ရန်ကုန်တက္ကသိုလ်ထဲက လွတ်လပ်မှုပျောက်ဆုံးနေပြီလား

စာသင်ခန်းတွေဟာ တကယ်ပဲ ကျမတို့လူဘောင်ကို ပိုနေလို့ထိုင်လို့ကောင်းတဲ့ လူလူချင်းဖိနှိပ်မှုတွေက နေလွတ်လပ်ပြီး သာယာတဲ့နေရာကို ဖန်တီးပေးဖို့ ဖြစ်နိုင်တဲ့နေရာတွေဆိုတာမျိုး ဖမေးနစ်စာရေးဆရာမ ဘဲဟွပ်ကပြောခဲသည်။ သူကိုယ်တိုင်က ပညာရေးကို လူသားတွေ အတွက်လွတ်လပ်မှုပေးနိုင်တဲ့အရာမျိုးလိုလက်တွေ့ကျင့်သုံးနေပါသည်။။ တချို့နေရာတွေမှာတော့ ပညာရေးဟာ လူတွေကို အကျဉ်းထောင်တွေလို ပုံစံပေးတဲ့နေရာ။ ဖိနှိပ်တာ ဟာ ကျောင်းသူ ကျောင်းသားတွေရဲ့ အကျိုးအတွက်လို့ တကယ်ပဲယုံယုံကြည်ကြည့်လုပ်နေတဲ့နေရာတွေဖြစ်နေပြန်၏။ စာသင်ခန်းတွေ သာမက စာသင်ခန်းတွေရှိတဲံ ပညာဆည်းပူးရာ ရပ်ဝန်းဟာ ကိုယ့်တာဝန်ကိုယ်ယူနိုင်တဲ့ အရွယ်ရောက်တဲ့ လူသားတွေ ဘ၀တာဝန်တွေ မထမ်းဆောင်ခင်မှာ အစွမ်းကုန် လေ့လာစူးစမ်းသင်ယူပြီး စိတ်ကို ဖွင့်နိုင်သမျှဖွင့်ထားခြင်းကို တတ်နိုင်သမျှဘာကမှ အတားအဆီးမရှိစေအပ်တဲ့နေရာပါ။

ယနေ့ခေတ်မှာ ပြန်လည်ဖွင့်လှစ်ခဲ့တဲံ ရန်ကုန်တ္ကသိုလ်ဟာ ကျွန်မတို့ရှေ့က မျိုးဆက်နှစ်ဆက်လောက် စိတ်ကူးယဉ်အိမ်မက်လောက်ပဲမက်ခွင့်ရှိလိုက်တဲံနေရာပါ။အခွင့်အလမ်းတွေ နဲ့ နိုင်ငံတကာ ဆရာမ ဆရာတွေ ကျောင်းသားကျောင်းသူတွေနဲ့ လဲ မြန်မာနိုင်ငံရန်ကုန် တက္ကသိုလ်ကျောင်းသူကျောင်းသားတွေ ပညာချင်း အတွေးချင်း ဖလှယ်ဖို့ အခွင့်အရေး အခွင့်အလမ်းတွေလဲရှိနေပါပြီ။ ဘာသာရပ်တွေလဲ စူံစုံလင်လင်ရှိလာပြီ။ ရန်ကုန်တက္ကသိုလ် ကို ပြန်တက်ခွင့်ရရင် လို့ စိတ်ကူးနေဆဲမှာပဲ အဆောင်နေ ကျောင်းသူတွေနဲ့ အဆောင်စည်းကမ်းအကြောင်းကို ဖေ့စ်ဘုတ်ပေါ်မှာတွေ့လာရလို့ ဒီလမှာတော့ ရန်ကုန်တက္ကသိုလ်ထဲ အဆောင်နေကျောင်းသူတွေနဲ့ အဆောင်စည်းကမ်းအကြောင်းကို မေးမြန်းထားပါသည်။

