လရိပ်ပိုးမျှင်ဖန်တီးသူ သော်တာအေးလဲ့ နှင့်တွေ့ဆုံခြင်း

ဒီတလ အတွက် ရွေးထားတဲ့ အကြောင်းအရာက စာပေ ဖြစ်တာကြောင့် စာရေးဆရာမ သော်တာအေးလဲ့ကို အင်တာဗျူး ဖြစ်ပါတယ်။ ဆရာမ သော်တာအေးလဲ က လရိပ်မိုးမျှင် ၀တ္တုအရှည်နဲ့ ပရိသတ်သိလာသူ ဖြစ်ပါတယ်။ဲ့ ၀တ္ထုတို တွေ ကြိုကြား ရေးပြီး အရေးကောင်းသူလဲ ဖြစ်ပါတယ်။လရိပ်ပိုးမျှင် ၀တ္တုရှည်ထဲမှာ လူသားဆန်တဲ့ အော်ရီဂျင်နယ်ဆန်တဲ့ ဇာတ်ကောင်ရှယ်လီရဲ့ဇာတ်ကောင်တည်ဆောက်ပုံ ကိုလဲ ကျမ တော်တော် နှစ်ခြိုက်မိတယ်။ ဆရာမ အေးလဲ့ က ဂျန်ဒါဘာသာရပ်နဲ့လဲ ကျောင်းပြီးသူဖြစ်လို့ အကယ်ဒမစ်လောက မှာလဲ လက်ရှိ သုသေသနတွေ လုပ်နေသူလဲဖြစ်တဲ့ အတွက် ဖမေးနစ်အမြင် ဂျန်ဒါ အမြင်လဲ အားကောင်းသလို စာပေ ဖက်မှာလဲသူ့ရဲ့ ရှုထောင့်တွေ ဟာ ကြားနေကျစကားမျိုးတွေမဟုတ်ပဲ တမျိုး ဆန်းသစ်နေတယ်။ စာပေကို လူမှုဓလေ့ထဲထည့်ပြီး လေ့လာကြည့်နေတဲ့ အလေ့အထကို လဲ သူ့အင်တာဗျူးတွေက တဆင့်မြင်ရပါတယ်။ စာပေ ကို ဖန်တီးတဲ့ လူတယောက်အနေနဲ့ရော ဂျန်ဒါလူမှုဓလေ့ရှုထောင့်ကနေလဲ ဆွေးနွေးနိုင်သူဖြစ်တဲ့ ဆရာမအေးလဲ့ နဲ့တွေ့ဆုံမေးမြန်း ခန်းကို ကျမ ပျိုးလက်ဟန်က မေးမြန်း တည်းဖြတ်ပြီး စုလေးငုံမှ အင်တာဗျူးအသံတွေကို နားထောင်ပြီး စာရိုက်ပေးပါတယ်။
မေး။။လရိပ်ပိုးမျှင် ၀တ္တုကနေ စပြောရအောင် လရိပ်မိုးမျှင်က ဘယ်လိုစပြီး တည်ဖြစ် ရေးဖြစ်တာလဲ။ …..
လရိပ်ပိုးမျှင်က ကျွန်တော် ၂၀၀၉ ခုနှစ် UNDP ပရောဂျက်နဲ့ နာဂစ်ကိုသွားကထဲကိုက အဲ့အကြောင်းအရာလေးက စိတ်ထဲမှာရှိတယ်။ ကျွန်တော်တို့က အဆောင်မှာ မိန်းကလေးတွေချည်းပဲနေရတာ။ အဲ့ဒီထဲမှာ အချင်းချင်းချစ်ခင်ကြတဲ့သံယောဇဉ်တွေလည်းရှိတယ်။ နောက်ဆုံးကွဲကွာသွားတာမျိုးတွေလည်းရှိတယ်။ အဲ့ဒါမျိုးလေးကို ကိုယ်ကပြန်စဉ်းစားပြီးတော့ တချိန်ချိန်မှာ ဝတ္ထုရေးမယ်ဆိုတဲ့ အာရုံတော့ရှိခဲ့တယ်။ နောက်တစ်ခုက မိဝေးဖဝေးသွားရတဲ့ အမျိုးသမီးတစ်ယောက်။ နောက်တစ်ခုက သူက စိတ်ဒဏ်ရာနဲ့မိန်းကလေး။ ဒီအပေါ်မှာမှ သူက ချစ်ခြင်းမေတ္တာကို ဘယ်လိုမျိုးဖွဲ့ဆိုသလဲ။ ဘယ်လိုမြင်ခဲ့သလဲဆိုတာကိုပဲ အဓိကထားပြီးရေးချင်တာနဲ့ ဒီဝတ္ထုကို ရေးဖြစ်သွားတာပါ ။ နာဂစ်ကအကြောင်းအရာတစ်ခုအနေနဲ့ပဲ ထည့်ထားတာပါ။
မေး။။ အဲဒီထဲ က အဓိကဇာတ်ဆောင်ရှယ်လီ စာပေထဲ က မိန်းမဆိုတာတွေထဲ ကနေ ခွဲထွက်နေတယ်လို့ ကျမ ခံစားရပါတယ်။ မြန်မာဝတ္တုတော်တော်များများရဲ့ အဓိကဇာတ်ကောင်မိန်းမတွေက တခုခုထူးခြားနေတာမျိုး စံနှုန်းနှုံသတ်မှတ်ချက်တွေ အတိုင်း စံပြဖြစ်နေတာမျိုး တွေ့ရတာများတယ်။ ရှယ်လီကတော့ ဒါတွေကနေ ကင်းလွတ်နေတယ်။ ဇာတ်ကောင်ကို ဘယ်လို တည်ဆောက်ယူသလဲ။
