လူအချင်းချင်းပြုထားသော ကျွန်စနစ်ကိုတိုက်ဖျက်ခြင်းနှ င့် အမျိုးသမီးများနေ့

ဒီနေ့ခေတ်တွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို တကမ္ဘာလုံးက ကျင်းပခဲ့ကြသည်မှာ နှစ်ပေါင်း (၁၀၀) ကျော်ရှိလေပြီ။ တစ်နှစ်တစ်ခါ Theme တစ်ခုစီ ကုလသမဂ္ဂအဖွဲ့က ဦးဆောင်ပြီး နိုင်ငံအများအပြားမှာ ကျင်းပကြသည်။ အမျိုးသမီးများအခွင့်အရေးအတွက်ဆိုပြီးတော့ သက်ဆိုင်ရာ နိုင်ငံတော်အဆင့်စီမံကိန်းများ၊ မူဝါဒများ၊ ဥပဒေများပြုကြသည်။ လိင်အပေါ်အခြေခံပြီးဖြစ်သော ခွဲခြားဆက်ဆံမှုများ၊ အကြမ်းဖက်မှုများအတွက်လဲ ဆိုင်ရာဆိုင်ရာ အစီအစဉ်များ၊ မူဝါဒများ စသည်တို့ကို အဆင့်မြင့်အရာရှိကြီးများနျှင့်သော်လည်းကောင်း၊ ဥပဒေပြုရေး ပြည်သူ့ကိုယ်စားလှယ်တော်များနှင့်သော်လည်းကောင်း၊ Gender အရေးကျွမ်းကျင်သူများနှင့်သော်လည်းကောင်း နိုင်ငံအလိုက်က ရေခံမြေခံပေါ်မူတည်ပြီး ကိုယ့်နည်းလမ်းများဖြင့် လုပ်ဆောင်ကြသည်။ သို့သော် ကျမတို့ မေးခွန်းတွေနဲနဲလောက်မေးကြည့်ရအောင်လား။

တကယ်ပဲ လူ့အခွင့်အရေးတွေအပြည့်အဝရကြပြီလား။

တကယ်ပဲ ၎င်းသူတို့လုပ်ဆောင်နေတဲ့ အစီအစဉ်တွေအတိုင်း၊ ဆောင်ပုဒ်တွေအတိုင်း၊ အတွေးအခေါ်တွေအတိုင်းလုပ်နေကြတဲ့ ကျား၊ မတန်းတူညီမျှမှုလို့ သူတို့လှုံ့ဆော်တိုက်တွန်းနေတာတွေဖြစ်ကြပြီလား။

တကယ်ပဲလူ့အဖွဲ့အစည်းတွေမှာ အမျိုးသမီးတွေကို လူသားတွေအဖြစ်လက်ခံအသိအမှတ်ပြု ဆက်ဆံနေကြပြီလား။

လိင်ပေါ်အခြေခံပြီး ဖြစ်တဲ့ ခွဲခြားဆက်ဆံမှုပေါင်းစုံ၊ ဖိနှိပ်ချုပ်ခြယ်မှုပေါင်းစုံ၊ အကြမ်းဖက်မှုပေါင်းစုံကိုမလုပ်ဖို့ လူသားပီပီ တားဆီးနိုင်ကြပြီလား။