၂၀၁၇ နှစ်ကုန်ပိုင်းက ရန်ကုန်တက္ကသိုလ် ရွှေဘိုဆောင်တွင် ကျောင်းသူတစ်ဦးက နေမကောင်းဖြစ်ကာဆေးခန်းသွားလိုသော်လည်း ညနေ၆ နာရီအဆောင်င်ပိတ်ချိန်တွင်ဖြစ်သဖြင့် အဆောင်မှူးကိုခွင့်ပြုရန် တောင်းဆိုခဲ့သော်လည်း ခွင့်ပြုချက်မရခဲ့ပေ။ ထို့ပြင်ယင်းအဆောင်သူက မိဘထံဖုန်းခေါ်ပြီးခွင့်တောင်းသော်လည်းခွင့်မပြုခဲ့သည့်အတွက် ယင်းအခြေအနေကို ဖေ့ဘုတ်စာမျက်နှာတွင် တင်လိုက်သည့်အခါမှသာ မှအဆောင်မှူးမသိအောင် တံခါးဖွင့်ပေးပြီး ဆေးခန်းလိုက်ပို့ပေးခဲ့ရသည့် အဖြစ်ပျက်ကို အခြေခံကာ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က ရန်ကုန်တက္ကသိုလ်အဆောင်နေသူကျောင်းသူများ၏ အခက်အခဲများ၊ အခွင့်အရေးချိုးဖောက်ခံရမှုများကို သိရှိခဲ့ပြီးနောက် ကျောင်းသူများ၏သဘောထားကိုကောက်ယူမှုများပြုလုပ်ခဲ့သည်။

ယင်းနောက် ကျောင်းသူများ၏အသံများကိုစုစည်းကာ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် မှတာဝန်ရှိသူတဥင်္ီးနှင့် သွားရောက်တွေ့ဆုံပြီး အခြေအနေများကို တင်ပြဆွေးနွေးခဲ့သော်လည်း အဆင်ပြေမှုမရရှိခဲ့ပေ။ ယင်းနောက် တကသအနေဖြင့် အဆောင်စည်းကမ်းများပြင်ဆင်ရေးမူကြမ်းဆွေးနွေးပွဲကို အဆောင်သူအချို့နှင့် ဆွေးနွေးညှိနှိုင်းမှုများကို ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း တကသ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်တက္ကသိုလ်အတွင်း အဆောင်နေကျောင်းသားကျောင်းသူများအကြားဖြစ်ပွားနေသော အဆောင်စည်းကမ်းပြသနာသည် သမားရိုးကျဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခုအဖြစ် ကျောင်းသူများအကြားယူဆထားကြပြီး ဗကသပြန်လည်ဖွဲ့စည်းပြီးနောက် အဆောင်သူကျောင်းသူများနှင့် တွေ့ဆုံစကားပြောရာတွင် ယင်းကိစ္စသည် သမရိုးကျ ဖြစ်နေသော အရာများ မဟုတ်ပဲ ဖိနှိပ်ချုပ်ခြယ်သော အချက်များအဖြစ် ပြန်လည်ဆွေးနွေးငြင်းခုံရင်းအသက်ဝင်လာခဲ့သည်။

