးတွေ နိုင်ငံရေးပါဝင်လာမှုအတွက် မျှော်မှန်းချက်ကြီးကြီးနဲ့ ဖွဲ့စည်းလျှောက်လှမ်းလာခဲ့ရတာဖြစ်ပါတယ်။ စဖွဲ့ခါစက (၁၂)ဖွဲ့နဲ့ဖွဲ့ခဲ့ပေမယ့် ချင်းအမျိုးသမီးအဖွဲ့နဲ့ လူရှိုင်းအမျိုးသမီးအဖွဲ့တို့က သူတို့အဖွဲ့အတွင်းပြသနာဖြစ်ပြီး WLB အနေနဲ့ဖြေရှင်းပေးလို့လည်း မရတာကြောင့် ဖွဲ့စည်းပုံအရ အဖွဲ့ဝင်အဖြစ်က ပြန်ထုတ်ပယ်လိုက်ရတာမျိုးတွေ ဖြစ်ခဲ့သလို ပလောင် အမျိုးသမီးအဖွဲ့၊ ကယန်းအမျိုးသမီးအဖွဲ့၊ ကူကီးအမျိုးသမီးအဖွဲ့တို့က နောက်ပိုင်းမှာ အဖွဲ့ဝင် အသစ်များ အဖြစ် ပြန်ဝင်လာခဲ့ပါတယ်။

၎) WLB ကိုဖွဲ့ပြီးတော့ ဘယ်လိုလှုပ်ရှားမှု(Movement) မျိုးတွေကို လုပ်ဆောင်ဖြစ်ခဲ့လဲ

WLB ဖွဲ့ပြီးတော့ အဓိကဦးတည်ပြီး လုပ်ခဲ့တာတွေကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်း ချမ်းရေးအစီအစဉ်၊ နိုင်ငံရေးစွမ်းရည်မြှင့်တင်ရေးအစီအစဉ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အစီအစဉ်တွေပါ။ နည်းနာအရတော့ စည်းရုံးလှုံ့ဆော်ရေးနဲ့ စွမ်းရည်မြှင့်တင်ရေးတွေကို အဓိကထားခဲ့ပါတယ်။ သင်တန်းတွေ၊ Workshop ခေါ်အလုပ်ရုံဆွေးနွေးပွဲတွေ၊ အထိမ်းအမှတ် အခမ်း အနားတွေ၊ ချီတက်ပွဲတွေ၊ နိုင်ငံရေးပါဝင်မှုမြှင့်တင်ရေးဆိုတဲ့ ရည်မှန်းချက်အရလည်း အဲဒီကာလ နယ်စပ်နိုင်ငံရေး အင်အားစုတွေကြားမှာရှိတဲ့ မဟာဗျူဟာဆွေးနွေးပွဲတွေ၊ နှီးနှောဖလှယ်ပွဲတွေကအစ WLB က ပါဝင်ခွင့်ရလာခဲ့ပါတယ်။ WLB ကို နိုင်ငံရေးတပ်ပေါင်းစုအဖြစ် အသိအမှတ်ပြုလာခဲ့တာတွေ ရှိပါတယ်။ မှတ်မှတ်ရရ လှုပ်ရှားမှုတခုကို ဥပမာအရ ပြောရရင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက် ရေး လှုပ်ရှားမှုတွေ၊ နိုင်ငံတကာစည်းရုံးလှုံ့ဆော်ရေးလုပ်ငန်းစဉ်နဲ့ တွဲဖက်လုပ်ဆောင်ခဲ့တာမျိုး၊ စစ်ပွဲ တွေမှာ တိုင်းရင်းသူအမျိုးသမီးတွေ လိင်အကြမ်းဖက်ခံနေရတဲ့အကြောင်း တိုင်းရင်းသူအမျိုးသမီး လူငယ်တွေက သူတို့ဒေသတွေမှာ အချက်အလက်ကောက်ပြီး အစီရင်ခံစာတွေပြုစု၊ နိုင်ငံတကာ အစည်းအဝေးတွေမှာ တင်ပြနိုင်တာမျိုးတွေပေါ့။ ဒီနောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေက အမျိုးသမီးတွေရဲ့စွမ်းဆောင်ရည်တွေကို အသိအမှတ်ပြုလာခဲ့တာပါ။ ပြီးတော့မှ FCDCC လို့ခေါ်တဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံမူကြမ်းရေးဆွဲရေးနဲ့ ညှိနှိုင်းရေးကော်မတီမှာလည်း WLB ကိုယ်စားလှယ်တွေပါဝင်ခဲ့ပြီး အနည်းဆုံး(၃၀)ရာခိုင်နှုန်း ကိုတာစနစ်တွေ ဘာတွေ ထည့်သွင်းနိုင်ရေး လုပ်ဆောင်ခဲ့ကြတယ်။