ဇာတ်ညွှန်းသင်တော့မှသာ ကာရိုက်တာ ဘယ်လိုတည်ဆောင်ယူရလဲ သိတာ ။ ကိုယ်ကရေးချင်တယ်ဆိုတဲ့ စိတ်ပဲရှိတာ။ ကိုယ်ပြောချင်တာတစ်ခုက လူတစ်ယောက်မှာ အကောင်းလဲရှိမယ် အဆိုးလဲရှိမယ် ။ အဲ့ဒီထဲမှာလည်း ရေးမိမယ်ထင်ပါတယ် အမြဲတမ်းအကောင်းကြီးလဲ မရှိနိုင်ဘူး တစ်ခါတလေကိုယ်ရဲ့ဥာဏ်ပညာနဲ့ ကိုယ့်ရဲ့အသိနဲ့သင်ကြားခဲ့မှုတွေနဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်ရတာပဲရှိမယ်။သူရဲ့ပုံစံမှာတော့ လူတွေဟာ အမှောင်ခြမ်းရှိမယ်။ ဒီကောင်မလေးက တစ်သက်လုံးအမေနဲ့လည်း မထိတွေ့ခဲ့ရဘူး။အဖေကလည်း တချိန်လုံးသူ့ကို အပြစ်တင်တဲ့ပုံစံထဲမှာ သူဘယ်လိုရုန်းထွက်ခဲ့ရသလဲဆိုတာမျိုးပြောတဲ့အခါမှာ သူ့ရဲ့မနာလိုမှုက ချစ်ခြင်းမေတ္တာက အနိုင်ယူသွားတယ်ဆိုတာ ကိုယ်ကပြချင်တာသက်သက်နဲ့ပဲ ဒီလိုပဲဖန်တီးခဲ့တာ ။ဒါတောင်မှ နောက်ဆုံးအချိန်ထိတောင် သူ့ရဲ့စိတ်မှာ နော်အဲမူအပေါ်မှာ မေတ္တာထားနိုင်တာတောင်မှ သူ့အဖေပေါ်မှာ မာနပြိုင်နေတုန်းပဲဆိုတာမျိုးပေါ့ လူရဲ့စိတ်မှာ တစ်ခါတလေမရဘူးပေါ့နော်။ ဘယ်လောက်ပဲ ပြုပြင်ပြောင်းလဲချင် တစ်ခါတလေမှာ ထိန်းထားတဲ့ကြားထဲက ထွက်သွားတာမျိုးလည်းရှိတယ်။ ဒါကကိုယ်ကိုယ်တိုင်လည်း ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့နေရတာမျိုးလည်း ပါတယ်။ ဒီအပေါ်မှာ မူတည်ပြီးတော့ ဒီဇာတ်ကောင်ကိုဖန်တီးလိုက်တာပါ။
ကိုယ်ကချစ်ခြင်းမေတ္တာကိုပဲ ဦးတည်ပြီးရေးခဲ့တာဆိုတော့ ကျန်တဲ့အမျိုးသမီးတစ်ယောက်အနေနဲ့ ဘယ်လိုဖန်တီးမလဲ ဘယ်လိုကွဲထွက်မယ်ဆိုတာမျိုးမလုပ်ခဲ့ဘူး။ အခုဒုတိယဝတ္ထုမှာတော့ နဲနဲလေးပုံစံပြောင်းထားတာမျိုးတော့ရှိပါတယ်။
မေး။။ စာရေးဆရာတွေမှာ ကိုယ့်ကိုကိုယ် ကိုယ့်လူမှုမှုဓလေ့တွေကြောင့်တွေလည်းကောင်း ငယ်ငယ်ထဲ က သင်ကြားခံခဲ့ရတာတွေက အသဲစွဲနေလို့လို့တကြောင်း မကိုင်ရဲဘူး လက်တွန့်န့်တယ် မရေးရဲဘူးဆိုပြီး ကိုယ့်ကိုကိုယ် ဆင်ဆာ ဖြတ်တာမျိုးရော ဖြစ်ဖူးလား ။ အထူးသဖြင့် အမျိုးသမီးတွေစာရေးရင် ကြုံရတာမျိုး။
ကျွန်တော်သည်ဂျန်ဒါကို သင်တယ်ဆိုတာတောင်မှာ လူကတစ်သက်လုံး ဖုံးလွှမ်းခံခဲ့ရတဲ့ဥစ္စာက မရုန်းထွက်နိုင်ခဲ့ဘူး။ ဘာလဲဆိုတာက သူ့ရဲ့လိင်မှုကိစ္စတွေ ကို ရေးဖို့ဆိုတဲ့နေရာမှာ တော်တော်ကြီးကို ခက်ခဲတယ်။ ဥပမာ ကျတော့် ဒုတိယ ၀တ္ထုထဲ မှာ ဘိုးတော်ကြီးနဲ့ ပထမချိန်းတွေ့တဲ့အချိန်မှာ အတင်းကြံစည်ခံရတာ(date rape) ဖြစ်သွားတဲ့အခန်းမျိုးဆို မရေးရဲဘူး။ အမှန်တိုင်းပြောရရင် လက်တွန့်တဲ့စိတ်ဖြစ်တယ်။ ကိုယ်တိုင် မကျော်နိုင်တဲ့အတားအဆီးကပဲ ဖြစ်မယ်ထင်တယ်။ ဘာလို့လဲဆိုတော့ အဲ့လောက်ရေးရဲလိုက်တာဆိုပြီးတော့ ဖြစ်မှာလည်းစိုးတယ်။ သူများအမြင်လည်းပါတယ်။ နောက်တစ်ခုက အမျိုးသမီးတွေက ဥပမာဆရာမဂျူးရဲ့ အမှတ်တရဆိုလည်း သူဆိုရင်လည်း