အောက်ခြေအလွှာတွင် စည်းရုံးခြင်း : အပြည်ပြည်ဆိုင်ရာအမျိုးသမီးသပိတ်

“နိုင်ငံအနှံ့အပြားက မြို့တွေမှာ လူထုစုစည်းမှုတွေဆိုတာထက် ပိုပါတယ်။ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများရဲ့သပိတ်မှာ ပိုကျယ်ပြန့်တဲ့နိုင်ငံရေးဦးတည်ချက်ရှိပါတယ်။ ဆိုရှယ်လစ်ဆိုတာ မသုံးကောင်းတဲ့စကားလုံးမဟုတ်တော့ဘူး၊ ကမ္ဘာ့တစ်ဝှမ်းက အမျိုးသမီးတွေ စုစည်းထကြွလာပြီ၊ ဒီတော့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးသပိတ်က ဦးတည်ချက်မှာ အရေးကြီးတဲ့အရေးကိစ္စတွေ ထည့်သွင်းလာပြီ။ လက်ဝဲရေး၊ အမျိုးသမီးလှုပ်ရှားမှု (အရင်းရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရက်တစ်ပါတီကို မမှီခိုတဲ့ အမျိုးသမီးလှုပ်ရှားမှု၊ နယ်ချဲ့ဝါဒ၊ လူမျိုးရေးမုန်းတီးမှုကို ဆန့်ကျင်တဲ့ အမျိုးသမီးလှုပ်ရှားမှုအားလုံးပါဝင်ပါတယ်) တို့အပြင် ကျွန်မတို့အခွင့်အရေးကို တောင်းယူနိုင်ဖို့ တိုက်ခိုက်ရေးနည်းဗျူဟာဖြစ်တဲ့ သပိတ်ပေါ့။ ဒီတောင်းဆိုမှုတွေအားလုံးက ကမ္ဘာနဲ့အဝှမ်း မိန်းမတွေရင်ဆိုင်နေရတဲ့ ဖိနှိပ်မှုကို စနစ်ပိုင်းဆိုင်ရာအထိ အတွင်းကျကျ ကိုင်တွယ်မယ့် လှုပ်ရှားမှုဆီ ဦးတည်သွားမှာဖြစ်ပါတယ်။ “

မိန်းမတွေရင်ဆိုင်နေရတဲ့ ဖိနှိပ်မှုကို စနစ်ပိုင်းဆိုင်ရာအထိ အတွင်းကျကျ ကိုင်တွယ်မယ့် လှုပ်ရှားမှုတစ်ရပ်ကို ဖော်ဆောင်မယ်ဆိုရင် အရင်းရှင်စနစ်ကို ဆန့်ကျင်တဲ့၊ နယ်ချဲ့စနစ်ကို ဆန့်ကျင်တဲ့၊ အဖိနှိပ်ခံလူအားလုံးနဲ့ ရပ်တည်တဲ့ မဝါဒကို ကိုင်စွဲဖို့ မဖြစ်မနေလိုအပ်ပါတယ်။