ကျမရဲ့ တသီးပုဂ္ဂလအမြင်အရတော့ ကျမတို့တိုက်နေကြတဲ့ Social Justice ရဖို့တောင်းဆိုနေတဲ့ တိုက်ပွဲဟာ အခြေအနေတွေ ပိုပြီးတော့တောင် ခက်ခဲဆိုးရွားကြမ်းတမ်းလာပါသေးတယ်။ ကုန်ထုတ်လုပ်မှုနဲ့ လူတွေရဲ့လုပ်အားကိုအခြေခံပြီး အကျိုးစီးပွားကိုပဲ ကြည့်တဲ့ အရင်းရှင်စနစ်အောက်မှာ ကျမတို့လိုချင်နေတဲ့ တရားမျှတမှုရှိတဲ့ လူ့အဖွဲ့အစည်းဟာ ပိုလို့တောင် ခရီးက ဝေးသွားပါသေးတယ်။ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေများလာတာနဲ့အမျှ ကျမတို့ဟာ တစ်နေ့ထက်တစ်နေ့ စက်ရုပ်တွေလိုဖြစ်လာကြပြီး လူသားဆန်မှု စိတ်ပိုင်းဆိုင်ရာမြှင့်တင်မှုအတွက် ကိုယ့်ဖာသာကိုယ်၊ ကိုယ့်လူ့အဖွဲ့အစည်းကို ဝေဖန်ဆန်းစစ် တွန်းလှန်ဖို့ အင်အားကိုမရှိတော့ပါဘူး။ တစ်နေ့တစ်နေ့ ရှင်သန်မှုအတွက် မနည်းရုန်းကန်နေရတဲ့အခြေအနေမှာ တရားမျှတမှုဆိုတာဟာ ထုထည်အကြီးအမား အခိုင်အခံနဲ့မတည်ရှိတော့ပဲ၊ မိမိတကိုယ်စာ အဆင်ပြေရေး၊ မိမိ မိသားစုအဆင်ပြေရေး၊ မိမိ အိမ်ဝန်းကျင်အဆင်ပြေရေးဆိုတာတွေအောက်မှာ ပျောက်ဆုံးသွားရပြီး ကျမတို့ကိုယ်တိုင်က ဒီစနစ်အောက်မှာ ဘယ်လိုကျွန်ပြုခံထားရလဲဆိုတာတောင်မသိကြတော့ဘူး။ ဒီအခြေအနေတွေဟာ ကျမတို့အတွက် သာမန်ရိုးကျ ပုံမှန် (normalization) ဖြစ်တဲ့အခြေအနေတွေဖြစ်လာတယ်။ ဒါတွေဟာ သဘာဝကျတဲ့အနေအထားတွေဖြစ်လာတယ်။ ဒီလိုအရင်းရှင်စနစ်အောက်မှာ၊ လူအချင်းချင်း ကျွန်ပြုထားတဲ့ စနစ်အောက်မှာ Feminists တွေ တိုက်ပွဲဝင်နေကြတဲ့ ပုံစံဟာလဲ ပြောင်းလဲလာပါတယ်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့သမိုင်းကြောင်း

