လူထုလှုပ်ရှားမှုများနဲ့ သူ

ကချင်ငြိမ်းချမ်းရေးနှင့်ပက်သက်သောလှုပ်ရှားမှုတွေပြုလုပ်ခဲ့တဲ့ ပြုလုပ်နေဆဲဖြစ်တဲ့ ဆရာမ နမ်ပူနှင့်လှုပ်ရှားမှုအကြောင်း ဆွေးနွေးခြင်း

ဆရာမနန်ပူကတော့ ကချင်ပြည်နယ်တနိုင်းမြို့ဇာတိဖြစ်ပြီး လက်ရှိ မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်မှာ နေထိုင်နေပါတယ်။ လက်ရှိမှာတော့ တွယ်ဂျန်ဒါဖောင်ဒေးရှင်း(Htoi Gender and Development Foundation)ရဲ့ ဒါရိုက်တာအဖြစ်လုပ်ကိုင်နေပြီး တခြားသော အမျိုးသမီးရေး၊ ဂျန်ဒါနှင့် ငြိမ်းချမ်းရေးနှင့်ပတ်သတ်သော အဖွဲ့အစည်းများနှင့် ယင်းတို့နှင့်ပတ်သတ်သောလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်လျှက်ရှိပါတယ်။
မေး။ ဆရာမအနေနဲ့ ဘယ်လိုလှုပ်ရှားမှုတွေကို ဆောင်ရွက်နေပါသလဲ။
ဖြေ။။ အခုကျွန်မတို့လုပ်တာကတော့ ကချင်ပြည်နယ်ငြိမ်းချမ်းရေးနဲ့ပတ်သတ်တာ. စစ်ပွဲတွေရပ်ဖို့အရေးတွေ။ ပိတ်မိပြည်သူလွတ်မြောက်ရေးနဲ့ပတ်သတ်တာတွေအတွက် အခုလောလောဆယ်တော့ လုပ်နေပါတယ်။ များသောအားဖြင့်ကတော့ အမျိုးသမီးအခွင့်အရေးနဲ့ဆိုင်တာ၊ အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုနဲ့ဆိုင်တာ ပြီးတော့ ပဋိပက္ခဒေသတွင်းက အမျိုးသမီးတွေရဲ့ အရေးကိစ္စတွေကို ပြောတာတွေ၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာပါဝင်ဖို့လည်းဖြစ်မယ်။ ပဋိပက္ခတွင်းမှာ အမျိုးသမီးအကြမ်းဖက်ခံရတာတွေကို တရားမျှတမှုရအောင်လုပ်ဆောင်တဲ့နေရာတွေမှာလည်းဖြစ်မယ်။ ပြီးတော့ ပဋိပက္ခကြောင့် စစ်ဘေးဒုက္ခသည်စခန်းကိုရောက်သွားတဲ့အမျိုးသမီးတွေရဲ့လိုအပ်ချက်တွေနဲ့ သူတို့ရဲ့အခွင့်အရေးဆုံးရှုံးမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေတွေကို တရားမျှတမှုရအောင် လုပ်ဆောင်ပေးတဲ့ကဏ္ဍတွေမှာလည်း ကျွန်မတို့လုပ်နေပါတယ်။ အဲ့ဒီလိုလုပ်တဲ့အခါမှာ အမြင်ဖွင့်သင်တန်းတွေလည်း ကျွန်မတို့လုပ်ဆောင်တယ်။ ပြီးတော့ ဆွေးနွေးပွဲတွေလည်းကျွန်မတို့လုပ်ဆောင်တယ်။ နောက်တစ်ခုက အဓိကဆုံးဖြတ်ချက်ချနိုင်တဲ့သူ တွေ ၊သက်ဆိုင်ရာအာဏာရရဲတို့၊ အစိုးရတို့ ဌာနဆိုင်ရာတို့နဲ့တွေ့ဆုံပြီးတော့ ကချင်ပြည်နယ်မှာရှိတဲ့အမျိုးသမီးအရေး၊ ပြည်သူလူထုတွေရဲ့အရေးကိစ္စတွေကို တင်ပြပြီး သူတို့တွေ လုပ်ဆောင်နိုင်မယ့်အရာတွေကို အကြံပြုချက်တွေ ယူပြီးတော့ လုပ်ဆောင်တာတွေကို ကျွန်မတို့လုပ်ပါတယ်
မေး ။ ။ ဒီလိုလှုပ်ရှားမှု တွေကို ဆောင်ရွက်တဲ့နေရာမှာ တစ်ယောက်ချင်းစီလား အဖွဲ့လိုက်လား ဘယ်လိုမျိုးဆောင်ရွက်တာမျိုးလဲ
ဖြေ ။ ။ တွယ်ဂျန်ဒါအနေနဲ့လည်း လုပ်ပါတယ်။ နောက်ပြီးကချင်ပြည်နယ်မှာ အမျိုးသမီးအဖွဲ့သေးသေးလေးတွေရှိတယ်။ အဲ့ဒီအဖွဲ့တွေပူးပေါင်းလုပ်ဆောင်ဖို့ဆိုပြီး ကချင်အမျိုးသမီးကွန်ရက်(Kachin State Women Network)ကို ကျွန်မစတင်တည်ထောင်ခဲ့တယ်။ အခုဆိုရင်တော့ ကျယ်ကျယ်ပြန့်ပြန်လုပ်ဆောင်လာနိုင်တဲ့အခြေအနေကိုရောက်ပီပေါ့။ အခက်အခဲတွေတော့ အများကြီးလည်းရှိပါတယ်။ ပြီးတော့ ကချင်ပြည်နယ်အရပ်ဘက်လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ်အတွက် ကချင်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းငြိမ်းချမ်းရေးကွန်ရက်ကိုလည်း စတင်တည်ထောင်ခဲ့တယ်။ အဲ့ဒီမှာပဲ အခုတော့ ညှိနှိုင်းရေးတာဝန်မှူးအဖြစ်တာဝန်ယူ လုပ်ဆောင်နေပါတယ်။ ဆက်ပြီးတော့ ဒီကွန်ရက်တွေက ကချင်ပြည်သူတွေအတွက် ဆောင်ရွက်ပေးနိုင်ဖို့ ကျွန်မအနေနဲ့ ဆက်ပြီးတော့ လုပ်ဆောင်နေတယ်။ ထို့အပြင် ကချင်ပြည်နယ်ပဲမဟုတ်ပဲနဲ့ ပဋိပက္ခဒေသမှာရှိတဲ့တိုင်းရင်းသူအမျိုးသမီးများအရေး၊ ကျားမတန်းတူညီမျှရေးကို လုပ်ဆောင်တဲ့ ကွန်ရက်တို့ မဟာမိတ်အဖွဲ့တွေနဲ့လည်း ပူးပေါင်းပြီးလုပ်ဆောင်မှုတွေ၊ မဟာမိတ်အဖွဲ့တွေမှာလည်း ပဲ့ကိုင်ကော်မတီဝင်တစ်ဦးအနေနဲ့ ပါဝင်ခြင်းအားဖြင့် လုပ်ဆောင်နေပါတယ်။ ဒီလိုလုပ်ဆောင်ရတဲ့ရည်ရွယ်ကတော့ ကချင်ပြည်နယ်မှာရှိတဲ့အမျိုးသမီးအရေးကို ကချင်ပြည်နယ်မှာရှိတဲ့ကချင်တွေကပဲ လုပ်ဆောင်တာမဟုတ်ပဲနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးလုပ်ဆောင်တဲ့အခါမှာ ကျွန်မတို့ရဲ့ အရေးကိစ္စတွေက ပိုပြီးတော့ အောင်မြင်လာမယ်လို့ ရည်ရွယ်ပြီးတော့ ပူးပေါင်းလုပ်ဆောင်တာပါ။ နိုင်ငံထဲမှာလည်းမဟုတ်ပဲနဲ့ အာဆီယံအဆင့်သာမက အခြားနိုင်ငံတွေနဲ့လည်း ချိတ်ဆက်ပြီးတော့ လုပ်ဆောင်ဖို့ရှိပါတယ်။ အခုဆိုရင်လည်း ပိတ်မိပြည်သူတွေလွတ်မြောက်ရေးနဲ့ပတ်သတ်ပြီးတော့ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာရှိတဲ့ CSOs တွေ အရပ်ဖက်အဖွဲ့အစည်း ၅၆၀ ကျော်က သမ္မတဆီကို အိတ်ဖွင့်ပေးစာရေးဖို့ ကျွန်မအနေနဲ့ အကူညီတောင်းလိုက်တဲ့အခါမှာ သူတို့က ကူညီခြင်းအားဖြင့် တစ်နိုင်ငံလုံးကပါဝင်ပြီးတော့ ကျွန်မတို့အရေးကို လုပ်ဆောင်လာတယ်။ ပြီးတော့ ကျောင်းသားသမဂ္ဂတွေ၊ လူငယ်တွေကလည်း ကချင်က ပိတ်မိပြည်သူတွေလွတ်မြောက်ရေးမှာ ပါဝင်ပြီးတော့ လှုပ်ရှားနေတယ်ဆိုတာလည်း ကျွန်မတို့က မြင်နေရပါပြီ။ ပြီးတော့ ငြိမ်းချမ်းရေးအတွက်ကျားမတန်းတူးရေးမဟာမိတ်အဖွဲ့(AGIPP) အနေနဲ့လည်း အိတ်ဖွင့်ပေးစာတစ်ခုရေးသားပြီးတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုလည်းပို့တယ်၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်းပို့တယ်၊ သမ္မတကိုလည်းပို့တယ်။ ဒီ အိတ်ဖွင့်ပေးစာ ကို သမ္မတတို့ ဒေါ်အောင်ဆန်းစုကြည်တို့က မဖတ်မိတဲ့တိုင်အောင် ဒီစာကို ပြည်သူတွေက ဖတ်မိပြီးတော့ ဒီလိုပါလားဆိုပြီး အမြင်တွေပွင့်လာပြီး ကျွန်မတို့ဘက်ကရပ်တည်ပြီးပါဝင်ပေးခြင်းတွေရှိနေပါတယ်။ အမျိုးသမီးအရေးဆိုရင်လည်း အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာတွေ၊ လူကုန်ကူးခံရတဲ့ကိစ္စတွေ၊ သက်ငယ်မုဒိန်းမှုတွေ၊ စစ်ပွဲအတွင်း အမျိုးသမီးတွေကို စော်ကားတဲ့အမှုတွေ၊ ကျွန်မတို့ကချင်တွေရဲ့ ရိုးရာယဉ်ကျေးမှုအရ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံတာတွေ ဖိနှိပ်တာတွေ ဒီလိုအရေးကိစ္စတွေကို တက်ကြွလှုပ်ရှားမှူဆန်ဆန် လုပ်ဆောင်ဖြေရှင်းနေပါတယ်။

မေး ။။ လှုပ်ရှားမှုတွေဆောင်ရွက်တဲ့နေရာမှာ ရည်ရွယ်ချက်နဲ့ အောင်မြင်မှုတွေရောရခဲ့လား
ဖြေ ။ ။ ကျွန်မအနေနဲ့ဆိုရင်တော့ ရည်ရွယ်ချက်တွေ ရည်မှန်းချက်တွေကို ရောက်တယ်လို့တော့မထင်ဘူး။ အမျိုးသမီးတွေအတွက် တရားမျှတလွတ်လပ်မှုက လက်လှမ်းမှီအပြည့်အဝရရှိရေးကိစ္စတွေမှာလည်း ရပြီလို့ကျွန်မတို့ပြောလို့မရသေးဘူး။ အောင်မြင်တယ်လို့ပြောလို့မရသေးဘူး။ ဒါပေမယ့် ရှေ့ဆက်ဖို့အတွက်က အတွေ့အကြုံတွေရင့်ကျက်လာတယ်။ ပြီးတော့ ကိစ္စတွေကို နေရာဒေသတိုင်းမှာ ကြုံတွေ့ရတဲ့အခါမှာ ကျွန်မတို့ကို အားကိုးတစ်ကြီးနဲ့ အကူညီတောင်းတယ်ဆိုရင် ကျွန်မတို့က ဖုန်းနဲ့သော်လည်းကောင်း လူကိုယ်တိုင်သော်လည်းကောင်း အကြံဥာဏ်ပေးနိုင်တယ်။ ကျွန်မတို့ကိုယ်တိုင် အရည်အသွေးတွေက ပြည့်မှီလာတယ်ထင်တယ်။ အရင်က ကချင်ပြည်နယ်တွင်းက မြစ်ကြီးနားပဲ။ နောက်ပိုင်းတော့ ဖားကန့်တို့၊ ဗန်းမော်တို့၊ တနိုင်းတို့စသဖြင့် မြို့နယ်တော်တော်များမျးးနဲ့ ချိတ်ဆက်လုပ်ဆောင်မှုတွေ များပြားလာတယ်။ကချင်ပြည်နယ်ရဲ့အရေးကိစ္စတွေကို ရဲတွေ၊ တရားရုံးတွေက အမျိုးသမီးတွေအပေါ် ကောင်းကောင်းမွန်မွန်မလုပ်ဆောင်ပေးဘူးဆိုရင်လည်း နေပြည်တော်က အမျိုးသမီးအခွင့်အရေးလှုပ်ရှားနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ချိတ်ဆက်ပြီးတော့ လုပ်ဆောင်လာနိုင်တာတွေရှိပါတယ်။ ဒါပေမယ့် လုပ်ငန်းလုပ်ဆောင်မှုတွေမှာ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတဲ့အချက်တွေ ပိုမိုရှာဖွေလာနိုင်တယ် စိန်ခေါ်မှုတွေကတော့ အများကြီးတော့ရှိပါတယ်။
မေး ။ ။ ဒီလိုလှုပ်ရှားမှုတွေကို ဆောင်ရွက်တဲ့နေရာမှာ မြင်သာထင်သာရှိတဲ့အခက်အခဲတွေကရော ဘာတွေဖြစ်မလဲ