အနောက်ဗာဂျီးနီးယားမှာ ဆရာ/ဆရာမများဟာ (အများစုဟာ မိန်းမတွေဖြစ်ပါတယ်) သမဂ္ဂခေါင်းဆောင်တွေမပါဘဲ အကြီးစားသပိတ်မှောက်နေကြပါတယ်။ ဒါဟာ အနောက်ဗာဂျီးနီးယားရဲ့ သပိတ်ဥပဒေကို ချိုးဖောက်တာလည်း ဖြစ်ပါတယ်။ သူတို့ဟာ မြို့တော်နဲ့ ပြည်နယ်ဥပဒေကို ထိပ်တိုက်ရင်ဆိုင်လိုက်ရုံတင်မကဘဲ လွန်ခဲ့တဲ့သုံးရက်က သပိတ်လှန်ခဲ့တဲ့သမဂ္ဂခေါင်းဆောင်ပိုင်းကိုပါ စိန်ခေါ်လိုက်တာဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာမိန်းမများရဲ့သပိတ်အကြောင်းဆွေးနွေးဖို့ ခုလက်ရှိ နိုင်ငံရေး၊ လူမှုရေးအခြေအနေက အကောင်းဆုံးပါပဲ။
မိန်းမတွေရဲ့ သပိတ် ဘယ်က မြစ်ဖျားခံသလဲ။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဟာ ရက်ဒီကယ်ကျတဲ့သမိုင်းအစဉ်အလာရှိပါတယ်။ နယူးရော့ခ်မြို့တော်၊ အထည်စက်ရုံအလုပ်သမားသပိတ်အထိမ်းအမှတ်နဲ့ ၁၉၀၉ ခုနစ်မှာ ဆိုရှယ်လစ်ပါတီက ဒီနေ့ကို စတင်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ၁၉၁၀ ခုနစ်မှာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများညီလာခံကို ဒုတိယအကြိမ်မြောက် ကွန်မြူနစ်အင်တာနေရှင်နယ် မတိုင်ခင်မှာ ကျင်းပခဲ့ပါတယ်။ ကလယ်ရာဇက်ကင် တို့လို ဆိုရှယ်လစ်အမျိုးသမီးတွေ ဦးစီးတဲ့ ဒီညီလာခံက အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့ရယ်လို့ သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီညီလာခံကို ၁၉၁၁ ခုနစ်မှာ ပထမဆုံးအနေနဲ့ နိုင်ငံတချို့မှာ လူပေါင်းသန်းချီတက်ရောက်ခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ရဲ့ ဆိုရှယ်လစ်အုတ်မြစ်တွေဟာ ၁၉၁၇ ခုနစ် ရုရှားတော်လှန်ရေးက ဇာဘုရင်စနစ်ကို ဖြုတ်ချပြီးတဲ့အခါ ပိုမိုခိုင်မာလာပါတယ်။ အမျိုးသမီးတွေဟာ လမ်းပေါ်တက်ပြီး ငြိမ်းချမ်းရေး၊ မြေယာပိုင်ဆိုင်ရေး၊ ဇာဘုရင်စနစ်အဆုံးသတ်ဖို့ စသဖြင့် ကြွေးကြော်ခဲ့ကြပါတယ်။ “ဖေဖော်ဝါရီ ၂၃ (မတ် ၈)ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဖြစ်လို့ တွေ့ဆုံပွဲတွေ၊ လုပ်ဆောင်ချက်တွေထွက်လာမယ်လို့တော့ ခန့်မှန်းပြီးသားပါ။ ဒါပေမယ့် ‘ဒီအမျိုးသမီးများနေ့’ က တော်လှန်ရေးကို ဖွင့်လှစ်ပေးခဲ့မယ်လို့ ကျွန်တော်တို့ လုံးဝထင်မထားခဲ့ပါဘူး။ တော်လှန်ရေးဖြစ်တော့မယ်လို့ ထင်ထားပေမယ့် ဘယ်နေ့ဘယ်ရက်ရယ်လို့ အတိအကျမဟုတ်ဘူး။ ဒါပေမယ့် မနက်မှာတော့ အမိန့်တွေထုတ်ပြန်ထားတာကို ဆန့်ကျင်ပြီး အထည်စက်ရုံအလုပ်သမားတွေက စက်ရုံတွေကနေ ထွက်ခွာလာကြပြီး သပိတ်ကိုထောက်ခံဝန်းရံဖို့ ကိုယ်စားလှယ်တွေစေလွှတ်ခဲ့ပါတယ်။ အဲဒီ့ကနေ သပိတ်အကြီးစားကြီးဖြစ်လာပြီး အားလုံး လမ်းပေါ်ထွက်လာခဲ့ကြပါတယ်” လို့ လီယွန်ထရော့စကီးက ရေးခဲ့ပါတယ်။