အဆောင်စည်းကမ်းပြဿနာသည် ယခုမှစတင်ဖြစ်ပေါ်သည်မဟုတ်ပဲ ရန်ကုန်တက္ကသိုလ်တွင် ကျောင်းသားများနေထိုင်ခွင့်စပြုသည့်အချိန်ကစပြီးအဆောင်မှူးများကစိတ်ကြိုက်ချမှတ်သောစည်းကမ်းများကြောင့် အဆောင်သူများနှင့် အဆောင်မှူးများကြား ပြဿနာများရှိနေခဲ့ပြီး အဆောင်စည်းမျဉ်းများနှင့်ပတ်သတ်ပြီး ဝေဖန်ထောက်ပြသူများကို ဖိနှိပ်မှုများရှိခဲ့ကြောင်း ကျောင်းသားများက ဆိုသည်။ယင်းသို့ ဖိနှိပ်ပြောဆိုခံရခြင်းကြောင့် ကျောင်းသူများက နောက်ပိုင်းတွင် ပြောဆိုခြင်းမရှိတော့ကြောင်း သိရသည်။ ယခုနှစ် စပိုင်းတွင်ပြန်လည်ဖွဲ့စည်းခဲ့သည့် ရန်ကုန်တက္ကသိုလ် ဗကသ အဖွဲ့က အဆောင်နေကျောင်းသားကျောင်းသူများ၏ အရေးကိစ္စများကို ပြန်လည်ကိုင်တွယ်ရန် ကြိုးပမ်းခဲ့ရာမှ ယင်းဖြစ်ရပ်သည် ပိုမိုအာရုံစိုက်စရာဖြစ်လာခဲ့သည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ တကသအမှုဆောင်များနှင့် အဆောင်သူကျောင်းသူများတွေ့ဆုံမှုရလဒ်အပြီးတွင် အဆောင်သူကျောင်းသူများ၏ အခက်အခဲများကို ပိုမိသိရှိလာကြသည်။အဆောင်နေသူကျောင်းသားကျောင်းသူများက အဓိကအားဖြင့် စည်းကမ်းသုံးမျိုးကို အဓိကထား လိုက်နာရသည်။ ရန်ကုန်တက္ကသိုလ်မှချမှတ်ထားသောစည်းကမ်းနှင့် အဆောင်မှူးများမှ ထုတ်ထားသော အဆောင်တွင်းစည်းကမ်းနှင့် အခန်းတွင်းစည်းကမ်း စသည်တို့ကို ကျောင်းသူ/ကျောင်းသားများက အဓိကလိုက်နာကြရသည်။သို့သော် အဆောင်တစ်ဆောင်နှင့်တဆောင် ထုတ်ထားသော စည်းမျဉ်းများသည် တူညီမှုမရှိကြပေ။

ကွဲပြားချက်အနေဖြင့် ယောက်ျားလေးအဆောင်များတွင် အဆောင်တွင်းစည်းကမ်းများကို ချမှတ်ရာတွင် အဆောင်နေကျောင်းသားများနှင့် တိုင်ပင်လေ့ရှိသော်လည်း မိန်းကလေးအဆောင်များတွင်မူ တိုင်ပင်ခြင်းမရှိပဲ များသောအားဖြင့် အဆောင်EC များနှင့်သာ ဆွေးနွေးခြင်းများသာရှိကြောင်း ကျောင်းသားကျောင်းသူများ၏ ပြောကြားချက်အရ သိရသည်။

 

ရန်ကုန်တကသိုလ်အတွင်း ကျောင်းဆောင်များအနေဖြင့် ရတနာ၊ ဒဂုံ၊ သီရိ၊ အင်းလျား၊ ရွှေဘို၊ ပင်းယ၊ သထုံ၊ ပဲခူး၊ စစ်ကိုင်း စသဖြင့် အဆောင်ကိုးဆောင်ဖွင့်လှစ်ပေးထားပြီး လှိုင်တကသိုလ်နယ်မြေတွင် မြတ်လေးနှင့် ရွှေတုမဏီ နှစ်ဆောင် စသဖြင့် ကျောင်းဆောင်ပေါင်း ၁၁ ဆောင်ဖွင့်လှစ်ပေးထားပြီး ကျောင်းသားကျောင်းသူများက နေထိုင်လျှက်ရှိသည်။

အဆောင်စည်းကမ်း

“ အဆောင်စည်းကမ်းမှာ အဓိက အ.စ.ည(ရန်ကုန်တက္ကသိုလ်မှ ချမှတ်ထားသောစည်းကမ်း) ပေါ့။ ဘာတွေပါလဲဆိုရင် ငြိမ်းချမ်းစွာပညာသင်ကြားရေးကို ထိခိုက်တဲ့အပြုအမူကိုမလုပ်ရဘူးတို့၊ အကျင့်စာရိတ္တပျက်ပြားမှုဆိုင်ရာ အပြုအမူများကို မလုပ်ရဘူးတို့၊ အဆောင်မှူးက လိုအပ်ရင်လိုအပ်သလိုထုတ်ထားတဲ့စည်းမျဉ်းတွေကို လိုက်နာရမည်ဆိုတာမျိုးတွေရှိတယ်။ဒီစည်းကမ်းတွေက သာမန်ကြည့်ရင်လက်ခံနိုင်စရာပဲ ဒါပေမယ့်အဓိပ္ပာယ်ပြန်လိုက်ရင် အဆောင်မှူးတစ်ယောက်ထဲကို အခွင့်ပေးထားတယ်ဆိုတာက တက္ကသိုလ်အနေနဲ့ရော ပြောင်းနေတဲ့နိုင်ငံရေးအခြေအနေနဲ့ကရော လုံးဝမကိုက်ညီဘူး ” ကိုဘုန်းထက်နောင် ပြောသည်။

မိမိကိုယ်မိမိ ထိန်းကျောင်းနိုင်နေသော အသက်အရွယ်ရှိပြီးဖြစ်သော အဆောင်သူများကို ည ၆နာရီကျော်လျှင် ရေချိုးခွင့်မပြုခြင်း ၊ ဖုန်းသုံးစွဲခွင့်မပြုခြင်း၊ သုံးစွဲသည်ကိုတွေ့ရှိပါကလည်းတစ်လနီးပါးသိမ်းဆည်းခံရခြင်း၊ မြက်နုတ်ခိုင်းခြင်း၊ ကျန်းမာရေးမကောင်းသဖြင့် ဆေးခန်းပြလိုသော်လည်း အချိန်ကျော်သွားသဖြင့် ဆေးခန်းသွားရန် ခွင့်မပြုခြင်း စသည့် အခက်အခဲများကို တွေ့ရှိနေရသည် ဟု ကျောင်းသားတဦးမှပြောပါသည်။

ယင်းကဲ့သို့အဆောင်နေကျောင်းသားကျောင်းသူများအကြားအဆောင်စည်းကမ်းများနှင့် ပတ်သတ်ပြီး ဖြစ်ပွားနေသောပြသနာများနှင့်ပတ်သတ်ပြီး ဗကသသမဂက သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ရန်ကုန်တက္ကသိုလ်အတွင် ပြုလုပ်ခဲ့သည်။ အဆောင်နေသူကျောင်းသူများ၏အခက်အခဲလိုအပ်ချက်များကို စာရင်းပြုစုပြီး တကသိုလ်မှတာဝန်ရှိသူများကို ပြန်တင်ပြသော်လည်း တစ်လနီးပါးရှိသည့်တိုင် ပြသနာများကို မဖြေရှင်းပေးသဖြင့် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် တကသ ကျောင်းသားများက သစ်ပုတ်ပင်အောက်တွင် မီဒီယာများသို့  သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ကြောင်းကို ယင်းကပင် ဆက်လက်ရှင်းပြသည်။

သတင်းစာရှင်းလင်းပွဲရလဒ်အနေဖြင့် တက္ကသိုလ်ရှိ တာဝန်ရှိသူများကသိရှိသွားကာ  ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပါမေက္ခချုပ်အပါအဝင် ကျောင်းအုပ်ချုပ်ရေးမှတာဝန်ရှိသူများ၊ အဆောင်မှူးများက သမဂ္ဂအဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး  ပါမေက္ခချုပ်က တက္ကသိုလ်ဝင်းအတွင်းရှိ ကျောင်းဆောင်အသီးသီးတွင် ဖြစ်ပွားနေသောပြသနာများကို လူတိုင်းတင်ပြနိုင်မည့် အကြံပြုလွှာထည်နိုင်သောပုံး(Suggestion Box)များ ထားရှိပေမည်ဖြစ်ကြောင်းနှင့် ပါမေကချုပ်ကိုယ်တိုင် အဆောင်နေကျောင်းသူများနှင့် တွေ့ဆုံမေးမြန်းမှုများပြုလုပ်သွားမည်ဟု ကတိပေးခဲ့ကြောင်း သိရသည်။