၅) ဆရာမတစ်ယောက်ထဲအနေနဲ့ရော ဘယ်လို လှုပ်ရှားမှုတွေကိုဆောင်ရွက်ဖြစ်ခဲ့လဲ ။ movement နဲ့ပတ်သတ်ပြီးလှုပ်ရှားမှုအတွေ့အကြုံတွေကို ပြောပြပေးပါ။

ကျမတယောက်ထဲအနေနဲ့တော့ ၁၉၈၈ ခုနှစ်၊ အသက် (၂၀)အရွယ် နယ်စပ်ဒေသကို ရောက်လာ ကတည်းက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ခေါင်းဆောင်ကြီးတွေဆီက သင်ယူ လေ့လာခွင့်တွေ အများကြီးရခဲ့ပါတယ်။ ဒါကြောင့် ABSDF ရဲ့လုပ်ငန်းစဉ်တွေမှာလည်း ဒီအပိုင်း (တိုင်းရင်းသားအရေး)ကို ပိုမိုသတိပြုဆောင်ရွက်ခဲ့တယ်လို့ ထင်ပါတယ်။ နောက်ပိုင်း BWU/WLB လှုပ်ရှားမှုတွေမှာ ဦးဆောင်လာခဲ့တော့လည်း မြန်မာနိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည် ဆောက်နိုင်မှ ပြည်တွင်းစစ် ရပ်နိုင်မယ်။ ဒီမိုကရေစီတည်ဆောက်နိုင်မယ်။ ဖွံ့ဖြိုးတိုးတက်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ပဲ WLB အတွင်းမှာ စည်းလုံးညီညွတ်မှုရရှိအောင်နဲ့ အမျိုးသမီးတွေရဲ့အသံကို နိုင်ငံ ရေးမှာ ပိုပြီးဖော်ထုတ်နိုင်ဖို့ဆိုတဲ့ကဏ္ဍတွေကို ထဲထဲဝင်ဝင်ကြိုးစားခဲ့ပါတယ်။ ပြီးတော့ နိုင်ငံရေးအဖွဲ့ အစည်းတွေမှာ လူငယ်တွေကို နေရာပေးမှုတွေ အားနည်းတာ၊ ဒီခေါင်းဆောင်ကြီးတွေ အသက် အရွယ် ဘယ်လောက်ကြီးကြီး သူတို့နေရာမှာ လူစားထိုးဖို့ နောက်ထပ်ခေါင်းဆောင်သစ်တွေ၊ မျိုး ဆက်သစ်တွေ ရှိမနေတာကို သတိထားမိပြီး ကိုယ်လုပ်လို့ရတဲ့အဖွဲ့အစည်းတွေမှာ လူငယ်တွေကို နေရာပေးနိုင်တဲ့ မူဝါဒတွေ၊ အစီအစဉ်တွေ လုပ်လို့ရသလောက် လုပ်ဆောင်ခဲ့ပါတယ်။ အဓိက အာရုံစိုက်ထားတာကတော့ တိုင်းရင်းသားအရေး ပြီးတော့ အမျိုးသမီး/ လူငယ်အရေးတွေပေါ့။ တိုင်း ရင်းသားတွေအနေနဲ့ သမိုင်းကြောင်းအရ မကျေလည်ခဲ့တဲ့ အရင်းခံအကြောင်းရင်းတွေကို နားလည် လက်ခံပြီး ငြိမ်းချမ်းရေးနဲ့ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာမှာ တတ်နိုင်သရွေ့ ဆက်လက်ပါဝင်သွားချင်တာကတော့ ကျမဆန္ဒပါ။ နယ်စပ်ဒေသမှာ အလုပ်လုပ်ခဲ့တုန်းကလည်း တိုင်း ရင်းသားအင်အားစုတွေနဲ့ ဒီမိုကရေစီအင်အားစုတွေ နားလည်မှုရှိပြီး စုစည်းညီညွတ်မှုရနိုင်မယ့် အခြေ အနေ၊ အခင်းအကျင်းကို မျှော်လင့်ခဲ့တယ်။ တတ်အားသရွေ့ကြိုးစားခဲ့တယ်။ အခုထိတော့ ဝေးနေ တုန်းပါဘဲ။ တိုင်းရင်းသားအင်အားစုတွေကြားထဲမှာလည်း အကောင်းဆုံးညှိနှိုင်းဆောင်ရွက်မှုတွေ ခိုင်ခိုင်မာမာရှိပြီး လူမျိုးတခုချင်းအရေးကို အခြေခံပြီး ပြည်ထောင်စုအရေးကို အလေးပေးတဲ့ မူဝါဒ တွေ၊ လုပ်ငန်းစဉ်တွေရှိစေချင်တယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေကို ဖော်ထုတ်မြှင့်တင်နိုင်တဲ့ အင်အား တွေ ရှိစေချင်တယ်။