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဟာ အမျိုးသမီးအလုပ်သမားများကနေစတင်ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ၁၉ ၀၈ ခုနှစ်မှာ နယူးယောက်မြို့က အထည်ချုပ်အလုပ်သမားအမျိုးသမီးများဟာ လုပ်ငန်းခွင်အခြေအနေများကို ဆန္ဒပြခဲ့တာကို ဂုဏ်ပြုတဲ့အနေနဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဆိုပြီး အမေရိကန်ဆိုရှယ်လစ်ပါတီမှ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ၁၉ ၀၉  ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုတွင် စပြီးကျင်းပခဲ့ပါတယ်။ နောက်ပိုင်း သက်ဆိုင်ရာ တိုင်းပြည်များမှာ သက်ဆိုင်ရာ အကြောင်းအရာများအလိုက် ဆက်ပြီး ကျင်းပဆင်နွှဲခဲ့ကြပါတယ်။ စိတ်ဝင်စားစရာကောင်းတာကတော့ နောက်ပိုင်းမှာ ဒီအမျိုးသမီးများနေ့ဟာ ကုလသမဂ္ဂအဖွဲ့အစည်းရဲ့ Agenda အောက်ဝင်သွားပြီး ကုလသမဂ္ဂရဲ့နောက်ဆက်တွဲ သက်ဆိုင်ရာစာချုပ်များပေါ်ပေါက်လာပါတော့တယ်။ တကယ်တော့ အမျိုးသမီးများနေ့ဆိုတာဟာ အလုပ်သမားအမျိုးသမီးများကြောင့် ပေါ်ပေါက်လာတာဖြစ်ပြီး အလုပ်သမားအမျိုးသမီးများရဲ့ လူ့အခွင့်အရေးတိုက်ပွဲကို ဂုဏ်ပြုပေးတာလဲဖြစ်ပါတယ်။ Industrial Revolution ခေတ်ကတည်းက အမျိုးသမီးများဟာ ၎င်းတို့ရဲ့လုပ်ငန်းခွင်အခြေအနေတွေပိုတိုးတက်ဖို့၊ လူ့အခွင့်အရေးအပြည့်အဝရဖို့၊ လုပ်အားခ၊ လုပ်ငန်းခွင်လုံခြုံရေး စတဲ့ အရာတွေအတွက် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ တော်လှန်ရေးတွေရဲ့အစဟာ ခေတ်အဆက်ဆက်ကတည်းက ဖိနှိပ်မှုပေါင်းစွာအောက်မှာ ရှင်သန်နေကြတဲ့ လူတွေကနေစပါတယ်။ စက်မှုခေတ်အခါကတော့ အလုပ်သမားဆိုတဲ့ လူတွေကနေစခဲ့ကြပြီး ဒီနေ့ချိန်ထိလဲ တိုက်ပွဲဝင်နေရတုန်းဖြစ်ပါတယ်။ ၎င်းအလုပ်သမားတိုက်ပွဲတွေဟာ မွေးရာပါလူ့အခွင့်အရေးကိုအသိအမှတ်ပြုဖို့နဲ့ မတရားမှုတွေကိုတွန်းလှန်နေကြတဲ့ တိုက်ပွဲတွေဖြစ်ပါတယ်။ အရင်းရှင်စနစ်အောက်မှာ အဆင့်အတန်းခွဲခြားမှု၊ ထက်အောက်ဖိနှိပ်ဆက်ဆံရေးနဲ့ လူအချင်းချင်း ခေါင်းပုံဖြတ်အမြတ်ထုတ်မှု တွေကြောင့်မို့လို့ ၎င်းဆိုးကျိုးတွေကို အခံရဆိုးဖြစ်တဲ့ အလုပ်သမားအလွှာက နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ ရာခိုင်နှုန်းအများကြီးပါ။ ကျမတို့ မြန်မာပြည်မှာလဲ အာဏာရှင်ခေတ်ကတည်းကစလို့ ဒီနေ့ (သူတို့သတ်မှတ်ထားတဲ့) ဒီမိုကရေစီစနစ်ခေတ်အထိ အလုပ်သမားတွေ၊ လယ်သမားတွေဟာ မတရားမှုတွေအတွက် တိုက်ပွဲဝင်နေရတုန်းပါ။ အရင်းရှင်စနစ်နဲ့အတူ ဖိုကြီးစိုးခြင်း (patriarchy) စနစ်ဟာရှင်သန်ကြီးထွားလာတာနဲ့အမျှ လူ့အဖွဲ့အစည်းရဲ့ အောက်ဆုံးအလွှာက ခွဲခြားဆက်ဆံမှုပေါင်းများစွာ၊ ဖိနှိပ်ချုပ်ခြယ်မှုပေါင်းစွာကို ခံရပါတယ်။ ဒါကြောင့်လဲ bell hooks ပြောထားသလို ကျမတို့ဟာ အရင်းရှင်းစနစ်၊ ဖိုကြီးစိုးခြင်းစနစ်ကို ပြဿနာလို့မြင်ဖို့အရေးကြီးပြီး တရားမျှတမှုရအောင်လို့ တော်လှန်ရမှာဖြစ်ပါတယ်။ ဒီအခြေအနေတွေမြင်လို့ Feminism လှုပ်ရှားမှုများအနေနဲ့ကလဲ ၁၉ ၅၀ ဝန်းကျင်လောက်မှာတော့ လှုပ်ရှားမှုပုံစံပြောင်းခဲ့ကြပါတယ်။ ပထမလှိုင်းစခဲ့တဲ့ ၁၉ ၀၀ ဝန်းကျင်လောက်ကတည်းကတော့ Emma Goldman ဟာ အမျိုးသမီးများမဲပေးခွင့်လှုပ်ရှားမှုကိုမထောက်ခံခဲ့ပါဘူး။ အမျိုးသားတွေပဲရှိပြီး အလုပ်မဖြစ်တဲ့ စနစ်ထဲမှာ ဝင်ပြီးတော့ အမျိုးသမီးတွေကဝင်လုပ်လဲ ဒီစနစ်ဟာပြောင်းလဲလာမှာမဟုတ်ကြောင်းယူဆလို့ သူကတော့ မဲပေးခွင့်လှုပ်ရှားမှုကိုမထောက်ခံပါဘူး၊ မဲပေးခွင့်တောင်းဆိုခြင်းဟာ ဒီစနစ်ထဲမှာ legitimate ဖြစ်အောင်လုပ်နေတာနဲ့အတူတူပဲလို့ယူဆဟန်ရှိပါတယ်။ ၁၉ ၄၉  ခုနှစ်မှာ Simone de Beauvoir ဆိုတဲ့ ပြင်သစ်စာရေးဆရာမ၊ အတွေးအခေါ်ပညာရှင်က “The Second Sex” ဆိုပြီး စာအုပ်ထုတ်ဝေရေးသားပြီးနောက်ပိုင်း  Feminism လှုပ်ရှားမှုဟာလဲ ပြောင်းလဲလာပါတယ်။ Feminism ကိုပညာရပ်တစ်ခုအနေနဲ့လဲလေ့လာခဲ့ကြတယ်၊ နိုင်ငံရေးအယူအဆတစ်ခုအနေနဲ့လဲ ပြောင်းလဲခဲ့ပါတယ်။ ရုပ်ပိုင်းဆိုင်ရာတောင်းဆိုချက် (မဲပေးခွင့်၊ ပစ္စည်းပိုင်ဆိုင်ခွင့်၊ လုပ်အားခရရေး စတာတွေ) တွေပဲမဟုတ်ပဲ လူ့အဖွဲ့အစည်းအတွင်း တည်ဆောက်ထားတဲ့ Gender တည်ဆောက်မှုတွေ၊ လိင်အပေါ်အခြေခံပြီး တည်ရှိနေတဲ့ ခွဲခြားဆက်ဆံမှုတွေ၊ အကြမ်းဖက်မှုတွေ၊ ထက်အောက်ဖိနှိပ်ထားတဲ့ နိုင်ငံရေးစနစ်တွေ စတာတွေကိုဝေဖန်ပြောဆိုလာခဲ့ကြပါတယ်။ Gender ဆိုတဲ့ အယူအဆကလဲ ကျား၊ မ နှစ်မျိုးတည်းမှာ တည်မနေတော့ပဲ spectrum အနေနဲ့မြင်ကြပြီး ကျယ်ပြန့်တဲ့ လေ့လာမှုတွေလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ခေတ်တွေပြောင်း၊ လူ့အဖွဲ့အစည်းတွေဟာ ပြောင်းလဲလာတဲ့အခါမှာ Feminism လှုပ်ရှားမှုများဟာ လူတန်းစားအလွှာတွေပေါ်အခြေတည်ပြီး ပေါ်ပေါက်လာတာတွေလဲရှိလာပါတော့တယ်။