၁၉၇၀ ခုနစ်များဆီမှာ ကမ္ဘာအနှံ့ အရင်းရှင်အစိုးရတွေ ဒီအပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့ကို အသိအမှတ်ပြုပြီးနောက် ကုလသမဂ္ဂအဖွဲ့က မတ်လ ၈ရက်နေ့ကို အမျိုးသမီးအခွင့်အရေးနဲ့ ငြိမ်းချမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါတွေဟာ ဒီအပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ရဲ့ ဆိုရှယ်လစ်တော်လှန်ရေးအုတ်မြစ်တွေနဲ့ အဝေးကြီးဝေးပါသေးတယ်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့ပေါ်ပြီး နှစ် ၁၀၀ အတွင်းမှာ အများကြီးပြောင်းလဲခဲ့ပါပြီ။ ၁၉၁၀ ခုနစ် ဥရောပမှာ ဆိုရှယ်လစ်အဖွဲ့အစည်းတွေ ရှိခဲ့တယ်။ အဲဒီ့အချိန်ကစလို့ ဆိုရှယ်လစ်ပါတီ တစ်ခုပြီးတစ်ခု တော်လှန်ရေးထက် ပြုပြင်ပြောင်းလဲရေးပုံစံနဲ့သွားတာကို တွေ့ခဲ့ရတယ်။ စတာလင်ရဲ့ဗျူရိုကရက်ယန္တရား နဲ့ အရင်းရှင်စနစ်ပြန်ထူထောင်ရေး၊ တစ်ကမ္ဘာလုံးကို ကွန်မြူနစ်စနစ်ကို ဆန့်ကျင်တဲ့ဝါဒမှိုင်းဖြန့်ချီရေးမှာ တော်လှန်ရေးတွေ အဆုံးသတ်သွားတာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒီနေ့ကို စသတ်မှတ်ခဲ့တဲ့ ၁၉၀၉ ခုနစ်နဲ့ လုံးဝခြားနားနေပြီဖြစ်တဲ့ ဒီနေ့ခေတ်ကမ္ဘာကြီးမှာ ဒီဆိုရှယ်လစ်နေ့ကို ဘာကြောင့် ပြန်လည်ဖော်ထုတ်သင့်တာလဲ။

ဆိုရှယ်လစ်စနစ် ပြန်လာပြီ

လွန်ခဲ့တဲ့ သုံးလေးနှစ်အတွင်းမှာ ပေါ်ပြူလစ်ဇင် ခေါင်းထောင်လာတာကို တွေ့ခဲ့ရပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ထရမ့်သမ္မတဖြစ်လာတာ၊ လက်တင်အမေရိကမှာ လက်ယာယိမ်းအစိုးရတွေတက်လာတာ၊ ကမ္ဘာအနှံ့မှာ ဖက်ဆစ်လက်သစ်အဖွဲ့အစည်းတွေပေါ်ပေါက်လာတာတွေပေါ့။ အဆိုးချည်းတော့မဟုတ်ပါဘူး၊ အကောင်းလည်းကျန်ပါသေးတယ်။ ဒီနိုင်ငံရေးလှုပ်ရှားမှုဟာအမေရိကန်ရဲ့နှစ်ပါတီစနစ်ကို နားယောင်နေသူတွေရယ်၊ အရင်းရှင်စနစ်ဟာ လူသားတွေရဲ့ လိုအင်နဲ့ ပျော်ရွှင်မှုကို ဖြည့်စွမ်းနိုင်မယ့် အကောင်းဆုံးစနစ်ဟုတ်မဟုတ် မေးခွန်းထုတ်သူတွေရယ်ဆိုပြီး နှစ်စုကွဲသွားစေပါတယ်။ လက်ဝဲဘက်မှာတော့ ဒီမိုကရက်တစ်ဆိုရှယ်လစ်လို့ ကိုယ့်ကိုယ်ကိုယ်သမုတ်တဲ့ ဘာနီဆန်းဒါးစ်ကို လူကြိုက်များလာကြပါတယ်။ ဆန်းဒါးစ်က အရင်းရှင်စနစ်ရဲ့ဒုက္ခသုက္ခတွေကို ဖြေရှင်းဖို့နည်းလမ်းကို လူတော်တော်များများ လက်ဝဲဖြေရှင်းနည်းလမ်းတွေကို ရှာနေကြပြီဆိုတာ ကောင်းကောင်းချမပြသေးနိုင်ပေမယ့် သူ့ရဲ့ ၁၃ သန်းသောမဲတွေက ပြနေပါတယ်။ အရင်းရှင်အင်ပါယာရဲ့ဗဟိုတည့်တည့်မှာတောင် ဆိုရှယ်လစ်စနစ်ဟာ မသုံးကောင်းတဲ့စကားလုံး မဟုတ်တော့ပါဘူး။ ဒီအခြေအနေမျိုးမှာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများရဲ့ သပိတ်ဟာ အမျိုးသမီးအခွင့်အရေး၊ အတိအကျပြောမယ်ဆိုရင် အလုပ်သမားအမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို တောင်းဆိုခဲ့တဲ့၊ နှစ်ပေါင်းတစ်ရာကြာမြင့်ခဲ့ပြီဖြစ်တဲ့ ဆိုရှယ်လစ်ဆော်သြမှုကို ပြန်အသက်သွင်းဖော်ထုတ်ဖို့ပါပဲ။

