ကြီးလေးကြီး နှင့် အကြမ်းဖက်မှု

ကြီးလေးကြီး ရုပ်ရှင်ဇာတ်ကားကြီးကို ဇန်နဝါရီလ ၁၉ ရက်နေ့ကစပြီးတော့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံကြီး ၆၄ ရုံမှာ ပြသနေတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကို ချင်းတွင်းတာရာရဲ့ဇာတ်ညွှန်းကို ဇာတ်လမ်း၊ ရိုက်ကွင်းဇာတ်ညွှန်းနှင့် ဒါရိုက်တာ ပြည်ဟိန်းသီဟ က ပုံဖော်ရိုက်ကူးထားပြီး လူမင်း၊ ခန့်စည်သူ ၊ အိဒြာကျော်ဇင်၊ ခိုင်သင်းကြည် တို့ကဦးဆောင်ပြီး အခြားသော ဟာသသရုပ်ဆောင်တွေက ဝိုင်းဝန်းပံ့ပိုးသရုပ်ဆောင်ထားတဲ့ ဟာသကားတစ်ကားပဲဖြစ်ပါတယ် ။
ဇာတ်လမ်းကမြန်မာဟာသဇာတ်ကားပါပဲ ။ ကျေးရွာတစ်ရွာမှာ အခြေခံထားပြီး အဓိက စုံတွဲနှစ်တွဲရဲ့ အလွဲတွေကိုဟာသအနေနဲ့ ရိုက်ကူးထားတာပါ ။ အဓိကဇာတ်ကောင် လေးယောက်နဲ့ အရံ စုစုပေါင်း လူအယောက် ၂၀လောက်နဲ့ နှစ်နာရီနီးပါး ရုပ်ရှင်ဇာတ်ကားတစ်ခုပါပဲ ။ လူပျိုကြီးနှစ်ယောက်ဖြစ်တဲ့ ရွာရဲ့အုပ်ချုပ်ရေးမှူး အုပ်ကြီး(လူမင်း)နဲ့ ကပ်စေးနဲလူပျိုကြီး ကိုမောင်ကြီး(ခန့်စည်သူ)တို့က ရွာရဲ့အပျိုကြီးနှစ်ယောက်ဖြစ်တဲ့ အပေါင်ဆိုင်ဖွင့်ထားတဲ့ အိဒြာကျော်ဇင်(တင်တင်ကြီး)နဲ့ ရွာပတ်ပြီးအတင်းပြောလို့ အာကြီးလို့ခေါ်ကြတဲ့ တင်တင်လေး(ခိုင်သင်းကြည်)တို့ လေးယောက်တို့အကြားဇာတ်အိမ်တည်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ရွာအုပ်ချုပ်ရေးမှူး(အုပ်ကြီး)က အတင်းတုတ်တဲ့အမျိုးသမီးကိုကြိုက်ပြီး ကပ်စေးနဲလူပျိုကြီးက အပေါင်ဆိုင်ဖွင့်ထားတဲ့အပျိုကြီးကိုကြိုက်ပြီး ချစ်ရေးဆိုရာမှာအလွဲလွဲ အချော်ချော်တွေဖြစ်ပြီး အတွဲတွေမှားတာ၊ လူပျိုကြီးတွေက သူတို့ချစ်တဲ့ကောင်မလေးတွေကို ရဖို့ပြန်ကြိုးစားတာ စတဲ့အခန်းတွေနဲ့ ဟာသလုပ် ရိုက်ကူးထားတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။
ဟာသဇာတ်ကားတွေက လာရောက်ကြည့်ရှုတဲ့ရုပ်ရှင်ကြည့်ပရိတ်သတ်ကို ရယ်မောပျော်ရွှင်အောင်ပြုလုပ်ပေးတာမျိုးပါ။ ဟာသကားဖြစ်တဲ့အတွက် ဇာတ်ဝင်ခန်းတစ်ခုစီတိုင်းက လူတွေကိုနှစ်ခြိုက်ရယ်မောစေနိုင်မှ ဟာသကားဖြစ်တာပါ ။ရုပ်ရှင်တွေက လူတွေကို အသိပညာဗဟုသုတ ယဉ်ကျေးမှုစတာတွေကို သင်ကြားပေးပါတယ် ။ ဟာသကားတွေကရော လူတွေကို အသိပညာပေးစွမ်းနိုင်ပါတယ် ။ ဇာတ်ကွက်တွေတိုင်းက လူတွေကိုရယ်မောစေဖို့ဆိုသော်ငြားလည်း