ဘာမှလည်းပါတာမဟုတ်ဘူးလေ ။ ဒါပေမယ့် တအားအပြောခံရတာလေ ကိုယ်ဆိုရင်လည်း။ ဒီအခြေအနေက ပိုပြီးတော့ လွတ်လပ်ပွင့်လင်းလာပါတယ်။ ဒါပေမယ့် စိတ်မှာကိုက မရေးရဲဘူး ။ ရေးရမှာကို တမျိုးကြီးဖြစ်နေတာ။ ဒီလိုအခန်းမျိုးကိုရေးရမှာကို ။ ပြီးတော့လည်း အတုံးလိုက်အတစ်လိုက်ကြီးလည်း မဖြစ်ချင်ဘူး ။ အဲ့တာမျိုးတွေကိုယ့်မှာ အများကြီးစဉ်းစားနေရတာ။
မေး။။ လွှမ်းမိုးတဲ့ စာရေးဆရာတွေရှိလား။ သူတို့စာအုပ်တွေဖတ်ပြီး မေးခွန်းပြန်ထုတ်မိတာမျိုးရောရှိလား။
ကိုယ်ကအဲ့ဒါဆိုလည်း အမျိုးသမီးစာရေးဆရာလို့ပဲပြောရမှာပဲ။ ငယ်ငယ်တုန်းက အမေက မိုးမိုးအင်းလျားကြိုက်တော့ မိုးမိုးအင်းလျားစာပေနဲ့ပဲ တစ်သက်လုံးကြီးပြင်းလာခဲ့တာ ဂျာနယ်ကျော်မမလေးစာပေတွေ ဒေါ်ခင်နှင်းယုစာပေတွေပေါ့။ ဒေါ်ခင်နှင်းယုဆို ဝတ္ထုတစ်ပုဒ်ရှိတယ်။ အဲ့ဒိထဲမှာဆို “မဒီလိုလို သမ္ဗူလိုလို”ဆိုတဲ့ ၀တ္တု ယောက်ျားကဖောက်ပြန်တယ်။ သူကအဲ့ဒီထဲမယ်ရေးထားတယ်တစ်ခုရှိတယ်။ ပါရမီဖြည့်ရတယ်ဆိုတာ မဒီတို့ သမ္ဗူတို့ဆို ဘုရားဖြစ်မယ့်သူကိုပါရမီဖြည့်တာပေါ့။ အခုဥစ္စာဒီလိုက ဒီတိုင်းဖောက်ပြန်နေတာကို ပါရမီဖြည့်ရမှလားဆိုတာမျိုး ဖတ်ရတယ်။ တန်ပြန်မေးခွန်းကကို မိန်းမဆို ပါရမီဖြည့်မယ်ဆိုတဲ့အတွေးထက် ကျော်လွန်ပြီးမတွေးနိုင်သေးဘူးလား ဆိုပြီး စာအုပ်တွေအပေါ်ကို မေးခွန်းထုတ်မိတာမျိုးတော့ရှိတယ်။
ဆရာမကြည်အေးကိုကြိုက်တယ်။ဘာလို့လဲဆို ကိုယ့်စိတ်ထဲမှာ ပိုပြီး လွတ်လပ်တယ်လို့ မြင်တယ်ပေါ့လေ။ သူ့ရဲ့အရေးအသားပေါ့လေ။ သူ့ရဲ့ခေတ်ကာလကိုတွက်ကြည့်မယ်ဆိုရင်လည်း သူက တော်တော်ကြီးကို အတွေးအခေါ်အားဖြင့်ရှေ့ကိုရောက်ခဲ့တာလေးစားစရာကောင်းတယ်။ဆရာမကြည်အေးရဲ့ဝတ္ထုတွေကနွမ်းလျအိမ်ပြန်တို့တမ်းတတတ်သည်တို့ဆိုမိန်းမတစ်ယောက်အနေနဲ့လွတ်မြောက်ရေး လွတ်မြောက်တဲ့လမ်း လုံးဝခွာချခဲ့ပြီးတော့ လွတ်မြောက်တဲ့လမ်းမျိုး သူဦးတည်နေသလိုမျိုး ကိုယ်ကတွေ့ရတယ် ။

မေး။။ မြန်မာစာပေထဲက မိန်းမလို့ပြောရင် ဘယ်လိုပုံဖော်ထားတာများတာကို ဆရာမ အနေနဲ့ သတိထားမိတာရှိလား။
၁၉၆၀ -၈၀ ကြားကာလတွေမှာ တက္ကသိုလ်နဲ့ပတ်သတ်ပြီးရေးတဲ့စာပေတွေပေါ့။ ဥပမာ ဆရာအောင်ပြည့် ဆရာမောင်ဝဏ္ဏနတို့ သူတို့ရေးတဲ့ဝတ္ထထဲမှာဆို မိန်းမဟာဘာလိုချင်နေမှန်းမသိဘူးဆိုတဲ့ကာရိုက်တာမျိုး။ ပန်းတွေနဲ့ဝေဆိုရင်လည်း ဝေက ဘာလိုချင်နေမှန်းမသိဘူးပေါ့နော်။ သူတို့ယောက်ျားတွေအနေနဲ့ ဒီမိန်းမက ဘာလိုချင်နေတာလဲချစ်ချင်တာလား မချစ်ချင်တာလားပေါ့နော် ဘာဖြစ်ချင်နေမှန်းမသိတဲ့မိန်းမမျိုး။် အဲ့သလိုပဲ ဆရာအောင်ပြည့်ရဲ့ပြိုမှာလေလား မိုးရဲ့ယ်ဆိုလည်း အဲ့အတိုင်းပဲပေါ။့ ဆရာသိန်းသန်းထွန်းရဲ့ အချစ်ဦးရယ် အချစ်ရူးရယ် ဆိုလည်း အဲ့အတိုင်းပ။ဲ ဒီမိန်းမတွေက ဘာလိုချင်နေမှန်းကို မသိဘူး။ သူတို့စိတ်ထဲမှာ မိန်းမကိုဝေဝေဝါးဝါး ပြတ်သားမှုမရှိဘူး ဆိုတာမျိုးနဲ့ ဖန်တီးခဲ့ကြတာများတယ်။ အဲ့တာကတော့ တက္ကသိုလ်စာပေတွေမှာ အများဆုံးတွေ့ခဲ့ရတာပေါ့လေ။ နောက် လွတ်လပ်ရေးမရခင်ကာကမှာကျတော့ ဘယ်လိုလဲဆိုတော့ များသောအားဖြင့် ပညာပေးဝတ္ထုဆန်ဆန်တွေ မိန်းမတွေဒီလိုမျိုးမနာခံတတ်ဘူး ဖောက်ပြားမှုရှိတတ်သည် ရတနာပုံလို ဝတ္ထုမျိုး။ တခြားယောက်ျားနဲ့ ဖောက်ပြားတယ်ဆို ဒီလိုဒုက္ခတွေရောက်သွားမယ်တို့ ပညာပေးဆန်ဆန်ဝတ္ထုတွေ။ နောက်ပိုင်း တာရာမဂ္ဂဇင်းဖြစ်လာတဲ့အခါကျတော့မှ ဆရာမကြီး ကြည်အေးတို့ ပေါ်လာပြီး အမျိုးမျိုသမီးတွေကို တော်တော်ဆန်းသစ်တဲ့ အတွေးအခေါ်တွေနဲ့နဲ့ ဖော်ပြလာကြတယ် ။ ဒါပေမယ့် အဲ့ဒီအချိန်ကာလမှာလည်း ပြောရရင် အမျိုးသမီးကို လွတ်လပ်တဲ့အနေအထားကို မတွန်းပို့သေးဘူး ။
မေး။။ လူဆိုတာ ကတော့ ကိုယ်နေနေတဲ့ လူမှုဓလေ့တွေ်ဲ့ နိုင်ငံရေးအခြေအနေတွေံကနေ ကင်းလွတ်နေတာမျိုးတော့မရှိနိုင်ဘူးပြောကြပေမယ့် ကိုယ်ကိုတိုင်က ရော စာပေထဲမှာ ပုံမှန်ရှိနေတဲ့ မိန်းမဆိုတဲ့ ပုံဖော်ထားတာတွေကနေ ကိုယ့်လွတ်လပ်မှု တာဝန်ယူမှုကို လုံးဝ နားလည်နေတဲ့ လူသားဆန်တဲ့ ကိစ္စတွေကို ပါ ထည့်ရေးနိုင်ဖို့ကြိုးစားတဲ့ခါ အတားအဆီးတွေကို သတိထားမိလား။
အဲ့တာကပြောရမယ်ဆို ကိုယ်ရဲ့ကိုယ်တွင်းပဋိပက္ခပဲပြောနေရမလား။ ဝိရောဓိတွေဖြစ်နေတဲ့ဟာ။ ကိုယ်ကရေးလည်းရေးချင်တယ်.. ပတ်ဝန်းကျင်ကို လုံးဝဂရုမစိုက်ဘူးဆိုတဲ့ နယ်ပယ်ထိကို ကိုယ်ကမသွားနိုင်ဘူး။ ကိုယ်ကသွားနေအောင် သူများကိုကြိုးပမ်းနေသော်လည်း ကိုယ်ကတစ်ခါတစ်လေ မလွတ်မြောက်ဘူး။ ကိုယ်ကိုတိုင်ကလည်း သတ္တိမရှိဘူး ။ ပတ်ဝန်းကျင်ကို ငဲ့ကြည့်နေတာမျိုးပေါ့။ အဲ့သလိုမျိုးဖြစ်တယ်။ အဲ့လအချိန်မျိုးမှာ ဘယ်လို တွန်းအား မျိုးလိုအပ်သလဲဆိုတော့ တစ်ခါတလေမှာ ကိုယ်တွေမှမသွားရင် ဘယ်သူကသွားမှာလဲ။ ။် ကိုယ်ကဦးဆောင်တဲ့သူတော့မဟုတ်ဘူး ။ ဒီရေစီးကြောင်းမှာပါဝင်တဲ့သူတစ်ယောက်အနေနဲ့ကိုယ်ကိုတိုင်ကတောင် နောက်တွန့်ဆုတ်နေတယ်ဆိုရင် ကျန်တဲ့သူကရော ဘယ်လိုလုပ်မှာလဲ ဒီလိုအတွေးနဲ့ပဲ ဖြတ်သန်းရတယ်။
မေး။ ကမ္ဘာပေါ်မှာလဲ ဖမေးနစ်စာပေလက်ရာလို့ ပြောလို့ရတဲံ လက်ရာတွေရှိပါတယ်။ ကျမတို့ဆီမှာရော အဲလို စာပေလက်ရာတွေက လိုအပ်သလား။
လိုအပ်တာပေါ့ ဘာလို့လဲဆိုရင် ကျွန်တော်တို့က ညီမျှုခြင်းကိုမရောက်သေးဘူး မရသေးဘူးဆိုတဲ့အတွက်ကျွန်တော်တို့မှာ ကွဲပြားမှုတွေရှိနေဆဲပဲ ကွဲပြားမှုတွေရှိနေဆဲမို့ ခံစားချက်တွေကလည်း ကွဲပြားနေတယ်။ကျွန်တော်တို့က တစ်စုံတစ်ရာကို ကြိုးစားနေရတဲ့ကာလမို့ ဒီလိုစာပေမျိုးတွေက လိုကိုလိုအပ်တယ်။ ဘယ်လိုမျိုးလဲလို့ သူတို့ကပြောမယ်။။် ခေတ်အဆက်ဆက်ဖြစ်လာကထဲက အမျိုးသမီးတွေရေးတဲ့စာတွေမှာ- နံပါတ်တစ်က အမျိုးသမီးတွေက မဖောက်ထွက်ချင်တာတော့မဟုတ်ဘူး။ ဖောက်ထွက်ချင်တယ်။ ဥပမာ ဒေါ်ခင်နှင်းယုတို့ ရေးခဲ့တဲ့စာတွေ ဒေါ်အမာတို့ ရေးခဲ့တဲ့စာတွေရှိတယ်။ ဒါပေမယ့် သူတို့သည် ဘယ်လိုဘောင်ထဲကနေလဲဆိုတော့ အမျိုးသမီးတွေသည် အိမ်ထဲမှာမနေရဘူးအလုပ်လုပ်ရမယ်၊ အသိပညာကြွယ်ဝဖို့အတွက် တွန်းအားပေးတယ။် တဖက်မှာလည်း သူတို့သည် အာရှတန်ဖိုး ကိုလည်း တန်ဖိုးကထားနေသေးတယ်။ နောက်တစ်ခုက မြန်မာအမျိုးသမီးတွေ ကမဖောက်ထွက်ရဲတဲ့တစ်ခုကလည်း ချစ်ခြင်းမေတ္တာအပေါ် မူတည်တယ်။ သူတို့ရဲ့ မိခင်နေရာပေါ့။ အဲ့ဒီအပေါ်မှာ မူတည်တဲ့အတွက် ချစ်ခြင်းမေတ္တာဆိုတာ မိန်းမက ပေးဆပ်ရမှာပဲ ဒီလိုပေးဆပ်မှုဆိုတာသဘောကျစရာကောင်းတယ်ဆိုတဲ့ တန်ဖိုးထားမှုမှာ သူတို့က နစ်ဝင်နေတယ် ။ နစ်ဝင်နေတဲ့အခါကျတော့ သူတို့သည် အမျိုးသမီးကာရိုက်တာဆိုရင် ယောက်ျားကိုဖြည့်ဆည်းပေးရတယ် သားသမီးအပေါ်မှာ မေတ္တာထားရတယ် အဲ့သလိုမျိုးအနေနဲ့ပဲ ချစ်ခြင်းမေတ္တာရှုထောင့်က စဉ်းစားပြီး သူတို့မဖောက်ထွက်တာမျိုးတွေလည်းရှိပါတယ်။
မေး။ တချို့ချို့ကပြောကြတယ်။ မိန်းမတွေစာရေးရင် ပုဂ္ဂလိက ခံစားချက်တွေ ဘ၀တွေပဲရေးတယ်ပေါ့။ ဒီတော့ ကျမမေးချင်တာက ပုဂ္ဂလိက ဘ၀တွေ ခံစားချက်တွေကရော စာပေ ထဲ မှာ ဘောင်မ၀င်ဘူးလား။ ဒီပုဂ္ဂလိက ဘ၀တွေဟာလဲ ပြင်ပ က လူမှုဓလေ့တို့ နိုင်ငံရေး စီးပွားရေး အခြေအနေတွေက ထင်ဟပ်နေတာပဲမဟုတ်ဘူးလား လို့မေးချင်တာ။ မအေးလဲ့ကို ဘယ်လိုမြင်လဲရှင့်။
အမျိုးသမီးတွေက သူတို့ရဲ့ပုဂ္ဂလိကဘဝကနေခေတ်ကိုမျှော်ကြည့်တဲ့အနေအထားကနေမဟုတ်ပဲ ခေတ်ကိုအုပ်စီးပြီးရေးခဲ့တဲ့ဟာတွေလည်း မရှိဘူးမဟုတ်ဘူး ရှိခဲ့တယ်။ ဒဂုံခင်ခင်လေးရဲ့ မြေပဒေသာဆိုရင်လည်း ဘာသာပြန်အမှီဝတ္ထုပေါ့။ ဒါဆိုလည်း သူက အလုပ်သမား လယ်သမားတော်လှန်ရေးကိုရေးခဲ့တယ်။ နောက်တစ်ခုက အန်တီဒေါ်ခင်မြဇင်စိန်ရဲ့ အဝိဇ္ဇာမျိုးကလေး စစ်အုပ်ချုပ်ရေးကာလတစ်လျှောက် အမှောင်လောကကို သူရေးခဲ့တာပဲ။ အဲ့တာမျိုးရှိတယ်။ ဒေါ်နုနုရည်ရဲ့ သောက်တော့ဒူးယားဝတ်တော့မလေးရှား နေတော့ခြုံကြား ဆိုတာလည်း ရွှေတူးဖော်ရေးလောကအကြောင်း သူရေးခဲ့တာလေးပေါ့။ အမျိုးသားတွေနည်းတူရေးခဲ့နိုင်ပါတယ်။ . ဒါပေမယ့် နည်းပါးတာပါလေ အမျိုးသမီးစာရေးဆရာက ခေတ်ကိုမြင်တဲ့ပုံစံသူ့ရဲ့ဇာတ်ကောင်က တခြားပုံစံဖြစ်နေရင်တောင်မှ သူရဲ့ရှုထောင့်က မြင်ပုံချင်းမတူဘူး။