သို့သော် ယင်းတွေ့ဆုံမှုအပြီး တစ်လကျော်နှစ်လနီးပါးအထိ တာဝန်ရှိသူများက ကျောင်းဆောင်များအနက် တစ်ဆောင်ကိုသာဝင်ရောက်တွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီး

 

ရေအသုံးပြုခွင့်ရရှိရေးနှင့် အစားအသောက်အဆင်ပြေစေရန်ဆောင်ရွက်ပေးခြင်း စသည့် ယေဘုယျလိုအပ်ချက်များကိုဖြည့်ဆည်းပေးရန်ကတိပေးခဲ့ပြီး ကျောင်းသူတစ်ဦးက အဆောင်စည်းကမ်းပိုင်းများနှင့်ပတ်သတ်ပြီး ပြင်ဆင်ပေးရန်တောင်းဆိုခဲ့သော်လည်း သေချာဆွေးနွေးခြင်းမရှိပဲ လျောချခဲ့ကြောင်း ဗကသ၏ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ထုတ်ပြန်သော အဆောင်စည်းကမ်းပြင်ဆင်ခြင်း၊ဖျက်သိမ်းခြင်းနှင့်ပတ်သတ်၍ တက္ကသိုလ်အာဏာပိုင်အဖွဲ့၏လုပ်ငန်းစဉ်များအားသုံးသပ်ခြင်းဆိုင်ရာ ထုတ်ပြန်ချက်အရ သိရသည်။

ကျောင်းဆောင်များအတွင်း ပုံသေချမှတ်ထားသောစည်းကမ်းများနှင့် အဆောင်မှူးများ၏ လိုအပ်လျှင်လိုအပ်သလို ချမှတ်ထားသည့်စည်းကမ်းများကြောင့် အခြေအနေအများစုတွင် ကျောင်းသား၊ကျောင်းသူ အများအားဖြင့် ကျောင်းသူများမှာ အခက်အခဲများကြုံတွေ့ရပြီး တချို့သောအခွင့်အရေးများလည်း ဆုံးရှုံးနေကြောင်း အဆောင်နေကျောင်းသူများ၏ ပြောကြားချက်များအရ သိရသည်။

ရတနာဆောင်မှာ ကျောင်းသူတစ်ဦးမှ အဆောင်တွင်းစည်းကမ်းများနှင့်ပက်သက်ပြီး “ လေးနာရီခွဲမှာကျောင်းဆင်းတယ်။ ၆ နာရီမှာ ရေချိုး၊အဝတ်လျှော် ၊ ထမင်းစားအပြီး။ ဒီအချိန်လေးအတွင်းမှာဘာမှလုပ်လို့မရဘူး။ စည်းကမ်းတွေက တချို့ဟာတွေဆို ဒီတိုင်းပါးစပ်နဲ့ပြောထားတာပဲ။ ဥပမာနယ်ကလူလာလို့သွားတွေ့ရင် ပြန်လာရင်မမှီဘူး။ မမှီတဲ့အခါ သူတို့ဆီကို ထုချေလွှာတင်ရတာနဲ့လက်မှတ်သွားထိုးရတာမျိုးတွေရှိတယ်။ UFL(ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်) နဲ့ နီးနီးလေး။ ကျောင်းတွေဘာတွေထပ်တက်လို့ရတယ်။ ဒါပေမယ့်သူတို့က အဆောင်ပြန်ချိန် ၆ နာရီထုတ်ထားလို့ တက်လို့မရတော့ဘူး။ အဲ့ဒီတော့ နဲနဲနောက်ဆုံးပေးဖို့ပြောတော့ နင်တို့တွေအကုန်လုံးပလိုင်းနဲ့ကလေးလိုက်ကောက်နေရမယ်။ အဲ့သလိုတွေအပြောခံရတယ် ” ဟု ရှင်းပြသည်။

 

 