တချို့သောဟာသတွေက လူနည်းစုတစ်ချို့ကို လှောင်ပြောင်နေသလိုဖြစ်နေတဲ့အခါ တချို့ဟာသတွေကနေ ကြည်နေတဲ့သူတွေကို အတွေးမှားတွေရောက်ရှိသွားစေနိုင်တဲ့အခါ ဒီလိုရုပ်ရှင်မျိုးက အန္တရာယ်ရှိနေပါပြီ။ အခုလည်း ဒီ “ ကြီးလေးကြီး” ရုပ်ရှင်ကားက ခြားနားသန်စွမ်းသူတွေကိုဟာသအဖြစ်ပြုလုပ်ထားခြင်း တချို့သောဒိုင်ယာလောခ့်တွေက အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကို အားပေးအားမြှောက်မှုဖို့ တိုက်တွန်းနေတာမျိုးတွေရှိပါတယ် ။ ဘယ်လိုမျိုးတွေနဲ့ဟာသအဖြစ်ဖန်တီးထားတယ်ဆိုတာ ကြည့်ရအောင်
ရွာရဲ့အုပ်ချုပ်ရေးမှူး အုပ်ကြီးက အတင်းတုတ်တဲ့အပျိုကြီးတင်တင်လေးကိုကြိုက်ပါတယ်။ အုပ်ကြီးက ရွာမှာလာဘ်စား၊ ရွာသူရွာသားတွေဆီက ဘာလုပ်ဖို့ညာလုပ်ဖို့ဆိုပြီးပိုက်ဆံတွေတောင်း ဘက်လိုက်တတ်ပြီး ကိုယ့်အတွက်ပဲကိုယ်ကြည့်တတ်တဲ့သူမျိုးမို့ တရွာလုံးရဲ့ချဉ်ပတ်ပါ။ ဒါပေမယ့်လူကြီးဆိုတော့လည်း အားလုံးကရှိန်ကြတာပေါ့။ အုပ်ကြီးက တင်တင်လေးကိုကြိုက်တော့ အိမ်ချင်းကလည်းကပ်နေတော့ အနောက်ကနေခိုးကြည့်၊ ပြီးတော့ တင်တင်လေးအချစ်ကိုရဖို့ဘယ်လိုလုပ်ရမယ်ဆိုတာ သူ့တပည့်ဆီကအကြံတောင်းတယ်။ အဲ့ဒီမှာသူ့တပည့်က “ လွယ်ပါတယ်အုပ်ကြီးရာ အဓမ္မကျင့်လိုက်ပေါ့ ” ဆိုပြီးပြောလိုက်တယ်။ ဒီစကားက အင်မတန်ကြောက်ဖို့ကောင်းတဲ့စကားပါပဲ။ မိန်းမတစ်ယောက်ရဲ့်အချစ်နဲ့ ကာမကို ယူတဲ့အခါ သူ့ရဲ့ သဘောတူညီချက် က အရေးမကြီးဘူး။ မုဒိန်းကျင့်လိုက်ရင်ပိုင်သွားပြီဆိုတာ တဲ့ သတင်းအချက်အလက် က အင်မတန်အန္တရာယ်ရှိပါတယ်။ ယောင်္ကျားတစ်ယောက် အမျိုးသမီးတစ်ယောက်ကို လွယ်လွယ်နဲ့ အဓမ္မမှုကို ပြုကျင့်ဖို့ အားပေးအားမြှောက်ပြုလိုက်သလိုပါပဲ။ မုဒိန်းကျငိ့တာဟာ ပုံ့မှန်လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတခုလိုဖြစ်နေတယ်။
နောက်တစ်ခုက လူပျိုကြီးနှစ်ယောက် သူတို့ကြိုက်တဲ့ကောင်မလေးတွေကိုရည်းစားစာပေးတဲ့အချိန်မှာ လွဲချော်တာတွေဖြစ်ပြီး စာတွေလူမှားရသွားတော့ ကောင်မလေးတွေက တကယ်ထင်ြ့ပီး ရည်းစားရသွားတဲ့အခါ သူတို့တကယ်ချစ်တဲ့သူကို ဘယ်လိုရအောင်ကြံရမလဲဆိုတာ ရွာပြင်မှာဆွေးနွေးကြတယ်။ အဲ့ဒီအခါ ရွာသူကြီးက လူပျိုကြီးကပ်စေးကို မင်းကောင်မလေးခေါင်းကို ရိုက်ပြီး ခိုးပြေး၊ ငါကဒီအမှုကို မသိချင်ယောင်ဆောင်ပေးမယ် ၊ လူပျိုကြီးကပ်စေးနဲကလည်း ရွာသူကြီးကို “အုပ်ကြီးက ပါဝါသုံးပြီးကောင်မလေးကိုပြန်ပေးဆွဲ” ဆိုတဲ့စကားတွေနဲ့ အမျိုးသမီးအပေါ်ကိုယ်ထိလက်ရောက်အကြမ်းဖက်စေရန် အားပေးအားမြှောက်ပြုထားတယ်။ နဂိုကထဲက မှ လုံခြုံမှုမပေးထားတဲ့ ပတ်ဝန်းကျင်တွေမှာ နေထိုင်သွားလာနေရတဲ့ အသက်အရွယ် မျိုးစုံ အမျိုးသမီးများအပေါ် အချိန်မရွေးနေရာမရွေး ပုံစံအမျိုးမျိုးနဲ့ အမျိုးသားများက အကြမ်းဖက်နိုင်သည်ဟူသော အတွေးများစိတ်ထဲရောက်သွားနိုင်တယ်လို့ သုံးသပ်မိပါတယ်။ အမျိုးသမီးတယောက်ကို အဓမ္မပြုကျင့်လိုံ့ရတယ်လို့ သတင်းအချက်အလက်ပေးသလိုဖြစ်သွားတယ်။ ရှေ့နှစ်ပေါင်းလပေါင်းများစွာက ကျွန်မတို့ကြားသိမြင်ခဲ့ရသော သက်ငယ်မုဒိမ်းမှုများ၊ ဒဂုန်စင်တာဓားထိုးမှုများ၊ ရည်းစားဟောင်းက အက်စစ်နှင့်အပက်ခံရမှုများနှင့် လတ်တလောကြုံတွေ့ထားရသည့် တက္ကစီဒရိုင်ဘာက အမျိုးသမီးတစ်ဦးကို အကြမ်းဖက်အဓမ္မပြုကျင့်ခံရတာကို သွားပြီးတွေးမိတယ်။ မုဒိန်းကျင့်မှုက ဟာသ တခု လောက် အဆင့်ရောက်သွားပြီး ရယ်နိုင်တဲ့အထိယဉ်ပါးနေပြီဆို ဥပဒေတခုပြဌာန်းလိုက်ရုံနဲ့ပဲ အမျိုးသမီးတွေ လုံခြုံသွားပြီလား။မီဒီယာတွေက ပေးနေတဲ့ သတင်းအချက်တွေ က လူတွေရဲ့ စိတ်နှလုံးကို အတွင်းထဲအထိရောက်မှန်းမသိရောက်စေနိုင်တယ်။
ဒီဇာတ်ကားပါ ဟာသဇာတ်ဝင်ခန်းတွေက ခြားနားသန်စွမ်းမှုကိုအကြောင်းပြီး ရယ်စရာဟာသဇာတ်ကွက်များဖန်တီးထားသော်လည်း လာရောက်ကြည့်ရှုသူပရိတ်သတ်များက သဘောကျ နှစ်ခြိုက် တာကို အံ့သြမိတယ်။ ‘အာရောဂျံ’ အမည်ရှိ ထမင်းဆိုင်တစ်ဆိုင်တွင် ကိုယ်ခြားနားသူ။အမြင်အာရုံချို့တဲံသူ၊ အကြားအာရု့သူနှင့် စကားမပြောနိုင်သူ လူလေးဦးက ဆိုင်အကူများအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအစပိုင်းမှာ ထမင်းဆိုင်ကို စားသုံးသူတွေလာရောက်တဲ့အချိန် ဆိုင်ရှင်က အိမ်သာသွားနေလို့မရှိဘူး။ ဒီတော့ ခြားနားသန်စွမ်းသူတွေက ဧည့်ခံတဲ့အခါ အလွဲအမှားတွေဖြစ်တယ်။ အဲဒီတော့ လာစားတဲ့သူတွေက ဒီဆိုင်မှာအကောင်းတွေတစ်ယောက်မှမရှိကြတော့ဘူးလား။ ကောင်းတဲ့သူတစ်ယောက်လောက်လာပါအုံးဟလို့ အော်ခေါ်တဲ့အကြောင်းပါ တယ်။ တကားလုံးမှာ ဒီအခန်းကို ပရိသတ်က အရယ်ဆုံးပါပဲ။ ခြားနားသန်စွမ်းသူတွေ ဟာ ဟာသလုပ်စရာလား။ လူမဟုတ်တော့ဘူးလား။ မသန်စွမ်းဖြစ်သွားရင်သုံးစားလို့မရတော့ဘူးလား။ ခြားနားသန်စွမ်းသူတွေက ဘယ်နေရာမှာမှအသုံးမဝင်ဘူးလား