ကဗျာ (သို့) မယ်ယွေး

“ ကဗျာက ကိုယ့်အတွက်တော့ ယုံကြည်မှုလို့ထင်တယ်။ အဲ့ဒီဟာကို မရေးရတာကြာလာရင် မဖန်တီးနိုင်တာကြာလာရင်၊ ဒါမှမဟုတ် ကိုယ့်ကို အားရစေမယ့် ကဗျာတစ်ပုဒ်ကို မဖတ်ဖြစ်တာကြာလာလို့ရှိရင် စိတ်ဓာတ်ကျလာတာမျိုး ၊ ယုံကြည်မှုပျောက်ဆုံးလာတာမျိုးဖြစ်တယ်။ ဒါပေမယ့် ကဗျာတစ်ပုဒ်ရေးပြီးတဲ့အခါမျိုးမှာဖြစ်ဖြစ် ၊ သူများရေးထားတဲ့ကဗျာတစ်ပုဒ်ကို ကိုယ်ကအားရဝမ်းသာစွာ ဖတ်ပြီးသွားတဲ့အခါမျိုးမှာ ဖြစ်ဖြစ် ယုံကြည်မှုရှိလာပြီး ကျေနပ်အားရတယ်လို့ ထင်တာပဲ ” မယ်ယွေး

——————————————————————–

ဒီတစ်လ ကျွန်မတို့ရိမ်းဖောရဲ့ ခေတ်ပြိုင်အနုပညာကဏ္ဍ( contemporary art) အတွက် ခေတ်ပြိုင်ကဗျာလောကမှာ ထိပ်တန်းကဗျာဆရာမတစ်ဦးအဖြစ် ကျော်ကြားနေတဲ့ မယ်ယွေး(သို့) ရည်ရွယ်ယွေးရဲ့ အကြောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ သူမဟာ ကဗျာဆရာဇေယျာလင်း သြဇာလွှမ်းတဲ့ ခေတ်ပြိုင်ဘာသာစကားပြု ကဗျာအမျိုးအစားတွေကို ဆက်ခံရေးသားနေတဲ့ ယနေ့အထင်ကရ အမျိုးသမီးကဗျာရေးသူများအနက်မှ တစ်ဦးလည်းဖြစ်ပါတယ်။

ကဗျာဆရာမ မယ်ယွေးကို ၁၉၉၁ ခုနှစ်မှာ မြန်မာနိုင်ငံ တောင်စွန်းစွန်းမှာရှိတဲ့ ကမ်းရိုးတန်းမြို့လေးတစ်ခုဖြစ်တဲ့ မြိတ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ သူမရဲ့အသက် ၉ နှစ်ခန့်မှာ ရန်ကုန်ကို မိသားစုလိုက်ပြောင်းရွေ့လာခဲ့ပြီး ရန်ကုန်နည်းပညာတက္ကသိုလ်တွင် B.E(Electronics) နဲ့ ဘွဲ့ရရှိခဲ့ပါတယ်။ ယွေးဟာ သူမရဲ့အသက် ၁၈ နှစ်မှာ ကဗျာကို စတင်ရေးသားဖြစ်ခဲ့ပြီး အသက် ၂၁ နှစ်မှာ ပထမဆုံး လုံးချင်းကဗျာစာအုပ်ဖြစ်သည့် “ ကဗျာကြုံပါးလိုက်တယ်” ဆိုတဲ့စာအုပ်ကို စတင်ထုတ်ဝေနိုင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်တွင် ကဗျာဆရာမ ချိုပိန်းနောင်နှင့် တွဲ၍ “ ရှင်နဲ့ကျွန်မ” အမည်ရှိ ကဗျာစာအုပ်တစ်အုပ်ကိုလည်း ထုတ်ဝေဖြစ်ခဲ့ပြီး အခြားအတွဲစာအုပ်များကိုလည်း ထုတ်ဝေဖြစ်ခဲ့တယ်လို့ သူမကဆိုပါတယ်။ ထို့ပြင် ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံရဲ့ ထိပ်တန်းကဗျာဆရာနှစ်ဆယ်ကျော်ရဲ့ ကဗျာတွေနဲ့ အသက်သွင်းထားတဲ့ Burma Story Book (မြန်မာပုံပြင်)စာအုပ်တွင်လည်း ပါဝင်ခဲ့ပါသေးတယ်။
ကဗျာကို ငယ်စဉ်ကပင် စိတ်ဝင်စားခဲ့ကာ အချစ်ကဗျာများကို စရေးဖြစ်ခဲ့ပြီး အစ်ကိုဖြစ်သူကဗျာဆရာ၏ လမ်းညွှန်မှုနဲ့ ကဗျာစာအုပ်များကို ဖတ်ရှုလေ့လာရင်းနှင့် ကဗျာများကို စတင်ရေးသားနိုင်လာတယ်လို့ ယွေးက ကဗျာစရေးဖြစ်ခဲ့ပုံကို ပြောပြပါတယ်။