“ အကြောင်းအမျိုးမျိုးကြောင့် အဆောင်ကိုပြန်တာနောက်ကျတယ်ဆိုရင် ဒီမိန်းကလေးက အပြင်မှာပျက်စီးနေတဲ့ပုံစံမျိုးဆက်ဆံပြောဆိုခံရတယ်။ ပြောတာကလည်း တဆောင်လုံး လူနှစ်ရာလောက်ရှေ့မှာ အပြောခံရတယ်။ ” ဟု ရတနာဆောင်မှ ကျောင်းသူတစ်ဦးက ဆိုသည်။

“ ထမင်းစားရင်သူတို့သတ်မှတ်ထားတဲ့ခုံမှာပဲစားရတယ်။ ဘယ်သူငယ်ချင်းနဲ့ဘယ်လောက်ခင်ခင် သူတို့သတ်မှတ်ထားတဲ့နေရာမှာပဲစားရတယ်။ သမီးတို့ကနယ်ကလာတာ မိဘနဲ့လဲတူတူစားရတာမဟုတ်ဘူး။ ဒီတော့ ကိုယ်ခင်တဲ့သူငယ်ချင်းတွေနဲ့တူတူစားချင်တယ်။ ဟင်းတွေဘာတွေလည်း လဲစားတာမျိုးလုပ်ကြတာရှိတယ်။ အခုကျတော့မရတော့ဘူး ” ဟု ကျောင်းသူတစ်ဦးက ရင်ဖွင့်ပြောဆိုသည်။ထမင်းစားချိန်ကိုလည်း တခြားသောအဆောင်များတွင် ညနေ ၆နာရီအထိ သတ်မှတ်ထားသော်လည်း ရတနာအဆောင်တွင်မူ ၅နာရီခွဲအထိသာ သတ်မှတ်ထားကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။အဆောင်အသီးသီးတွင် ဖြစ်ပွားနေသည့် အခက်အခဲများနှင့် ဖိနှိပ်မှုများကို ကျောင်းသူကျောင်းသားများက ဝိုင်းဝန်းပူးပေါင်းပြီး စည်းကမ်းများပြင်ဆင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ကျောင်းသားအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးကော်မတီက အဆောင်နေကျောင်းသားကျောင်းသူများကို တောင်းဆိုထားသည်။

“ အဆောင်အခက်အခဲတွေ ဖိနှိပ်မှုတွေဖြစ်နေတာဟာ အဆောင်စည်းကမ်းတွေကြောင့်ဖြစ်တယ်။   အဆောင်စည်းကမ်းထဲမှာပါနေတဲ့အချက်တွေဟာ ကျောင်းသားတွေရဲ့ ကိုယ်စားပြုမှုမရှိ၊ လိုအပ်ချက်တွေကိုဖြည်းစည်းပေးနေတာမဟုတ်ဘဲ အဆောင်နေသူကျောင်းသားထုကို ပိပိပြားပြားအုပ်ချုပ်ဖို့ဆွဲထားတာတွေဖြစ်နေတယ်။ ဒါကြောင့်ဒီစည်းကမ်းတွေပြင်ဆင်ဖို့ အဆောင်နေသူကျောင်းသားထု ကျနော်တို့နဲ့ ရဲရဲဝံ့ဝံ့ ပူးပေါင်းပါဝင်စေချင်တယ်။ ဒီလမ်းကြောင်းဟာ အခုပွင့်နေပြီ။ အဆောင်သူတွေကို ပါချုပ်အဖွဲ့လာရောက်တွေ့ဆုံတဲ့အခါမှာလည်း အဆောင်သူတွေ ဖြစ်နေတဲ့အခက်အခဲတွေအပြင် အဆောင်စည်းကမ်းပြင်ဆင်ဖို့အထိပါ တောင်းဆိုရမှာဖြစ်တယ်။ အကြံပြုစာထည့်တာဟာ ဖြစ်နေတဲ့ အခက်အခဲတွေကို အပေါ်ယံဖြေရှင်းနေတာသာဖြစ်တဲ့အတွက် အဓိကအရင်းခံပြဿနာ အဆောင်စည်းကမ်းကို ငါတို့ကျောင်းသားထု ပြင်ဆင်ဖို့တောင်းဆိုရမယ်။” ဟု ကျောင်းသားအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးကော်မတီက တိုက်တွန်းထားသည်။