ဖန်တီးတာတောင်မှ အမျိုးသားနဲ့အမျိုးသမီး ဘယ်လိုတွေမတူညီနေသလဲဆို ဆရာနိုင်ဝင်းဆွေရဲ့ မသိန်းရှင်ဆီပို့ပေးပါတို့ ။ မိန်းမအကြောင်းရေးတာပဲ။ နောက်ပြီးဆရာဒဂုံတာရာယာရဲ့မေတို့ဆိုလည်း အမျိုးသမီးကာရိုက်တာ၊ ပြီးတော့ မောင်သိန်းဆိုင်ရဲ့ ရေနံ့သာခင်ခင်ကြီးတို့ပေါ့နော်။ ဆရာ မြသန်းတင့်ရဲ့ မာယာဘုံဆိုလည်း အမျိုးသမီးဇာတ်ကောင်ပဲ။ ဆရာသိန်းဖေဖြင့်နဲ့ ဆရာမြသန်းတင့်တွဲရေးတဲ့ နွံထဲကကြာဆိုလည်း အမျိုးသမီးဇာတ်ကောင်ပဲ။ ဒါပေမယ့်သူတို့ဖန်တီးတဲ့ အမျိုးသမီးဇာတ်ကောင်နဲ့ အမျိုးသမီးကဖန်တီးတဲ့ အမျိုးသမီးဇာတ်ကောင်က တူကိုမတူနေဘူး။ အမျိုးသမီးတစ်ယောက်က အမျိုးသမီးတစ်ယောက်ရဲ့ခံစားချက်ကို သူကနက်နက်ရှိုင်းရှိုင်းကိုပေါ့နော် ဖော်ကျူးနိုင်တယ် ပြောနိုင်တယ်။ အမျိုးသားတွေကျတော့ သူတို့က ခေတ်ကိုပြောချင်လို့ အမျိုးသမီးဘက်ကရေးကြတာ ဒီအမျိုးသမီးကနေမြင်တဲ့ခေတ်အမြင်ကို ရေးတဲ့အခါမှာ သူတို့ရဲ့အမြင်ကပေါ့နော် တခြားခံစားချက်ပိုင်းမပါပဲနဲ့ အကြောင်းအရာပိုင်း ပိုများတယ်လို့ စိတ်ထဲမှာ ယူဆမိတယ။်
နောက်တစ်ခုက မိန်းမတွေက အမျိုးသမီးစာရေးဆရာတွေပေါ့နော်။ အိမ်ထောင်ရှိနေရင် ပိုဆိုးတယ် အမျိုးသားတွေက သူ့ဟာသူအိမ်ရောက်ရင် ရေးချင်တာရေး တွေးချင်တာတွေ ကိုယ့်မှာကမဟုတ်ဘူး ရုံးအလုပ်လုပ်ရတယ် ပြန်လာရင် ချက်ရပြုတ်ရ သားသမီးကိစ္စလုပ်ရမယ် အမျိုးသမီးစာရေးဆရာတစ်ယောက်က စာထွက်လာဖို့က သူ့အတွက် အများကြီး အကန့်အသတ်ဖြစ်တယ်။ နောက်တစ်ခု သူသည် နေ့စဉ်နဲ့အမျှ လူမှုဝန်းကျင်မှာရှင်သန်နေရတဲ့အခါကျတော့ တစ်ခါတလေ ခေတ်ကိုမျှော်ပြီးကြည့်တဲ့အခါ ယောက်ျားတွေက စီးပွားရေးတို့ နိုင်ငံရေးတို့ အခြားအကြောင်းအရာတွေနဲ့ နွယ်ပြီးတော့ ဝတ္ထုဇာတ်ကောင်ကိုဖန်တီးလို့ရတယ်။ အမျိုးသမီးတွေက ခေတ်ကိုကြည့်တာက အောက်ကနေမျှော်ပြီးတော့ ကြည့်ရသလိုပဲ သူတို့ရဲ့နေ့စဉ်လူမှုဘဝမှာ ဘာတွေဖြစ်ပျက်နေလဲ ဒီခေတ်ရေစီးကြောင်းကို သူတို့ဘယ်လိုရှင်သန်သွားရသလဲဆိုတာတွေ ဖော်ပြရတာတွေများတယ်။ မရှိဘူးတော့မဟုတ်ပါဘူး။ များသောအားဖြင့် ဆရာမမိုးမိုးအင်းလျားရဲ့ ပျောက်သောလမ်းမှာ စမ်းတဝါးဝါးတို့ပဲ ဖြစ်ဖြစ် တခြားစာတွေလည်းရှိပါတယ်။ များသောအားဖြင့် နေ့စဉ်လူမှုဘဝထဲက သူတို့ရဲ့ မွန်းကျပ်မှုတွေ ပိတ်လှောင်ခံထားရမှုတွေ။ သူတို့ဆိုလည်း ဆိုရှယ်လစ်စနစ်ရဲ့ဖြတ်သန်းမှုတစ်ခုပဲပေါ့ သူတို့ဆိုလည်း ခေတ်ကို မျှော်ကြည့်ရတဲ့ပုံစံမျိုးက မတူဘူးပေါ့။
မေး။ စာအုပ်နဲ့ စာရေးဆရာတွေ အကြောင်း အထိုက်အလျှောက်ပြောပြီးကြပြီဆိုတော့ စာပေဆိုတာ ဆရာမ သော်တာအေးလဲ့ အတွက် ဘာလဲ၊