“ ကဗျာက ငယ်ငယ်ထဲကနေ စိတ်ဝင်စားတာ။ မဂ္ဂဇင်းတွေဘာတွေ ဖတ်လို့ရှိရင် အဲ့ဒီကဏ္ဍကိုပဲ ရွေးဖတ်တယ်။ ငယ်ငယ်တုန်းကတော့ အချစ်ကဗျာလေးတွေ စမ်းရေးရင်းနဲ့ နဲနဲကြီးလာတော့ အစ်ကိုက ကဗျာဆရာဆိုတော့ နင်အဲ့ဒီလိုမျိုးတွေ ရေးနေမယ့်အစား ကဗျာကို သေချာလေ့လာရင်တော့ ဖြစ်လာမယ်ဆိုပြီး ဖတ်ရမယ့်စာအုပ်တွေညွှန်းပေးတယ်။ ဖတ်ကြည့်ပြီးတော့ သေသေချာချာရေးမယ်ဆိုရင်းနဲ့ ဖြစ်လာတာပါ ” ဟု ၎င်းက ရှင်းပြသည်။
သူမအနေနဲ့ အသက်မွေးဝမ်းကြောင်းအလုပ်အနေဖြင့် ဘာသာပြန်အလုပ်ကိုစတင်လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းတွင် လေကြောင်းလိုင်း ဧည့်ဝန်ဆောင်မှု အေးဂျင့်အဖြစ်လုပ်ကိုင်ခဲ့ဖူးပြီး ယခုလက်ရှိတွင် ကိုယ်ပိုင်စာအုပ်တိုက်တစ်ခုကို ထူထောင်ထားကြောင်းသိရပါတယ်။

သူမကတော့ ကဗျာတွေကို ယုံကြည်မှုတစ်ခုလို့ ယူဆပြီး ကဗျာတွေနဲ့ ထိတွေ့မှုမရှိတဲ့အခါ သူမဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှုပျောက်ဆုံးနေခြင်းနဲ့ စိတ်ဓာတ်ကျမှုတွေကို ခံစားရတယ်လို့ ပြောပါတယ်။

“ ကဗျာက ကိုယ့်အတွက်တော့ ယုံကြည်မှုလို့ထင်တယ်။ အဲ့ဒီဟာကို မရေးရတာကြာလာရင် မဖန်တီးနိုင်တာကြာလာရင်၊ ဒါမှမဟုတ် ကိုယ့်ကို အားရစေမယ့် ကဗျာတစ်ပုဒ်ကို မဖတ်ဖြစ်တာကြာလာလို့ရှိရင် စိတ်ဓာတ်ကျလာတာမျိုး ၊ ယုံကြည်မှုပျောက်ဆုံးလာတာမျိုးဖြစ်တယ်။ ဒါပေမယ့် ကဗျာတစ်ပုဒ်ရေးပြီးတဲ့အခါမျိုးမှာဖြစ်ဖြစ် ၊ သူများရေးထားတဲ့ကဗျာတစ်ပုဒ်ကို ကိုယ်ကအားရဝမ်းသာစွာ ဖတ်ပြီးသွားတဲ့အခါမျိုးမှာ ဖြစ်ဖြစ် ယုံကြည်မှုရှိလာပြီး ကျေနပ်အားရတယ်လို့ ထင်တာပဲ ” ဟု ယွေးက သူမအတွက် ကဗျာ၏ အဓိပ္ပာယ်ကို ရှင်းပြပါတယ်။

ယခုနောက်ပိုင်း မြန်မာနိုင်ငံမှာ ကဗျာဆရာအများစုက ခေတ်ပြိုင်ကဗျာအမျိုးအစားတွေကို အရေးများလာကြပြီး သူမအနေနဲ့ကတော့ lyric ကဗျာလို့ခေါ်တဲ့ မိမိရဲ့ခံစားချက်တွေကို ယခုခေတ်ပုံစံ၊ ခံစားမှုနဲ့ စာဖတ်သူတွေကို ပြောပြနေသည့်ပုံစံဖြင့် ရေးသားရတဲ့ ကဗျာအမျိုးအစားတွေကို အများဆုံးရေးဖြစ်တယ်လို့ ယွေးက ဆိုပါတယ်။