၆) WLB အနေနဲ့ရော လှုပ်ရှားမှုတွေ ဆောင်ရွက်နေတာတွေရှိတယ်။ သွားချင်နေတဲ့ ရည်ရွယ်ချက် ကို ရောက်ဖို့အခြေအနေကိုလည်း ပြောပြပေးပါဆရာမ။

WLB ကတော့ အခု လူငယ်မျိုးဆက်သစ်တွေလက်ထဲမှာပေါ့။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်လာနိုင်ဖို့ ကြိုးစားနေကြတယ်။ အမျိုးသမီးတွေရဲ့အသံတွေဖော်ထုတ်နေကြတယ်။ အားလုံးပါဝင်ရေးကိုလည်း ပြောနေကြသလို တဖက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့လိုက်ပြီး တွေ့ဆုံဆွေးနွေးနေ တာတွေလည်း လုပ်နေကြတယ်။ အဲဒီအပေါ်မှာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို WLB က ဘယ်လိုပုံစံပါဝင် သွားချင်သလဲဆိုတာ ပြန်သုံးသပ်ပြီး အဖြေရှာရမှာပေါ့။ NCA ( တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချုပ်) အပေါ် အားလုံးပါဝင်တဲ့ဖြစ်စဉ် မဖြစ် ခဲ့တဲ့အပေါ် အခြေခံပြီး တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ သဘောထားကွဲတော့ WLB လည်း ဘာလုပ်ရမလဲစဉ်းစားနေရတာပေါ့။ ဒီနေရာမှာတော့ လူမျိုးတမျိုးချင်းစီရဲ့ နိုင်ငံရေးအရ ရှင် သန်မှုတွေကိုလည်း ထည့်စဉ်းစားလာရတော့ WLB ထဲမှာလည်း လူမျိုးတခုချင်းအရ သဘောထားတွေ ကိုလည်း ပိုအလေးထားလာရတာပေါ့။ အမျိုးသမီးတွေဘ၀လုံခြုံရေး၊ စီဒေါ (CEDAW) ကို မြန်မာအစိုးရက အပြည့်အ၀ လိုက်နာကျင့်သုံးရေး၊ အမျိုးသမီးများကို အကြမ်းဖက်မှုပပျောက်ရေး၊ တရားဥပဒေအရ အကာအကွယ်ပေးနိုင်ရေးတွေနဲ့အတူ WLB ကတော့ သမိုင်းကြောင်းအရလည်း ငြိမ်းချမ်းရေးအတွက် ဦးစားပေးလုပ်ဆောင်သွားရမယ့်အဖွဲ့အစည်းတခုဖြစ်ခဲ့တယ်။ ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်မယ့် ငြိမ်းချမ်းရေးဖြစ်စဉ်တခု ပေါ်ပေါက်ဖို့ဆိုရင် အဖွဲ့အစည်းတခုချင်းအရေး၊ လူမျိုးစုတခုချင်းအရေးကို ဦး တည်တဲ့စဉ်းစားချက်မျိုးထက် အနာဂတ်ကို ရှုမြင်တဲ့ ငြိမ်းချမ်းရေးကို ချဉ်းကပ်နိုင်ဖို့လည်း ပိုလိုအပ် လာမယ်လို့ပြောချင်ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ WLB ပါဝင်ရေးထက် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးအင်အားစုတွေအားလုံး သူ့နေရာနဲ့သူ ပါဝင်နိုင်ရေးကို ဦးတည်လုပ်ဆောင်ရမှာတွေလည်း ရှိပါတယ်။