စတဲ့အတွေးတွေဝင်မိပါတယ်။ ပြီးတော့ ထမင်းပန်းကန်တွေနဲ့ ဟင်းခွက်တွေချခိုင်းတဲ့အခါ ပိုလီယိုဖြစ်နေတဲ့သူကိုချခိုင်းတယ်။ ပိုလီယိုဖြစ်ပြီးအကြောဆွဲနေတော့ လာချတဲ့ဟင်းခွက်တွေက ဖိတ်ကုန်တယ်။ ဒီဇာတ်ကားထဲမှာပါပဲ နောက်ထပ်ထမင်းဆိုင်ခန်းတစ်ခုမယ် အဲ့ဒီပိုလီယိုကောင်လေးက ထမင်းဟင်းပန်းကန်တွေချတဲ့အခါမှာတော့ ဖိတ်တာပေတာတွေမရှိတော့ဘူး။ ပိုလီယိုရောဂါဖြစ်ပြီး အကြောဆွဲနေတာကိုအကြောင်းပြုပြီး ရယ်စရာအဖြစ်ဖန်တီးထားခြင်းပါပဲ။ ဆိုင်မှာဒီလိုဝန်ထမ်းတွေခန့်ထားလို့ ခန့်စည်သူက မင်းတို့ဆိုင်နာမည် “အာရောဂျံကနေ ဂီလာနထမင်းဆိုင”်လို့သာပြောင်းလိုက်ပါတော့ဆိုပြီး ပြောသွားတယ်။ ပြောချင်တာက တဆိုင်လုံးတစ်ယောက်မှသုံးစားလို့မရဘူးလို့ ပြောလိုက်တာပါပဲ။ ဒီဇာတ်ကားမှာကရုပိပိုင်းဆိုင်ရာကို အကြောင်းပြုပြီး ရယ်စရာဖြစ်အောင်ပြုလုပ်ထားတယ်။ အမြင်အာရုံချိတဲ့သူတွေက အခြားသောသူတွေထက် အကြားအာရုံအားကောင်းတယ်ဆိုတာမျိုးတွေ ကြားဖူးပေမယ့် ဒီဇာတ်ကားမှာတော့ တမင်ရယ်စရာဇာတ်ကွက်အဖြစ် ဖန်တီးထားတယ်။ အခြားသောခြားနားသန်စွမ်းသူများလည်း အတူတူပါပဲ။
သို့ပေမယ့် ထိုဇာတ်ဝင်ခန်းများကို လာရောက်ကြည့်ရှုတဲ့ပရိတ်သတ်တွေက အလွန်တရာနှစ်ခြိုက်သဘောကျနေတာပါပဲ။ စဉ်းစားစရာက ကျမ တို့ မြန်မာရုပ်ရှင်ကြည့်ပရိတ်သတ်များ က ခြားနားသန်စွမ်းသူများကို ရယ်စရာအဖြစ် တွေးထင်နေကြပြီလား။ ရုပ်ပိုင်ူးဆိုင်ရာ အမျာူနဲ့မတူညီမှုသည် အသုံးမကျ ပြစ်တင်ရှုံ့ချစရာလား။ မသန်စွမ်းသူများကို လေးစားပါဟူသောစကားက် ဒီဇာတ်ကားထဲမှာ ပျောက်ကွယ်နေတယ်။ နိုင်ငံတကာမှာ ခြာူနားသန်စွမ်းသူများနှင့်ပတ်သတ်ပြီး ရုပ်ရှင်ဇာတ်ကားများကို ရိုက်ကူးပြသသည့်အခါတွင် ကြည့်ရှုသူများအဖို့မူ အရမ်းကောင်းပြီးအတုယူစရာများနှင့် တွေးခေါ်စရာတွေအပြည့်နှင့်ကျန်ရစ်ခဲ့လေ့ရှိတယ်။ ဥပမာ – စတီဗင်ဟော့ကင်း အကြောင်းရောက်ကူးထားတဲ့ Theory of Everything ဇာတ်ကား ဆိုရင်ကြည့်ရတဲ့သူများအတွက် ခြာူနားသန်စွမ်း သော သိပ္ပံပညာရှင် က စံပြဇာတ်ကောင့်ဖြစ်တယ်။် မြန်မာ့ရုပ်ရှင်မှာမူ မသန်စွမ်းသူများသည် ရယ်စရာသတ္တဝါ၊ အသုံးမကျတဲ့နှိမ်စရာသတ္တဝါအဖြစ် ပုံဖော်ပြသကြတယ်။ယခု ဒီဇာတ်ကားတွင်လည်း ကိုယ်အင်္ဂါခြားနားမှု အမြင်အာရုံ မရသူ အကြားအာရုံမရသူ ကိုအခြေခံသည့် လူလေးယောက်၏ ဇာတ်ဝင်ခန်းများကို