အမျိုးသမီးလှုပ်ရှားမှုတွေ ပြန်လာပြီ

လက်ရှိနိုင်ငံရေးအနေအထားရဲ့ နောက်ထပ်အရေးပါတဲ့အချက်ကတော့ အမျိုးသမီးတွေရဲ့လှုပ်ရှားမှု ကမ္ဘာအနှံ့အပြားမှာ ပေါ်ထွက်လာခြင်းပါပဲ။ လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာ စည်းရုံးလှုပ်ရှားမှုတွေ များစွာ ပေါ်ထွက်လာခဲ့ပါတယ်။ ပိုလန်မှာဆိုရင် ကိုယ်ဝန်ဖျက်ချခြင်းကို ပိတ်ပင်မှုကို ဆန့်ကျင်တဲ့လှုပ်ရှားမှု၊ အိုက်စလန်မှာဆိုရင် လစာညီတူညီမျှရရှိရေး၊ အာဂျင်တီးနားမှာဆိုရင် မိန်းမဖြစ်ခြင်းကြောင့် အသတ်ခံရခြင်းကို ဆန့်ကျင်တဲ့ လှုပ်ရှားမှု (ဒီမှာဆိုရင် ဆိုရှယ်လစ်အမျိုးသမီးလှုပ်ရှားမှုက ပူးပေါင်းပါဝင်ခဲ့ပါတယ်) စသဖြင့်။ အမေရိကန်ပြည်ထောင်စုမှာလည်း ထရမ့်ရဲ့ မိန်းမမုန်းတီးမှုနဲ့ မိန်းမတွေကို ဖိနှိပ်တဲ့မူဝါဒတွေ ချမှတ်မှုအပေါ် လူပေါင်းသိန်းချီ နိုင်ငံအနှံ့အပြားမှာ ဆန္ဒပြခဲ့ကြပါတယ်။ မကြာသေးမီက #MeToo လှုပ်ရှားမှုကလည်း လူမှုအတန်းအစားမရွေး၊ မိန်းမတွေအားလုံး ကြုံတွေ့နေရတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကို မီးမောင်းထိုးပြခဲ့ပါတယ်။ မီဒီယာတွေမှာ ဟောလိဝုဒ်ကြယ်ပွင့်တွေ ကြုံတွေ့ခဲ့ရတဲ့ လိင်ပိုင်းဆိုင်ရာအစော်ကားခံရမှုတွေကို အသားပေးဖော်ပြနေပေမယ့် ချမ်းသာတဲ့ ရုပ်ရှင်မင်းသမီးတွေမှာတောင် ဒီလိုကြုံနေရရင် အလုပ်သမားလူတန်းစားအမျိုးသမီးတွေဆို ပိုဆိုးမယ်ဆိုတာ အသိသာကြီးပါပဲ။ တိုင်ကြားမယ်ဆိုရင် အလုပ်ပြုတ်ရုံတင်မက နေအိမ်ဆုံးရှုံးရမှာကြောင့် ဆိတ်ဆိတ်နေရတဲ့ အမျိုးသမီးတွေအတွက်ဆို ပြောစရာဘယ်ရှိတော့မလဲ။ ဒီမိုကရက်တစ်ပါတီက ခုလိုအမျိုးသမီးလှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင်ဖို့ ကြိုးစားခဲ့ပါတယ်။ သမိုင်းတစ်လျှောက်မှာလည်း ဒီလိုပါပဲ။ ဒီမိုကရက်တွေဟာ ဗုံးကျဲ၊ ဖမ်းဆီးထောင်ချ၊ အရင်းရှင်လူရမ်းတွေကို အားပေးအားမြှောက်ပြုတဲ့နေရာမှာ ရီပါဗလစ်ကန်တွေနဲ့မကွာပေမယ့် သူတို့သာတာက မဲပေးခြင်းအားဖြင့် အမျိုးသမီးတွေရဲ့ဘဝပိုမိုကောင်းမွန်လာမယ်လို့ အမျိုးသမီးတွေယုံကြည်လာအောင် ကြိုးစားကြပါတယ်။

အုပ်ချုပ်ရေးမှာ အမျိုးသမီးတွေကို များများရွေးချယ်တင်မြှောက်နိုင်ရင် ပြဿနာတွေ ဖြေရှင်းအောင်မြင်သွားမယ်လို့ ဒီမိုကရက်တွေက ပြောပါတယ်။ ဒါပေမယ့် ခုနေခါမှာ လူ့အဖွဲ့အစည်းအတွင်း အမျိုးသမီးတွေ အရေးကြီးတဲ့နေရာတွေ ရလာကြပါပြီ။ အမျိုးသမီးသမ္မတ၊ အမျိုးသမီးစီအီးအို စသဖြင့်။ ကောလိပ်တက်တဲ့အမျိုးသမီးဦးရေလည်း ဟိုးအရင်ကထက် များလာပြီ။ ဘွဲ့ရလူဦးရေမှာဆို အမျိုးသမီးကတောင် အမျိုးသားတွေထက် များနေပါသေးတယ်။ အရင်ခေတ်က အမျိုးသမီးတွေ တိုက်ပွဲဝင်ခဲ့လို့ အမျိုးသမီးများ ဒီရာထူးနေရာတွေမရအောင် ပိတ်ပင်တဲ့အတားအဆီးတွေ မရှိတော့ပါဘူး။ ဆိုးတာက ဒီအတားအဆီးတွေ ပြိုလဲလာတယ်ဆိုတဲ့အချိန်မှာပဲ အလုပ်သမားလူတန်းစားအမျိုးသမီးတွေ၊ အတိအကျပြောရမယ်ဆိုရင် အသားအရောင်နဲ့ ရွှေ့ပြောင်း အလုပ်သမားအမျိုးသမီးတွေရဲ့ ဘဝကတော့ တိုးတက်ပြောင်းလဲမလာခဲ့ပါဘူး။ ဒီအချိန်မှာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးတွေရဲ့ သပိတ်က အမျိုးသမီးလှုပ်ရှားမှုကို နိုင်ငံရေးဦးတည်ချက်တစ်ခုပေးဖို့ ဖြစ်လာတာပါပဲ။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများရဲ့ သပိတ်

နိုင်ငံရေးနှစ်ခြမ်းကွဲတဲ့အခြေအနေအတွင်း အမျိုးသမီးလှုပ်ရှားမှုတွေ ပိုကျယ်ပြန့်လာတဲ့အချိန်မှာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများရဲ့သပိတ်ဟာ လေးနက်တဲ့ဦးတည်ချက်တစ်ခုနဲ့ ထွက်ပေါ်လာပါတယ်။ အဲဒါကတော့ ဒီမိုကရက်တစ်ပါတီရဲ့ လွှမ်းမိုးမှုကနေ ကင်းလွတ်တဲ့၊ အရင်းရှင်စနစ်ကို ဆန့်ကျင်တဲ့ အမျိုးသမီးလှုပ်ရှားမှုတစ်ရပ် ပေါ်ထွန်းလာရေးပါပဲ။ လူချမ်းသာလူတန်းစားမှာတင်မကဘဲ အမျိုးသမီးထုအားလုံးရဲ့ဘဝကို သက်ရောက်နေတဲ့ စနစ်ဆိုင်ရာပြဿနာအားလုံးကို ဖော်ထုတ်ဖြေရှင်းမယ့် လက်ဝဲယိမ်းလှုပ်ရှားမှုဖြစ်ပါတယ်။ ၂၀၁၇ မှာ သပိတ်မှောက်ရေးအတွက် အန်ဂျလာဒေးဗစ်စ်၊ နန်စီဖရေစာ၊ ကီးအန်ဂါယာမာထာတေလာ နဲ့ စင်ဇီးယားအာရူဇာ စသူတွေပါဝင်တဲ့ လက်မှတ်ထိုးတောင်းဆိုသူတွေက ခုလို ဆိုပါတယ်။ ထရမ့်ရဲ့ ပေါ်ပေါ်ထင်ထင် မိန်းမမုန်းတီးမှုဟာ လူအများစု ဆန္ဒပြကြတာရဲ့ လတ်တလောအကြောင်းခံဆိုပေမယ့် ထရမ့်တက်မလာခင်ကတည်းက မိန်းမတွေနဲ့ အလုပ်သမားလူတန်းစားကို တိုက်ခိုက်စော်ကားတာတွေဟာ ရှိခဲ့ပါတယ်။ ကော်ပိုရိတ်ဂလိုဘယ်လိုက်ဇေးရှင်း ဆိုတာကြီးကြောင့် အသားအရောင်အမျိုးသမီးတွေ၊ အလုပ်သမားအမျိုးသမီးတွေ၊ အလုပ်လက်မဲ့နဲ့ ရွှေ့ပြောင်းအမျိုးသမီးတွေရဲ့ဘဝဟာ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးဆယ်အတွင်းမှာ ယိုယွင်းခြင်းဆီ ဦးတည်လာခဲ့ပါတယ်။ လူမှုသာတူညီမျှရေးကို မျိုးဆက်အလိုက် လက်ဆင့်ကမ်းမယ့် မူဝါဒတွေ၊ မျိုးပွားခြင်းဆိုင်ရာသာတူညီမျှခွင့်ရှိတဲ့ မူဝါဒတွေ၊ အလုပ်သမားအခွင့်အရေးကို အာမခံပေးမယ့် မူဝါဒတွေနဲ့မှ ဘဝတွေ တိုးတက်လာမယ့်၊ တစ်ကိုယ်ရည်တစ်ကာယ မြှင့်တင်ဖို့ အခွင့်အလမ်းမရတဲ့၊ မိန်းမအများစုအတွက် ကော်ပိုရိတ်မဝါဒက သုံးစားမရပါဘူး။
မိန်းမတွေရင်ဆိုင်နေရတဲ့ ဖိနှိပ်မှုကို စနစ်ပိုင်းဆိုင်ရာအထိ အတွင်းကျကျ ကိုင်တွယ်မယ့် လှုပ်ရှားမှုတစ်ရပ်ကို ဖော်ဆောင်မယ်ဆိုရင် အထက်တန်းလွှာကို ဖောက်ဖို့ထက် အောက်ခြေအလွှာက အမျိုးသမီးတွေကို စည်းရုံးနိုင်မယ့် မဝါဒမျိုးလိုအပ်ပါတယ်။ ဒါ့ကြောင့် အရင်းရှင်စနစ်ကို ဆန့်ကျင်တဲ့၊ နယ်ချဲ့စနစ်ကို ဆန့်ကျင်တဲ့၊ အဖိနှိပ်ခံလူအားလုံးနဲ့ ရပ်တည်တဲ့ မဝါဒတည်ထောင်ဖို့ မဖြစ်မနေအရေးကြီးပါတယ်။