၇) ကျွန်မတို့တွေက လှုပ်ရှားမှုတွေကို အသီးသီးဆောင်ရွက်ကြတယ်။ ပုံစံအမျိုးမျိုးနဲ့ နေရာဒေသအသီးသီးကဖြစ်စေ မတူညီမှုတွေစုစည်းပြီးတော့ အပြောင်းအလဲတစ်ခုရဖို့ လှုပ်ရှားမှု တွေကို ဆောင်ရွက်ကြတာမျိုးတွေရှိတယ်။ ကျွန်မတို့အနေနဲ့လည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပြောင်းအလဲတစ်ခုကို လုပ်ဆောင်ဖို့ဆိုရင် တူညီတဲ့ အခြေခံ့မှု common ground တစ်ခုရဖို့ ဘယ်လို ဆောင်ရွက်သင့်တယ်လို ထင်ပါသလဲ

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့လှုပ်ရှားမှုတွေဖြစ်လာဖို့ဆိုရင် တိုင်းပြည်ရဲ့ နိုင်ငံရေးလိုအပ်ချက်တွေကို သေချာသဘောပေါက်ထားဖို့လိုမယ်။ ဥပမာ – စစ်ပွဲတွေရပ်ဖို့ဆိုတာ ရန်ကုန်/မန်းလေးက လူတွေက တိုင်းရင်းသားဒေသတွေအတွက် ပြောပေးနေတာမျိုးမဟုတ်ဘဲနဲ့ သူတို့ဒေသရဲ့ဖွံ့ဖြိုးတိုးတက်မှု၊ လုံခြုံ မှုတွေနဲ့ပါ ဆက်နွယ်ပြီး သူတို့လိုအပ်ချက်အဖြစ် ခံယူပြီး တောင်းဆိုတာမျိုးဖြစ်ဖို့လိုတယ်။ ဗမာတွေ က တိုင်းရင်းသားတွအပေါ် မတရားလုပ်နေတာ မျက်နှာပူလို့ဝင်ပါရတယ်ဆိုတာမျိုးဖြစ်လို့ မရဘူး။ ဒီလိုပဲ တိုင်းရင်းသားဒေသက လူတွေကလည်း စစ်ပွဲတွေဖြစ်နေတဲ့အတွက် ကိုယ့်ဒေသမှာ နစ်နာနေ သလို တတိုင်းပြည်လုံး ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး နိမ့်ကျနေရတယ်ဆိုတဲ့ နားလည် သဘောပေါက်မှုမျိုးနဲ့လုပ်တဲ့ “စစ်ပွဲရပ်” လှုပ်ရှားမှုဖြစ်ဖို့လိုတယ်။ လှုပ်ရှားမှုတွေလုပ်တဲ့အခါ အားလုံး ပါဝင်နိုင်တဲ့လှုပ်ရှားမှုတွေဖြစ်ဖို့လိုမယ်။ ဦးတည်ချက်/ရည်ရွယ်ချက်နဲ့ ဆောင်ပုဒ်တွေ၊ ကြွေး ကျော်သံ တွေ ရွေးချယ်တာကအစ သတိထားဆောင်ရွက်သင့်တယ်။ လူထုတရပ်လုံး၊ အားလုံးဘ၀နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာနဲ့ ခံစားမှု၊ လိုအပ်မှု ဖြစ်ဖို့လိုအပ်ပါတယ်။ အမျိုးသမီးဆိုရင်လည်း တနိုင်ငံလုံးက အမျိုးသမီးအားလုံးရဲ့ဘ၀တွေနဲ့သက်ဆိုင်ရမယ်။ လူငယ်ဆိုလည်း တနိုင်ငံလုံးက လူငယ်တွေဘ၀နဲ့ ဆက်စပ်မှုရှိရပါမယ်။ ဒါတွေကို မဟာဗျူဟာကျကျ အဆင့်ဆင့်လုပ်ဆောင် သွားမှသာ အပြောင်းအလဲကို ဆောင်ကျဉ်းနိုင်တဲ့ အမျိုးသမီးတွေ လူငယ်တွေဖြစ်လာကြမှာ ဖြစ်ပါတယ်။ ဟိုအုပ်စုအတွက် ဒီအုပ်စုအတွက် ဟိုလူမျိုးအတွက် ဒီလူမျိုးအတွက် ဟိုဒေသ ဒီဒေသ တွေအတွက် ကယ်တင်မယ်ဆိုတဲ့ပုံစံ၊ သဘောတရားတွေနဲ့ သွားနေလို့မရပါဘူး။ ငါတို့ပြသနာမို့ မင်းတို့ကူညီပါဖြစ်လို့မရသလို မင်းတို့ပြသနာကို ငါတို့ကူညီမယ်လို့လည်းဖြစ်လို့မရပါဘူး။ ဦးတည် ချက်၊ မျှော်မှန်းချက်အရပါ အားလုံးရဲ့ပြသနာအဖြစ် နားလည်အောင် ဆောင်ရွက်ပြီးမှ လှုပ်ရှားဖို့ လိုအပ်ပါမယ်။