ကျောင်းဆောင်များရှိ အဆောင်ခေါင်းဆောင်(အီးစီ)များကို အဆောင်စာကြည့်တိုက်တွင် နေ့တိုင်း နှစ်ယောက်တစ်တွဲနှုန်းဖြင့် နေ့စဉ် ည ၇ နာရီမှ ကိုးနာရီအထိ အလှည့်ကျစောင့်ဆိုင်းခြင်းများကို ပြုလုပ်ခြင်းခံရပြီး စာကြည့်တိုက်တွင်းတွင် မည်သည့်လုပ်စရာကိစမှမရှိသော်လည်း အီးစီများသည် အချိန်မပြည့်မချင်းထိုင်စောင့်ရခြင်းများရှိကြောင်း အဆောင်နေကျောင်းသူများထံမှ သိရသည်။ ထို့ပြင် အဆောင်တွင်း အီးစီအစည်းအဝေးခေါ်ခြင်းများပြုလုပ်သော်လည်း အီးစီးများကို ဆွေးနွေးခွင့်မပေးပဲ အဆောင်မှူးက ပြောကြားသည်များကို အဆောင်သူများထံ ပြန်လည်အသိပေးခြင်းမျိုးကိုသာ ပြုလုပ်ခိုင်းလေ့ရှိကြောင်း သိရသည်။

“ သူတို့နေရာမှာနေရင်တော့သူတို့စည်းကမ်းကိုလိုက်နာရမှာတော့ဟုတ်တယ်။ ဒါပေမယ့် သူများတကာရဲ့  ပုဂ္ဂလိကကိစ္စ ကိုတော့ လိုက်ပြီးတော့ စော်ကားခွင့်မရှိဘူး။ ဥပမာဖုန်းသိမ်းတာတို့ဆို ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်ထားတာ ကိုယ်သုံးချင်တဲ့အချိန်သုံးမယ်လေ။ သူတို့နဲ့မဆိုင်ဘူး ။ ပြီးတော့ ၉  နာရီနောက်ပိုင်းဖုန်းမပြောရဘူးဆိုတဲ့စည်းကမ်း။ အဲ့ဒီစည်းကမ်းကတော့တော်တော်ဆိုးလွန်းတယ်။ ဒဂုံဆောင်မှာဆို ည ၉ ဆရာမတွေရဲ့ ရည်းစားနဲ့ဖုန်းပြောနေလားဆိုတဲ့အကြည့်နဲ့ အကြည့်ခံရတယ် ” ဟု ကျောင်းသူများက ပြောသည်။

 

ထို့ပြင် မိမိတို့တက်ရောက်နေသည့် မေဂျာဌာနများက ခွင့်ပြုသော်လည်း ကျောင်းဆောင်တွင်မူ ဆံပင်ဆေးဆိုးခွင့်မပြုခြင်း၊ ပိတ်ရက်အပြင်ထွက်ရာတွင် အဝတ်အစားကန့်သတ်ခြင်းများစသဖြင့် ကျောင်းသူများကို အဝတ်အစား၊ အစားအသောက် ၊ ရေချိုးသည့်အချိန်ထိပါမကျန် လိုက်လံထိန်းချုပ်မှုများ ပြုလုပ်ကြောင်း အဆောင်သူများ၏ ပြောကြားချက်အရ သိရသည်။