သပိတ်တွေ ပြန်လာပြီ

အမေရိကန်ပြည်ထောင်စုမှာ အလုပ်သမားလှုပ်ရှားမှုဟာ လွန်ခဲ့တဲ့ဆယ်စုနှစ် နှစ်ခုသုံးခုအတွင်းမှာ မအောင်မမြင်ဖြစ်ခဲ့ပါတယ်။ အလုပ်သမားသမဂ္ဂတွေဟာလည်း အလုပ်သမားလူတန်းစားရဲ့ပြဿနာကို ဖြေရှင်းရေးထက် စီးပွားရေးဆန်ဆန်ပဲ ဖြစ်နေတဲ့အပြင် ဒီမိုကရက်တစ်ပါတီရဲ့အောက်ဆွဲသာသာ ရှိနေခဲ့ပါတယ်။ ၂၀၁၇ ခုနစ်မှာ စစ်တမ်းများအရ အလုပ်သမားသပိတ် ခုနစ်ခုပဲ ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ သမိုင်းတစ်လျှောက်မှာ ဒုတိယအနည်းဆုံးလည်း ဖြစ်ပါတယ်။ သပိတ်အကြောင်း ဆွေးနွေးတာဟာ ဘောင်မဝင်တော့ဘူး လို့ တချို့ကပြောပါတယ်။ တချို့ကဆို သပိတ်မှောက်တာဟာ “အထူးအခွင့်အရေးတစ်ခု” လို့တောင် ပြောကြပါသေးတယ်။ ကျွန်မတို့ ဒီအမြင်ကို ငြင်းရပါလိမ့်မယ်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများရဲ့သပိတ်က “လုပ်ခရတဲ့အလုပ်တွေရော၊ လုပ်ခမရတဲ့အလုပ်တွေအတွက်ပါ သပိတ်မှောက်ကြဖို့” ဆော်သြထားပါတယ်။ အမျိုးသမီးတွေ နေ့စဉ်နဲ့အမျှလုပ်နေရတဲ့၊ လုပ်ခမရတဲ့အလုပ်တွေဟာ အရင်းရှင်လုပ်အားကို ထိန်းမတ်ဖို့ဖြစ်တယ်ဆိုတာ အလေးထားပြောပါတယ်။ ကျွန်မကတော့ လုပ်ခရတဲ့အလုပ်တွေအတွက် သပိတ်ကို အသားပေးပြောချင်ပါတယ်။ ဒီနယ်ပယ်မှာ အမေရိကန်အမျိုးသမီးများသထက်များလာပြီလေ။ လုပ်ခရတဲ့အလုပ်တွေအတွက် သပိတ်က အမေရိကန်ပြည်ထောင်စုမှာ မရှိသလောက်ပါပဲ။ ပြည်နယ်တော်တော်များများမှာ အလုပ်မသွားဘဲ သပိတ်မှောက်တာဟာ လုံးဝတရားမဝင်ပါဘူး။ သပိတ်မှောက်တာဟာ အန္တရာယ်များပါတယ်။ ဘာကြောင့်လဲဆိုတော့ လီနင်ပြောသလို “အလုပ်သမားတွေ အလုပ်ခွင်မဝင်ဖို့ ငြင်းဆန်တဲ့အခါ ယန္တရားကြီးတစ်ခုလုံးရပ်သွားမယ်။ သပိတ်တိုင်းဟာ တကယ့်သခင်ဟာ ငါတို့ပဲ(ကိုယ့်အခွင့်အရေးကို ကျယ်လောင်သထက်ကျယ်လောင်အောင် တောင်းဆိုနေတဲ့အလုပ်သမားတွေ)၊ မင်းတို့မဟုတ်ဘူးလို့ အရင်းရှင်တွေကို သတိပေးလိုက်ခြင်းပါပဲ” ဖြစ်လို့ပါပဲ။ လီနင်က ဒါကို ၁၈၉၉ ခုနစ်မှာ ရေးခဲ့တယ်ဆိုပေမယ့် ဒီနေ့ထိလည်း မှန်နေဆဲပါ။ အရင်းရှင်စနစ်ဟာ လုပ်အားပေါ်မှာ မှီတည်ရတယ်။ ကုန်ထုတ်လုပ်ရေးမှာဖြစ်ဖြစ်၊ ဝန်ဆောင်မှုမှာဖြစ်ဖြစ်၊ မျိုးပွားရေးဆိုင်ရာမှာပဲဖြစ်ဖြစ်။ ဒီလိုဆိုရင် ကျွန်မတို့ အရင်းရှင်စနစ်ကို တိုက်မယ်ဆိုရင် သမဂ္ဂတွေကို ကျွန်မတို့အခွင့်အရေးအတွက် သပိတ်မှောက်ဖို့ တောင်းဆိုရမယ်။ အရင်းရှင်တွေအတွက် ကျွန်မတို့ တိုက်ရိုက်အမြတ်ထုတ်ပေးတဲ့ အလုပ်ခွင်ဟာ ပထမတိုက်ပွဲနေရာပဲ။ နှစ်ပေါင်းများစွာ လျစ်လျူရှုထားခဲ့ကြပြီး စုစည်းဖို့ ခက်ခဲတဲ့နေရာပေါ့။

ကျွန်မဒီစာကိုရေးနေတဲ့အချိန်မှာပဲ အနောက်ဗာဂျီးနီးယားက ဆရာ/ဆရာမတွေ အလုပ်ခွင်မဝင်ဘဲ ဆန္ဒပြသပိတ်မှောက်နေတာ ခြောက်ရက်မြောက်ရှိပြီး ပြည်နယ်အတွင်း ကျောင်းတွေအားလုံးနီးပါးပိတ်ထားရပါတယ်။ ဒါဟာ ဘယ်လိုနည်းအားဖြင့် သပိတ်မှောက်ရမယ်လို့ အာဏာပိုင်တွေက ကန့်သတ်ထားခြင်းအပေါ် သပိတ်မှောက်ဆန္ဒပြလိုက်တာလည်း ဖြစ်ပါတယ်။ မြို့တော်ဝန်က လိုက်လျောမှုအနည်းငယ်သာလုပ်ခဲ့ပြီး ဆရာ/ဆရာမတွေက သူတို့ ဒီထက်ရသင့်တယ်ဆိုတာ သိကြပါတယ်။ သူတို့က ကျွန်မတို့ရည်မှန်းချက်အောင်မြင်အောင် နိုင်ငံရေးနည်းလမ်းကို ဘယ်လိုအသုံးချရမယ်ဆိုတာ ဥပမာပြသွားတာပါပဲ။ တစ်နိုင်ငံလုံးက အလုပ်သမားလူတန်းစားအတွက် ဥပမာတစ်ရပ်ပါပဲ။ သပိတ်မှောက်တယ်ဆိုတာ မဖြစ်နိုင်ဘူးမရှိပါ။ တကယ်တော့ ကိုယ့်အခွင့်အရေးအောင်နိုင်ဖို့အတွက် သပိတ်ဟာ တစ်ခုတည်းသော နည်းလမ်းပါပဲ။

မိန်းမအများစုပါဝင်တဲ့ ဒီဆရာမတွေဟာ သပိတ်မမှောက်ရဆိုတဲ့ ဥပဒေကို ချိုးဖောက်ဖို့ ကြောက်ရွံမနေဘဲ၊ သမဂ္ဂ သပိတ်လှန်ပြီးနောက်မှာ ဆက်လက်တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။ ဒီလိုပဲ၊ စတမ်းဖို့၊ ဟီလ်တန်ဟိုတယ်က အသားအရောင်နဲ့ ရွှေ့ပြောင်းအလုပ်သမားအမျိုးသမီးတွေဟာလည်း တိုက်ပွဲဝင်နေကြပါတယ်။ ဒီအမျိုးသမီးတွေဟာ သူတို့ရဲ့အလုပ်ရှင်တွေဆီကနေ တောင်းဆိုမှုတွေရရှဖို့ သပိတ်မှောက်နေကြတာပါ။ သူတို့အခွင့်အရေးတွေ (အမျိုးသမီးတစ်ယောက်အနေနဲ့ရော၊ အလုပ်သမားတစ်ယောက်အနေနဲ့ပါ) တောင်းဆိုရေးမှာ အလုပ်သမားလူတန်းစားယောက်ျားတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့လိုတယ်လို့ သူတို့မြင်ကြပါတယ်။ သပိတ် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပျံ့နှံ့သွားအောင် အလုပ်ခွင်မဝင်ဘဲ ဆန္ဒပြကြဖို့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများရဲ့ သပိတ်က ဆော်သြထားပါတယ်။ ဒါပေမယ့် သပိတ်အောင်နိုင်ရေးအတွက် ကျွန်မတို့ တွေ့ဆုံဆွေးနွေးပွဲနဲ့တင် မလုံလောက်ပါဘူး။ တကယ့်အလုပ်ခွင်မဝင်ဘဲ သပိတ်မှောက်ခြင်းကို ချိတ်ဆက်ဖို့ သမဂ္ဂတွေကို တောင်းဆိုမယ့်နည်းလမ်းတွေ ရှာရပါမယ်။

နိုင်ငံအနှံ့အပြားက မြို့တွေမှာ လူထုစုစည်းမှုတွေဆိုတာထက် ပိုပါတယ်။ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများရဲ့သပိတ်မှာ ပိုကျယ်ပြန့်တဲ့နိုင်ငံရေးဦးတည်ချက်ရှိပါတယ်။ ဆိုရှယ်လစ်ဆိုတာ မသုံးကောင်းတဲ့စကားလုံးမဟုတ်တော့ဘူး၊ ကမ္ဘာ့တစ်ဝှမ်းက အမျိုးသမီးတွေ စုစည်းထကြွလာပြီ၊ ဒီတော့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးသပိတ်က ဦးတည်ချက်မှာ အရေးကြီးတဲ့အရေးကိစ္စတွေ ထည့်သွင်းလာပြီ။ လက်ဝဲရေး၊ အမျိုးသမီးလှုပ်ရှားမှု (အရင်းရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရက်တစ်ပါတီကို မမှီခိုတဲ့ အမျိုးသမီးလှုပ်ရှားမှု၊ နယ်ချဲ့ဝါဒ၊ လူမျိုးရေးမုန်းတီးမှုကို ဆန့်ကျင်တဲ့ အမျိုးသမီးလှုပ်ရှားမှုအားလုံးပါဝင်ပါတယ်) တို့အပြင် ကျွန်မတို့အခွင့်အရေးကို တောင်းယူနိုင်ဖို့ တိုက်ခိုက်ရေးနည်းဗျူဟာဖြစ်တဲ့ သပိတ်ပေါ့။ ဒီတောင်းဆိုမှုတွေအားလုံးက ကမ္ဘာနဲ့အဝှမ်း မိန်းမတွေရင်ဆိုင်နေရတဲ့ ဖိနှိပ်မှုကို စနစ်ပိုင်းဆိုင်ရာအထိ အတွင်းကျကျ ကိုင်တွယ်မယ့် လှုပ်ရှားမှုဆီ ဦးတည်သွားမှာဖြစ်ပါတယ်။

__နေသန်__

အောက်ပါဆောင်းပါးကိုသင့်လျော်အောင်ပြန်ဆိုသည်။

https://www.versobooks.com/blogs/3660-organizing-in-the-basement-the-international-women-s-strike

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s