၈) ဆရာမအနေနဲ့ ဘာတွေများရှေ့ဆက်ဆာင်ရွက်သွားဖို့ရှိပါသေးသလဲ

ကျမအနေနဲ့တော့ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်မှာ တစိတ်တပိုင်းပါဝင်နေတာရှိတယ်။ လက်ရှိမှာ NCA လို့ပြောရင် သဘောမကျတဲ့သူတွေလည်း အများကြီးရှိပါတယ်။ ဒီအများသဘောမကျဘူးလို့ထင်ရတဲ့ NCA ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ဦးဆောင်ပြီး ရေးခဲ့တာပါ။ ဒါပေမယ့် အပြန်အလှန်ညှိနှိုင်းဆောင်ချမှတ်ရတာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ NCA ကို နိုင်ငံရေးဆွေးနွေးပွဲ လမ်းကြောင်းပွင့်ဖို့ အကောင်းဆုံးအသုံးချနိုင်တဲ့ တံတားတခုဖြစ်စေချင်တာပါ။ လက်ရှိမှာတော့ အထစ်အငေါ့၊ အဟန့်အတားတွေ၊ အများကြီးရှိနေသေးသလို အားလုံးမပါနိုင်သေးတဲ့အခြေအနေနဲ့ တာထွက်လာခဲ့တာ စစ်ပွဲတွေဆက်ဖြစ်နေတဲ့အထိပေါ့။ ဒါပေမယ့်လည်း တပ်မတော်ကိုယ်တိုင် ပါဝင်နေတဲ့ တခုတည်းသောဖြစ်စဉ်အဖြစ် အရင်ခေတ်အဆက်ဆက်ကလို လက်နက်စွန့် ဥပဒေ ဘောင်ထဲဝင် နိုင်ငံရေးပါတီထောင်ဆိုတဲ့ ဖိအားတွေမရှိတာကို အခွင့်ကောင်းယူပြီး နိုင်ငံရေးတိုက်ပွဲ အတွက် ပြင်ဆင်စေချင်တယ်။ ပါဝင်စေချင်တယ်။ ခိုင်မာတဲ့မဟာဗျူဟာတွေချမှတ်နိုင်တဲ့ ညီညွတ် ရေးနဲ့ အင်အားတွေလည်း ရှိစေချင်ပါတယ်။ ကျမတို့ ABSDF အနေနဲ့တော့ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနဲ့ပါတ်သက်ပြီး ပေါ်ပေါက်လာနိုင်တဲ့ အခက်အခဲတွေ အတွက် နိုင်ငံရေးအင်အားစုတွေနဲ့ လူထုကြားထဲမှာ ကြိုတင်ဆွေးနွေးမှု၊ တိုင်ပင်မှုတွေ လုပ်ဆောင် နေပါပြီ။ ဆက်လက်ပြီးတော့လည်း တတ်နိုင်သရွေ့လုပ်ဆောင်သွားမှာပါ။ ကျမတို့ ဒီမိုကရေစီရေးနဲ့ဖက်ဒရယ် ရေးအတွက်လုပ်ခဲ့တာ အနှစ်(၃၀)ကြာခဲ့ပြီ။ အချိန်တွေ ဆက်အကုန်ခံလို့ မဖြစ်တော့ဘူး။ အချိန်တွေ ဆက်ဆွဲနေလို့လည်း မသင့်တော့ဘူး။ တချိန်တခါတုန်းက တောကြိုတောင်ကြားမှာသာ လေ့လာခွင့်၊ ပြောဆိုဆွေးနွေးခွင့်ရခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးဆိုတာကို အခုအချိန် မြို့ပေါ်မှာ တရားဝင်ပြောဆိုခွင့်ရပြီ။ နိုင်ငံရေးအင်အားစုတွေနဲ့ လူထုကြားမှာ လက်တွေ့အကောင်အထည် ဖော် နိုင်ဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ တတ်နိုင်သလောက် ဆက်လုပ်သွားမှာပါ။ အခုအချိန်မှာ တိုင်းရင်းသား အင်အားစုတွေကြားမှာ ဖက်ဒရယ်အခြေခံအုတ်မြစ်ချဖိုနဲ့ ပြည်ထောင်စုတည်ဆောက်မှုပုံစံအပေါ် ကြိုတင်သဘောတူညီချက်တွေရရှိထားပြီး အဆင်သင့်ဖြစ်နေဖို့ လိုပါတယ်။

၉) ဖြည့်စွက်ပြောကြားချင်တာမျိုးရှိရင်ဖြေပေးပါအုံး ဆရာမ

ကျမတို့လိုချင်တဲ့အနာဂတ်နိုင်ငံက ဒီမိုကရေစီအုတ်မြစ်နဲ့ ဖက်ဒရယ်အုတ်မြစ် ဒီ(၂)ခုအပေါ် အခြေခံ ပြီး တည်ဆောက်ထားတဲ့ ပြည်ထောင်စုပါ။ ဒီအပေါ်မှာ ယုံကြည်တက်ကြွတဲ့လူငယ်နဲ့ အမျိုးသမီး အင်အားစုတွေလိုပါတယ်။ အနာဂတ်ကို တွက်ဆပြီး လက်ရှိအနေအထားတွေမှာ မူဝါဒချမှတ်တဲ့ အပိုင်း၊ အကောင်အထည်ဖော်မှုအပိုင်းတွေကို ပါဝင်နိုင်ဖို့လိုမယ်။ အထူးသဖြင့် တိုင်းရင်းသားရေးရာ တွေမှာ ပိုမိုနားလည်အောင်၊ ယုံကြည်ချက်ရှိအောင်၊ လူငယ်နဲ့ အမျိုးသမီးအင်အားစုတွေက ကြိုးစား ရမှာပါ။ အပြောင်းအလဲကိုတွန်းနိုင်ဖို့လိုသလို အပြောင်းအလဲကို တွန်းတဲ့အခါမှာလည်း လက်ရှိအနေ အထားတွေနဲ့ ဟန်ချက်ညီဖို့ချိန်ဆရမယ်လို့ထင်ပါတယ်။

စုလေးငုံ မေးမြန်းရေးသားသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s