ထည့်သွင်းပြသထားတယ်။်။ ယင်းရုပ်ရှင်ကို လာရောက်ကြည့်ရှုကြသည့် ပရိတ်သတ်များကလည်း ဒီလိုမသန်စွမ်းသူများကိုဟာသလုပ်ထားခြင်းကို ပို၍ နှစ်ခြိုက်ပြီးရယ်မောကြခြင်းကိုလည်း တွေ့ရပါတယ်။ မြန်မာပြည်မှာ မစုပုံချစ်တို့လိုခြားနားသန်စွမ်းလူတွေအတွက် စံပြ အမျိုးသမီးတွေအများကြီးရှိပါတယ်။ သူတို့အကြောင်းကို ပိုက်ဆံများများသုံးပြီးနာမယ်ကြီးရုပ်ရှင်ရုံတွေမှာပြသတာတခါမှမကြုံဖူးသေးပါဘူး။
် မြန်မာဟာသကားတွေကခြားနားသန်စွမ်းသူတွေ၊ တိုင်းရင်းသားဖြစ်ခြင်းကြောင့် စကားဝဲတာတွေ၊ လိင်မတူကွဲပြားမှုအပေါ်၊အသားအရောင်ကွဲပြားမှုအပေါ်အခြေခံပြီး ဟာသအမြင်ဖြင့် ရယ်စရာအဖြစ် မီးမောင်းထိုးသရုပ်ဖော်ရိုက်ကူးတာတွေများပါတယ်။ ရုပ်ရှင်ကိုရုပ်ရှင်လို့ပဲမြင်ပေမယ့် တချို့သောဇာတ်ဝင်ခန်းတွေကလည်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို အားပေးအားမြှောက်ပြုနေတာမျိုးတွေလည်း တွေ့ရပါတယ်။ ဒီလိုမျိုးဇာတ်ကားတွေက မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ ရုပ်ရှင်ရုံကြီးတွေမှာ ရုံပြည့်ရုံလျံအားပေးမှုတွေရလေ့ရှိပြီးလာကြည့်တဲ့သူတွေကလည်း ဆယ်ကျော်သက် လူငယ်လူရွယ်တွေများတယ်။ ရုပ်ရှင်တွေက လူတစ်ဦးတစ်ယောက်ရဲ့စိတ်ကို အလွန်လွှမ်းမိုးနိုင်ပါတယ်။ ရုပ်ရှင်တွေက အသိပညာဗဟုသုတနဲ့ အတုယူစရာတွေရပါတယ်။ ဒါပေမယ့် အထက်မှာရေးထားခဲ့တဲ့ မြန်မာရုပ်ရှင်ဇာတ်ကားတွေရဲ့ တလွဲမီးမောင်းထိုးမှုတွေက လာကြည့်တဲ့လူငယ်တစ်ယောက်စီတိုင်းကို သက်ရောက်မှုတွေများစွာရှိပါတယ်။ ခွဲခြားဆက်ဆံနေတာကို ခွဲခြားဆက်ဆံနေတယ်လို့မမြင်တာ ၊ အကြမ်းဖက်မှုကို အားပေးအားမြှောက်ပြုနေပေမယ့် အားပေးရာရောက်မှန်းမသိတာ စတာတွေက အလွန်အမင်းစိုးရိမ်စရာပဲဖြစ်ပါတယ်။ ဒါတွေက ဟာသအဖြစ်နဲ့ပြသဖို့ မသင့်တော်ပါဘူး။ ဒါတွေကရယ်စရာမဟုတ်ပါဘူးလို့ ကျွန်မတို့က ဒီလိုဇာတ်ကားတွေကိုရိုက်ကူးပုံဖော်နေတဲ့ဒါရိုက်တာတွေကို ပြောရမှာလား။ ပါဝင်သရုပ်ဆောင်နေတဲ့ မင်းသားမင်းသမီးနဲ့ အရံအပေါင်းအပါတွေကိုပြောရမှာလား ။ ရုပ်ရှင်အစည်းအရုံးကလူကြီးတွေရောဒီလိုရုပ်ရှင်တွေကို ကျေနပ်နှစ်ခြိုက်စွာ ကြည့်ရှု့နေကြတဲ့လူငယ်တွေကိုဒါတွေကရယ်စရာဟာသတွေမဟုတ်ပါဘူးလို့ ကျမ ဘယ်လိုပြောရပါ့မလဲ။

__စုလေးငုံ__

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s