ဖြေ ။ ။ အဓိကအားဖြင့် ကျွန်မတို့က သင်တန်းလုပ်မယ်ဆိုရင် တာဝန်ရှိတဲ့သူတွေက ပိတ်ပင်တာမျိုး။ ဘုရားကျောင်းတွေမှာ ဂျန်ဒါအကြောင်းပြောမယ်ဆိုရင် ဘာသာရေးခေါင်းဆောင်တွေက လက်မခံဘူး။ဒီတော့ ကျွန်မတို့ တွယ်ဂျန်ဒါဆိုတဲ့အဖွဲ့အစည်းနာမည်တွေ၊ ကျွန်မနာမည် နန်ပူဆိုတာတွေကို ဘုရားကျောင်းတွေမှာသွားပြီးတော့ သင်တန်းလုပ်မယ်ဆိုရင် ဂျန်ဒါသင်တာနဲ့ မိသားစုတွေ တကွဲတပြားဖြစ်မယ်ဆိုတဲ့ပုံစံမျိုးတွေ။ တကွဲတပြားဖြစ်တယ်ဆိုတာမျိုးမရှိပေမယ့် ကျွန်မတို့က အမျိုးသမီးတွေကို ကိုယ်ပိုင်အရည်အသွေးတက်ပြီးတော့ ပြောရဲဆိုရဲလာတယ်။ သူတို့တွေနဲ့ ဆွေးနွေးနိုင်လာတဲ့အခါမှာကြောက်လာပြီး သင်တန်းလာပေးတာကို မလိုလားဘူးဆိုတာတွေတွေ့ရတယ်။ အဲ့တာက သင်တန်းပိုင်းဆိုင်ရာတွေ။ နောက်တစ်ခုက ဥပဒေပိုင်းဆိုင်ရာ တရားရင်ဆိုင်တဲ့အခါမှာ ပိုက်ဆံမရှိဘူး အာဏာမရှိဘူးဆိုတဲ့အမျိုးသမီးက ပိုပြီးတော့ ခံရတယ်။ “သူတို့ကအဲ့လိုဖြစ်မှာပေါ့ အစထဲက ပလပ်ပလပ်နဲ့” ဆိုပြီးကချင်လူကြီးတွေကပြောတယ်။ ကချင်လူကြီးတွေက ရိုးရာယဉ်ကျေးမှုအရ ဖြေရှင်းတဲ့နေရာမှာလည်း အမျိုးသမီးတွေကို ကချင်တွေက နွားနဲ့တင်တောင်းရတယ်။ မောင်းနဲ့တင်တောင်းရတယ်။ မောင်းဆိုတာကထုရတယ် ဆိုတဲ့သဘောဆိုတဲ့ အမျိုးသမီးတွေကို နွားပေးထားတဲ့အတွက် ရိုက်ပြီးတော့ခိုင်းစားရမယ်ဆိုတာတွေ၊ မောင်းလိုပဲထုရမယ် ဒါမျိုးတွေအခုထိပြောနေတုန်းပဲ။ ဒါတွေက ကျွန်မတို့အတွက်စိန်ခေါ်မှုအကြီးကြီးပဲ။
မေး ။ ။ ဆရာမအနေနဲ့ လှုပ်ရှားမှု (movement) ကို ဘယ်လိုနားလည်ပါသလဲ။
ဖြေ ။ ။ လှုပ်ရှားမှု ဆိုတာက မကောင်းနေတဲ့အခြေအနေတစ်ခု၊ ပြည်သူလူထုကို အကျိုးမပေးတဲ့အခြေအနေတစ်ခုမှာ ပြည်သူလူထုက သူတို့ကရသင့်ရထိုက်တဲ့အခွင့်အရေးကို အမျိုးသမီးတွေပဲဖြစ်ဖြစ်၊ မသန်စွမ်းသူတွေပဲဖြစ်ဖြစ် ၊ ကလေးသူငယ်တွေပဲဖြစ်ဖြစ်သူတို့ရဲ့လူသားတစ်ယောက်အနေနဲ့ရသင့်ရထိုက်တဲ့အခွင့်အရေးရအောင်လုပ်နိုင်ဖို့ရန်အတွက်နဲ့ သူနေတဲ့ပတ်ဝန်းကျင်ကလည်း ဒါကိုလက်ခံဖို့ ဒီဟာကိုပြောင်းလဲသွားအောင် ဒါကိုရအောင်လုပ်ဆောင်သွားနိုင်ဖို့ လုပ်တဲ့လှုပ်ရှားမှုတစ်ခုဖြစ်တယ်။ အဲ့ဒီလှုပ်ရှားမှုက ဖြစ်စဉ်တစ်ခုဖြစ်တယ်။ တစ်ခါလုပ်ပြီးတော့ တစ်ခါအုံကြွပြီးတော့ ကောက်ရိုးမီးလောင်ပုံစံမျိုးနဲ့ရမှာမဟုတ်ဘူး။ တစ်ခါလုပ်ပြီးရင် အမြဲ နောက်ပိုင်းတွေကိုလဲ ဘာဖြစ်နေပြီလဲ ဘာထပ်လုပ်ရမလဆိုတာကို လိုက်ရမယ်။ နောက်တစ်ကြိမ်ဘယ်လိုဆက်လုပ်ရမယ်ဆိုတဲ့ နည်းဗျူဟာတွေဆွဲပြီးတော့မှ ကိုယ့်ရဲ့စတဲ့အချိန်ကနေ မထင်မှတ်ပဲအောင်မြင်သွားတဲ့အရာတွေကို သင်ခန်းစာ လုပ်ပြီးမှတ်ထားပြီးတော့ ဘယ်လိုဆက်ပြီးလုပ်ရမယ်ဆိုပြီးတော့သွားတဲ့ဟာကို လှုပ်ရှားမှုmovement လို့ ကျွန်မအတွေ့အကြုံအရ သဘောပေါက်ပါတယ် ။အဲ့လိုမျိုးလုပ်တဲ့အခါမှာ ကိုယ်တစ်ယောက်ထဲမရဘူး။ ပူးပေါင်းလုပ်ဆောင်ရမယ် ၊ အားလုံးသဘောဆန္ဒတွေရှိအောင် စည်းရုံးလှုံ့ဆော်မှုတွေလုပ်နိုင်ရမယ် ။ အဲ့ဒီအခါမှ ကိုယ့်ရဲ့လှုပ်ရှားမှုကအသက်ရှင်ပြီးတော့ ကိုယ်ဖြစ်ချင်တဲ့ အပြောင်းအလဲတစ်ခုကို ရနိုင်မှာပါ။

မေး ။။ အားလုံးပါဝင်နိုင်မယ့်အပြောင်းအလဲတစ်ခုလုပ်ဖို့အတွက် ဘယ်လိုတူညီတဲ့ ကြမ်းပြင် ကိုရှာဖွေရမယ်ထင်လဲ
ဖြေ ။။ တူညီတဲ့ ပန်းတိုင် တွေနဲ့ တူညီတဲ့ရည်မှန်းချက်တွေရှိရမယ်။ ဂျန်ဒါတန်းတူရေးလုပ်မယ်ဆိုရင် ဒါလုပ်တဲ့သူတွေကစုပေါင်းပြီးတော့ မတူညီတဲ့ ဒါနဲ့ပတ်သတ်ပြီး ဘယ်လိုမတူညီတဲ့အချက်တွေရှိလဲဆိုတာ ဗျူဟာတမျိုးစီနဲ့ ကချင်မှာဆိုရင်ကချင်ယဉ်ကျေးမှုအရ တမျိုး၊ ဘယ်လိုပုံစံလုပ်ဖို့သင့်တယ်။ ရခိုင်မှာဆိုလည်းရခိုင်ရဲ့အခက်အခဲတွေကို ဘယ်လိုဖြေရှင်းမယ်ဆိုပြီးတော့ရှိမယ်။ မြေပြင် တစ်ခုကတော့ ဂျန်ဒါတန်းတူရေးနဲ့ အမျိုးသမီးတွေ ဆုံးဖြတ်ချက်ချတဲ့နေရာမှာပါဝင်ရေးဆိုတဲ့ဟာတွေကိုသွားမယ်ဆိုရင် အားလုံးပါဝင်နိုင်မယ့် တူညီတဲ့ကြမ်းပြင် ကတော့ အဲ့ဒီဟာဖြစ်လိမ့်မယ်။ သွားတဲ့ဗျူဟာ ကတော့ ကွဲရင်ကွဲမယ်။ ဒါပေမယ့်အတူပူးပေါင်းလုပ်ဆောင်ပြီးတော့မှ အချင်းချင်းရဲ့ အခက်ခဲတွေကိုပြောပြပြီးတော့မှ ဒါဆိုရင်ဒီလိုလုပ်သင့်တယ်ဆိုပြီး ကိုယ့်ဒေသမှာလုပ်ခဲ့တဲ့ ယူခဲတဲ့ သင်ခန်းစာ တွေကို တခြားပြည်နယ်ကလူတွေကိုလည်း ဝေမျှတဲ့ တဲ့အစီအစဉ်တွေလည်းရှိရင်ကောင်းမယ်လို့ထင်ပါတယ်။ ဒါကကျွန်မရိုးရိုးလေးမြင်တာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s