စာပေဆိုတာကနေ သင်ယူတယ်တို့ဆိုတာမျိုးတော့ မသုံးချင်ဘူး။ ကိုယ်ကိုတိုင်ကလည်း လုံးဝမကြိုက်ဘူး။ ဒါပေမယ့်စာပေက ဘဝမှာ တစ်စုံတစ်ရာအတိုင်းအတာထိတော့ လမ်းညွှန်မှုပေးခဲ့တယ်။ ဘာလို့လဲဆိုတော့ သုတပဲဖြစ်ဖြစ် ရသပဲဖြစ်ဖြစ် လမ်းညွှန်မှုတစ်ခုတော့ ပေးခဲ့တယ်။ နောက်ပြီးတော့ စာပေဟာ နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှုအဆင့်အတန်း လူနေမှုကို ပြတဲ့အရာ နောက်ပြီးတော့ ဖန်တီးနိုင်မှုအဆင့်အတန်းကို ပြတဲ့အရာလို့ ယူဆပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ပြောတယ်။ စာပေပေါ့ စာအုပ်ဖတ်ကြပါလို့ပြောကြတယ်။ ဒီအချိန်မှာ ဖတ်စရာ စာအုပ်က မရှိဘူးလားဆိုတော့လည်း ရှိတော့ရှိတယ်။ ဘာသာပြန်တွေများနေတယ်ဆိုတာမျိုးပေါ့။ အဲ့အခါကျတော့ စာပေကနေ ဘာကိုပြန်မြင်ရလဲဆိုတော့ အတွေးအခေါ်ပိုင်းဆိုင်ရာမှာ ကိုယ့်ရဲ့ ဦးတည်ချက်ကို တွေ့တွ့သွားတာမျိုးရှိတယ်။ ကျွန်တော်မွေးလာတုန်းက ကျွန်တော်သည် ဂျန်ဒါသင်မယ်တို့ ဘာတို့တော့ မရှိခဲ့ဘူး။ ဒါမဲ့ကိုယ်က အမျိုးသမီးဟာ ဘာဖြစ်လို့ဒီလိုနေရတာလဲဆိုတဲ့ အတွေးမျိုးတော့ရှိတယ်။ ဒါပေမယ့် ဒီတိုင်းစာတွေဖတ်လာတဲ့အခါမှာ အမျိုးသမီးနဲ့ပတ်သတ်ပြီး ဖော်ကြူးထားတဲ့စာတွေဖတ်လာတဲ့အခါမှာ ပိုပြီးတော့ သိချင်တဲ့စိတ်ကို လှုံ့ဆော်မှုပေးနိုင်တယ်လို့ယူဆတယ် ။ အဲ့ဒါကျတော့လည်း ဆရာဇော်ဂျီရဲ့ရသနိဒါန်းတို့ဘာတို့ထဲမှာတော့ ဖော်ပြထားတာတော့ရှိမှာပေါ့ ဒါပေမယ့် ကျွန်တော်ရဲ့အယူအဆအမြင်ကတော့ လူတွေကရသလို့ပြောရင် မြန်မာပြည်မှာပြောနေကြတဲ့ရသကိုးပါး ကိုပြောကြတယ်။ သုတထဲမှာပါတဲ့ခရီးသွားစာပေတို့ ဆောင်းပါးတို့ဆီကလည်း ကျွန်တော်တို့ကို တစ်စုံတစ်ရာပေးနိုင်တဲ့ရသမျိုးမရနိုင်ဘူးလားပေါ့။ သူများဆီမှာဆို fiction / non-fiction ခွဲလိုက်တာက အဆင်ပြေတယ် ဒီမှာခွဲလိုက်တော့ ဒါကို ဘာအပေါ်မှာ မူတည်ပြီးတော့ ခွဲသလဲပေါ့ ကျွန်တော်ကတော့ သိပ်သဘောမကျလှဘူး။
မေး။နောက်ဆုံးမေးခွန်းကတော့ ကျမကိုယ်တိုင်လဲမေးမိနေတာ။ စာဖတ်သူနဲ့စာရေးသူ စာရေးသူက ပေးသူ ဖတ်သူက ခံယူသူဆိုတဲ့ အမြင်နဲ့ တန်းတူညီတူသဘောမထားနိုင်ပဲစာပေလောကကတိုးတက်နိုင်ပါ့မလား။
ခေါ်တာကိုတောင်မှ ဆရာ ဆရာမခေါ်တာပေါ့။ တကယ်တော့ သူတို့က လောကကြီးထဲက လူတစ်စုပဲပေါ့နော်။ သူတို့ကလောကကို သူတို့မြင်တဲ့အတိုင်းရေးတဲ့ဥစ္စာ ကိုယ်ရဲ့ခံစားချက်ချင်း တိုက်ဆိုင်တဲ့အခါမျိုးမှာ ကိုယ်ပျော်သွားတာ ကိုယ်ကသဘောကျသွားတာမျိုး။ ကိုယ့်ကိုတခါတလေမှာ အတွေးအခေါ် တွေ ဦးဥိးတည်ချက့်ပေးနိုင်တာမျိုး လဲရှိတယ်။ ဒါပေမယ့် သူတို့မသိနိုင်တဲ့ ကျန်တဲ့လောကကလည် တစ်ဖက်မှာရှိနေသေးတယ် ။ဘယ်သူမှအရာရာတိုင်းသိနိုင်တာမဟုတ်ဘူးလေ။ စာရေးဆရာက သူကျွမ်းကျင်တဲ့နေရာမှာတော့ တစ်ဖက်သားကို နည်းလမ်းပေးအလင်းရောင်ပေးဖို့ သူတတ်ကျွမ်းကောင်း တတ်ကျွမ်းမယ်။ တခြားနေရာမှာတော့ သူတတ်ကျွမ်းလိမ့်မှာမဟုတ်ဘူး။ နောက်တစ်ခုက ရသစာရေးဆရာပေါ့နော်။ ရသကို ကျွန်တော်ဘယ်လိုမြင်သလဲဆိုတော့ ရသက လူတွေရဲ့စိတ်ကို နူးညံ့ဖို့။်။ လူ့ဘဝမှာဒီအကယ်ဒမစ်ပေပါတွေပဲ ဖတ်နေတာမျိုး ဒီသီအိုရီတွေချည်းပဲ ကျွမ်းကျင်နေတာမျိုးမဟုတ်ပဲနဲ့ ကိုယ့်ဘဝမှာ လူလူချင်းရှိရမယ့် စာနာမှုဆိုတာက အဲ့ဒီရသကိုခံစားနိုင်ဖို့ဆိုတာက ဒီရသစာတွေဖတ်ဖို့လိုအပ်တယ်။ ဒီလိုမျိုးကျတော့ ရသစာရေးဆရာတွေရဲ့အခန်းကဏ္ဍက လိုအပ်လာပြန်ရော။ နောက်တစ်ခုတွေးမိတာကလေ အရင်တုန်းကဆို စာပေဆိုပြီးတော့ အခုလိုသုတတို့ ရသတို့မဖြစ်ခင်မှာ အရင်တုန်းက ကဗျာတို့ အိုင်ချင်း ဧချင်းတို့ ဘာတို့ များသောအားဖြင့် နန်းတွင်းက ထွက်ကြတာများတယ် ကဗျာတို့ ရကန်တို့ ရတုရကန်တို့ စသဖြင့်က များသောအားဖြင့် နန်းတွင်းကထွက်ကြတယ်။ သူတို့ရဲ့ အလွှာက သီးသန့်ရှိနေပြီးသား။ ဘုရင်ကို တင်ဆက်ရတယ် ဘာညာဆိုတာက.. သာမာန်လူထုနဲ့ နဲနဲကင်းကွာနေတယ်။ သာမာန်လူထုကလည်း ဒီအပေါ်မှာ ချစ်ခင်တဲ့စိတ် မျှော်မှန်းတဲ့စိတ် အထက်တန်းကျတယ်ဆိုပြီး တွေးတဲ့စိတ်က ဟိုးကထဲကရှိလာသလားပေါ့။ အဲ့သလိုမျိုးလည်း တွေးမိတယ်။ ဒါကြောင့်စာရေးဆရာဆို သူတို့ထက်ခေါင်းတစ်လုံး ပိုမြင့်တယ်ပေါ.။ အဲ့တာမှတဆင့် ကိုလိုနီခေတ်ရောက်တော့လည်း လွတ်လပ်ရေးကြိုးပမ်းမှုမှာ စာပေရဲ့အခန်းကဏ္ဍက ပါလာတယ်။ အဲ့ဒီအချိန်မှာကျတော့ ခုလောက်ကြီးလည်း ဘာ ဖျော်ဖြေရေးမှလည်းမရှိဘူး။ စာပေဟာ သူတို့ထက်ပိုမြင့်မားလာတယ်လို့ အဲ့သလိုမျိုးတွေးကြတယ်။ အဲ့ဒီအချိန်မှာ စာတတ်ပေတတ်ဆိုရင် ပိဋိကတ်အကျော်အမော်တွေကနေဖြစ်လာတဲ့သူတွေ လယ်တီပဏ္ဍိတဦးမောင်ကြီးတို့ သခင်ကိုယ်တော်မှိုင်းတို့ရှိခဲ့သလို တက္ကသိုလ်ကျောင်းသားတွေ ဆိုရှယ်လစ်အမြင်နဲ့ မတ်စ်ဝါဒနဲ့ စီးဆင်းလာတဲ့ကျောင်းသားတွေဖြစ်တော့ လူတွေရဲ့အတွေးအခေါ်အားဖြင့် ဒီလူတွေက တဆင့်မြင့်နေသလိုပဲပေါ့ ဒီလူတွေရဲ့နောက်ကလိုက်ရသလိုဖြစ်လို့ အဲ့ဒီအတွေးအခေါ်က တောက်လျောက် စာရေးဆရာတွေက ကိုယ်တွေထက်ပိုမြင့်တယ် ဦးဆောင်တယ်ဆိုတဲ့အတွေးကြီးက တော်တော်ကြီးစွဲမြဲလာတယ်လို့ထင်တယ်။


ဆရာမ နောက်ထပ်ဖြည့်ပြောချင်တာရှိသေးလား။
ဖြည့်ပြီးတော့ ပြောစရာကတော့အများကြီးမရှိပါဘူး အစောကပြောသလို အမျိုးသမီးတွေက သူတို့အနေနဲ့ ခေတ်နဲ့ တသီးတခြားစီရှိနေတာမဟုတ်ဘူး ခေတ်ထဲကလူပဲ သူတို့ရဲ့မျှော်ကြည့်တဲ့ ရှုထောင့်ချင်းကသာ ကွာသွားတာပေါ့ ဒါကခေတ်ကို ကိုယ်စားမပြုတာလည်း မဟုတ်ဘူး လူ့ဘဝကို ကိုယ်စားမပြုတာလည်း မဟုတ်ဘူး နောက်ပြီးတော့ အမျိုးသားတွေထင်သလို အမျိုးသမီးတွေက အရမ်းအသေးစိတ်တဲ့ဟာမျိုး အရမ်းအိမ်ထောင်စုအတွင်းမှာဖြစ်တတ်တဲ့အခြေအနေကိုပဲ ရေးခဲ့တယ်ဆိုတာမျိုးမဟုတ်ဘူး အများကြီးခေတ်စနစ်ကိုဖော်ကြူးတဲ့နေရာမှာ သူရဲ့ပုံစံက မတူတာပဲရှိမယ် အဲ့ဒါလေးတစ်ခုပါပဲ ။
ကျေးဇူးတင်ပါတယ် ဆရာမ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s