မြန်မာပြည်

မြန်မာပြည်မှာ လွန်ခဲ့တဲ့ ၂နှစ်ကျော်၊ ၃ နှစ်လောက်အထိက Feminist နဲ့ Feminism ဆိုတဲ့ စကားလုံးဟာ “F-word” အနေနဲ့တည်ဆောက်ထားကြပါတယ်၊ မြင်ကြပါတယ်၊ မကောင်းဆိုးဝါးတစ်ခုလိုယူဆကြပါတယ်၊ အစွန်းရောက်ဆိုပြီး တာလီဘန်တွေနီးနီးလောက်ကို ဝေဖန်ပြောဆိုကြပါတယ်။ ကျနော်၊ ကျမက ကျား၊ မခွဲခြားဆက်ဆံမှုကိုလုံးဝမကြိုက်ပါဘူး၊ ဒါပေမယ့် feminist တော့မဟုတ်ဘူး၊ Feminism တော့မထောက်ခံဘူးလို့ဆိုလာတာတွေမြင်ရပါတယ်။ တကယ်တော့ feminism ဆိုတာဟာ လက်ရှိနိုင်ငံရေးအခင်းအကျင်းစနစ်ထဲကနေပြောဆိုနေတာမဟုတ်ပဲနဲ့ ခွဲခြားဆက်ဆံမှုတွေ၊ လူအချင်းချင်း ကျွန်ပြုမှုတွေ၊ အကြမ်းဖက်တာတွေ စတာတွေဟာ စနစ်ကြောင့်ဖြစ်ပြီး အဲဒီစနစ်ကိုတိုက်ဖို့အတွက် ကျမတို့ဟာ တော်လှန်ရေးစိတ်ဓာတ်နဲ့ feminist တွေဖြစ်ဖို့လိုအပ်တယ်လို့ပြောနေတဲ့ နိုင်ငံရေးအယူအဆတစ်ခု၊ ပညာရပ်တစ်ခုဖြစ်ပါတယ်။ ဆိုတော့ကာ ကျမတို့ဟာ လူအများစုက feminist တွေ၊ feminism movement လို့ဆိုလိုက်ရင် နှာခေါင်းရှုံ့ကြလို့ ငါတော့ feminist မဟုတ်ဘူး၊ ဒါပေမယ့် ကျား၊ မခွဲခြားဆက်ဆံတာမကြိုက်ဘူးဆိုပြီး လူပိန်းကြိုက်ပြောတာလား၊ တကယ်ပဲ feminism ကိုပညာရပ်တစ်ခုအနေနဲ့ မလေ့လာဖူးလို့၊ နကန်းတလုံးမှမသိလို့ အလွယ်တကူ သူများကမကောင်းဘူး၊ အစွန်းရောက်တယ်ဆိုတာနဲ့ ကိုယ်ကလဲ အင်း၊ အဲ၊ ဟုတ်တယ်ဆိုပြီးပြောတာလား ကိုယ့်ဖာသာကိုယ် မညှာမတာ မလိမ်ဖို့လိုအပ်ပါတယ်။ “I am a gender activist, but I am not a feminist.” ဆိုတာတွေဟာ မြန်မာပြည်မှာ ဖန်တရာတေနေတဲ့ စာကြောင်းပါ။ ဒါပေမယ့် မြန်မာပြည်ဟာ pop culture အင်မတန်ထွန်းကားတဲ့တိုင်းပြည်လို့ ကျမယူဆပါတယ်။ အခု ၂၀၁၈ အချိန်လောက်မှာ feminism ဟာ တကမ္ဘာလုံးမှာ ပြန်ပြီးဦးမော့လာလို့ မြန်မာပြည်မှာလဲ ခေတ်စားလာပြန်ပါတယ်။ အရင်က I am not a feminist ဆိုသူများဟာ Feminism ဆိုသောပညာရပ်တစ်ခုကို အလွယ်တကူသုံးစွဲကြပြီး မြန်မာပြည်ရဲ့အခြားသော pop culture များအောက်ဆွဲသွင်းနေတာတွေ့ရပါတယ်။ တသီးပုဂ္ဂလများအနေနဲ့ဒါဟာ ပြဿနာမရှိသော်ငြား မြန်မာပြည်လို ဆင်းရဲပြီး အာဏာရှင်စနစ်က အဖက်ဖက်ကနေ ဖျက်ဆီးထားတဲ့ လူ့အဖွဲ့အစည်းမှာ ပြဿနာအကြီးကြီးပါ။ Feminism ဆိုတာဟာ နိုင်ငံရေးအယူအဆတစ်ခုအနေနဲ့မြင်မိဖို့ ခဲယဉ်းသွားပါမယ်၊ Mainstream ပုံစံနဲ့လှုပ်ရှားဖို့၊ ခေတ်မီအောင် ငါလဲ feminist လိုက်မယ်ဆိုရင် feminism ရဲ့ အဓိကတိုက်နေတဲ့ patriarchy capitalist society ဆိုတာကိုရောက်အောင်မသွားနိုင်ပဲနေမှာပါ၊ တစ်သီးပုဂ္ဂလလွတ်လပ်ခွင့်၊ လွတ်မြောက်ခွင့်လဲအရေးကြီးသလို လူ့အဖွဲ့အစည်းတစ်ခုလုံးလွတ်မြောက်ဖို့ကသာလို့တောင်အရေးကြီးပါတယ်။ မလွတ်မြောက်နေတဲ့ လူ့အဖွဲ့အစည်းမှာ ကိုယ်တစ်ဦးတည်း individual liberation ရနေလို့မရပါဘူး၊ ဒါဟာ အမှန်တကယ်လွတ်မြောက်နေတာမဟုတ်ပါဘူး။ ကျွန်စနစ်ကနေလွတ်မြောက်ချင်တယ်ဆိုရင်တော့ လူ့အဖွဲ့အစည်းရဲ့တည်ဆောက်ပုံအရဖြစ်နေတဲ့ ထက်အောက်ဖိနှိပ်ချုပ်ခြယ်မှုတွေ၊ အလွှာခွဲခြားမှုတွေ စတာတွေကိုတိုက်ထုတ်ပစ်ဖို့အင်မတန်အရေးကြီးပါတယ်။ ကိုယ်တစ်ဦးတည်းက အခွင့်ထူးခံ (privileged) ဖြစ်နေလို့လားဆိုတဲ့ အခြေအနေမှန်ကိုလဲ ဆန်းစစ်ဖို့အရေးကြီးပါတယ်။ ကိုယ်တော်နေ၊ တတ်နေတာဟာ ပါရမီပါတာလား (ဒီနေရာမှာ ပါရမီဆိုတဲ့အရာဟာလဲ အခွင့်ထူးခံတစ်ရပ်ဖြစ်တယ်လို့တော့ ကျမကယူဆတယ်၊ မွေးရာပါ ပါလာတာမဟုတ်ပဲနဲ့ အခွင့်ထူးခံအခြေအနေတွေနဲ့ မွေးဖွားလာလို့သာ သူများထက်ခေါင်းတစ်လုံးသာတယ်လို့ယူဆနိုင်တာ၊ ပါရမီဆိုတာဟာလဲ တည်ဆောက်ထားတဲ့အရာပဲဖြစ်တယ်)၊ သူများတွေမှာမရှိတဲ့အခြေအနေတွေကိုယ့်မှာရှိလို့သာ လက်လှမ်းမီအလွယ်တကူရနေတာလား မညှာမတာဝေဖန်ဆန်းစစ်ဖို့လိုပါတယ်။ မြန်မာပြည်လို့အဖက်ဖက်က ချွတ်ခြုံကျနေတဲ့ လူ့အဖွဲ့အစည်းမှာ ပေါ်ပင်တွေချည်းပဲ အဓိကအရာဖြစ်နေတာဟာ ဒီလူ့အဖွဲ့အစည်းကောင်းဖို့မဖြစ်လာပါဘူး။ ပိုပြီးဆုတ်ယုတ်သွားဖို့ပဲရှိပါတယ်။ ပြီးတော့ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေလူများရဲ့အသံ၊ အတွေးအခေါ်များကို ထည့်သွင်းမစဉ်းစားပဲ ကိုယ်ရဲ့ အခွင့်ထူးခံအနေအထားကနေပြီးတော့ သူတို့က မကြိုးစားကြလို့ အခွင့်အရေးမရကြတာပါလို့ပြောတာဟာ စစ်အာဏာရှင်များလိုပဲ သိမ်ဖျင်းလွန်းရာကြပါတယ်။ အလွှာစုံကအနေအထားအစုံကိုမြင်နိုင်ဖို့အရေးကြီး ကျမတို့တကယ်တိုက်ပွဲဝင်နေတာဟာ လူအချင်းချင်းကျွန်ပြုထားတဲ့စနစ်အောက်ကနေလွတ်ပြီး လူသားအဖြစ်လွတ်လပ်စွာရှင်သန်ချင်လို့ပဲဖြစ်ပါတယ်။ မည်သို့သော ကျွန်ပြုခြင်းကိုမှလက်မခံပဲ ဒီအရင်းရှင်ဖိုကြီးစိုးနေတဲ့ စနစ်ကြီးတစ်ခုလုံးကို တော်လှန်ပစ်ဖို့ လူသားဆန်တဲ့ နှလုံးသားတွေရှိရင်ကိုပဲ ကျမတို့တိုက်ပွဲဟာ တစ်ဝက်နီးပါးလိုရာခရီးရောက်နိုင်တယ်လို့ယူဆမိပါတယ်။

ဤဆောင်းပါးဖြင့် မတရားမှုအတွက်တိုက်ပွဲဝင်နေကြသူများအားလုံးကို ဂုဏ်ပြုပါတယ်။

__သက်ဝေ__

 

17-CTEK-2509-FEBMarch-imagesuites-unionmaids-640x359

Photo: http://www.bam.org

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s