အဆောင်နေကျောင်းသားကျောင်းသူများသည် စည်းကမ်းပိုင်းတွင် အမျိုးမျိုးသော ဖိနှိပ်မှုများကြုံတွေ့ရသော်လည်း အမျိုးသားများနှင့် အမျိုးသမီးအဆောင်တွင်လည်း ကွာခြားမှုများရှိနေသည်။ “ သတင်းစာရှင်းလင်းပွဲလုပ်တဲ့ပိုစ့်တွေ ဖေ့ဘုတ်မှာတင်တော့ တတိုင်းတပြည်လုံးရဲ့မန့်တွေက မိန်းကလေးအပြင်ထွက်ချင်တာ အဲ့မိန်းကလေးက ပျက်စီးနေတာ။ အကုန်လုံးက အဲ့ဒီအမြင်ပဲမြင်နေကြတယ်။ အပြင်ထွက်ချင်တာက ဖာအကျင့်တို့၊ နင်တို့ညဘက်အပြင်ထွက်ချင်တာ ဖာတွေပဲ၊ မိန်းကလေးတွေကို စည်းကမ်းလျော့လိုက်ရင် အကုန်လုံးဖာတွေဖြစ်ကုန်မယ် အဲ့ဒီစကားတွေပဲကြားရတယ်။အားလုံးဆီက။” ဖေ့ဘုတ်မှ တက္ကသိုလ်ကျောင်းသူများအပေါ် ပေးသောမှတ်ချက်များကို ကျောင်းသူများက ပြန်ပြောပြပါသည်။

“ လူ့အဖွဲ့အစည်းရဲ့ပုံစံကို ယောင်္ကျားတွေက စဉ်းစားဥာဏ်ပိုရှိတယ်။ အပြင်ကိုတညထွက်အိပ်လည်း ဘာမှဖြစ်မသွားဘူး။ မိန်းမတွေကပိုဖြစ်နိုင်တယ်ဆိုတဲ့ အသိမျိုးတွေရှိတယ်။ ယောင်္ကျားလေးဆောင်တွေက ည၁၀ နာရီထိဖွင့်ထားပေးတယ်။ စည်းကမ်းတွေကချောင်တယ်။ တခုကောင်းတာက ယောင်္ကျားလေးဆောင်တွေမှာ အဆောင်စည်းကမ်းထုတ်မယ်ဆိုရင် အဆောင်မှူးနဲ့ ကျောင်းသားတွေတိုင်ပင်ပြီးတော့ အဲ့စည်းကမ်းကို အဆောင်မှူးကိုယ်တိုင်လိုက်နာတယ် ” ဟု အမျိုးသားနှင့် အမျိုးသမီးအပေါ်လူ့အဖွဲ့အစည်း၏ စံနှုံးနှစ်မျိုးနှင့် ထားပြီး ကျားကို လွတ်လပ်ခွင့်မကန့်သတ်ပဲ မ ကိုလွတ်လပ်ခွင့်နှင့် တန်သော စဉ်းစားဥာဏ်မရှိဟူသော သဘောမျိုးသက်ရောက်နေသည်ကို ကျောင်းသားတဦးက ရှင်းပြပါသည်။

“ တက္ကသိုလ်ဆိုတဲ့ဝေါဟာရကို ဆရာဆရာမတွေက ဘယ်လိုအဓိပာယ်ဖွင့်ဆိုလဲဆိုတာကျွန်တော်တို့မသိဘူး။ ဒါပေမယ့်တကသိုလ်ဆိုတဲ့ပုံစံက အတွေးအခေါ်အရရော လွတ်လပ်ရမယ်။ ရုပ်ပိုင်းဆိုင်ရာအရရော အကုန်လုံးပဲ ဒီထဲကိုရောက်လာတဲ့သူတွေအကုန်လုံးက ကိုယ့်ကိုကိုယ်ထိန်းနိုင်တယ်။ ဒီမှာရှိတဲ့သူအများစုက ၁၈ နှစ်ပြည့်ပြီးပြီ။ ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်ပြီ။ ကိုယ်လုပ်တာကို တာဝန်ခံနိုင်ပြီ ”  ဟု ကိုဘုန်းထက်နောင်က ၄င်း၏သုံးသပ်ပြောဆိုသည်။

 

 

 

 

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s