ယွေးဟာ ကဗျာဆရာမတစ်ယောက်ဖြစ်သည်နှင့်အတူ ကိုယ်ခန္ဓာပေါ်တွင် တက်ထိုးများထိုးခြင်းကိုလည်း စိတ်ဝင်စားသူတစ်ယောက်ဖြစ်ပါတယ်။ သူမငယ်စဉ်ကတည်းကပင် တက်တူးထိုးရန် ဆန္ဒရှိခဲ့ပြီး သူမရဲ့ခန္ဓာကိုယ်ပေါ်တွင် အရုပ်များရှိနေသည်ကို သဘောကျနှစ်ခြိုက်သူတစ်ဦးဖြစ်ပြီး တက်တူးကို သူမအသက် ၂၈ နှစ်တွင် ရေးထိုးရန် စိတ်ကူးခဲ့သော်လည်း အသက် ၂၁ အရွယ်တွင် စတင်ရေးထိုးဖြစ်ခဲ့ကြောင်း သူမက ပြောပြပါတယ်။
“ ငယ်ငယ်လေးထဲက မြိတ်မှာနေတဲ့အရွယ်ထဲက တစ်ချိန်ကျရင် ငါကတက်တူးထိုးမယ်ဆိုတဲ့ စိတ်ကအမြဲရှိခဲ့တာ။ ဘာကြောင့်လဲတော့မသိဘူး။ ” “ အဓိကထိုးဖြစ်တယ်ဆိုတာကလည်း အိမ်ကမောင်ကတက်ထိုးကို သူ့ဘာသာသူ စက်ဝယ်ပြီးလေ့ကျင့်တာ ။ အဲ့ဒါနင်လေ့ကျင့်ရင် ငါ့မှာ လာလေ့ကျင့်ဆိုပြီး ထိုးရင်းနဲ့ ပုံတွေရေးဖြစ်သွားတာ ”လို့ တက်ထိုးစထိုးဖြစ်ခဲ့ပုံကို ပြောပြပါတယ်။

ယွေးအနေဖြင့် စိတ်ခံစားမှုကြောင့်ဖြစ်ပေါ်လာသည့် အကြောင်းအရာများကို ကဗျာများအဖြစ် ရေးသားလေ့ရှိပြီး ကဗျာများကို ရေးသားရာတွင် အခြေနေ အချိန်ခါပေါ် အမြဲတမ်း အခြေခံလေ့မရှိပဲ ရင်ဘတ်နဲ့ခံစားချက်အပေါ် လာရောက်ထိမှန်တဲ့အခါမျိုးမှာတော့ ကဗျာတွေကို ရေးလေ့ရှိတယ်လို့ သူမကဆိုပါတယ်။
“ အရင်ကဆို ညဘက်တွေ၊ တိတ်ဆိတ်နေတဲ့အချိန် တစ်ယောက်ထဲဖြစ်နေတဲ့အချိန်တွေ ရေးဖြစ်တာများတယ်။ အခုနောက်ပိုင်းက အဲ့သလိုမျိုးတွေလည်း မရတော့ဘူး။ များသောအားဖြင့် ကဗျာတွေက တစ်ခုခုကိုသွားထိတဲ့အချိန်မှာ ကိုယ့်ကိုကြီးကြီးမားမားထိနိုင်ရင် ကိုယ်က ကဗျာရတာများတယ်ဆိုတော့ တစ်ခါလေကျရင်လည်း သူများစကားတခွန်းပြောတာကစပြီး ကဗျာဖြစ်သွားတာမျိုးတွေလည်းရှိပါတယ် ” လို့ ယွေးက ဆိုပါတယ်။

ကဗျာဆရာမ မယ်ယွေးရဲ့ သူမရဲ့စိတ်ထဲတွင် အမြဲတမ်းစွဲထင်နေလေ့ရှိတဲ့ ကဗျာစာကြောင်းများကို ရွတ်ဆိုမေးမြန်းကြည့်ရာမှာတော့
“ ငါရှုံးပါစေ။
တရားကနိုင်ပါစေ”
ဆိုတဲ့ ကဗျာဆရာအောင်ချိမ့်ရဲ့ ကဗျာစာသားကတော့ သူမအတွက် အမြဲတမ်းစွဲထင်နေမယ့် ကဗျာလို့ ဆိုပါတယ်။
မယ်ယွေးအနေနဲ့ အနုပညာလှုပ်ရှားမှုအနေဖြင့် ကဗျာရေးခြင်းတစ်မျိုးကိုသာ လုပ်ကိုင်ပြီး နောက်ထပ်ဆက်လျှောက်ရမယ့် ဘဝတစ်လျှောက်တွင် performance art နဲ့ illustration art တို့ကို လုပ်ချင်ကြောင်း သူမက ဖွင့်ဟပြောဆိုခဲ့ပါတယ်။

စုလေးငုံ

#Comtemporaryart
#burmesewomenpoet
#maeyway

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s